Wednesday, December 27, 2017

The Voice

ကရင်နီတပ်ဖွဲ့ဝင်များ သေဆုံးမှု ဥပဒေမဲ့လုပ်ခဲ့ခြင်းမရှိဟု တပ်မတော် ထုတ်ပြန် ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ တပ်ဖွဲ့ဝင် ၃ ဦးနှင့် အရပ်သား ၁ ဦးတို့ ကယားပြည်နယ် လွိုင်ကော်မြို့၌ သေဆုံးခဲ့မှုတွင် KNPP က စွပ်စွဲထားသကဲ့သို့ ယင်းတပ်ဖွဲ့ဝင်များကို ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်း မဟုတ်ကြောင်း လွိုင်ကော်မြို့နယ် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) က ထုတ်ပြန်လိုက်သည်။ ယင်းထုတ်ပြန်ချက်တွင် KNPP က စွပ်စွဲထားသကဲ့သို့ ယင်းတပ်ဖွဲ့ဝင်များကို ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ဥပဒေမဲ့လူမဆန်စွာ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ခြင်းတို့မဟုတ်ဘဲ တပ်မတော် နယ်မြေရှင်းလင်းရေး စစ်ကြောင်းများနှင့် အဖွဲ့အစည်းတံဆိပ် တပ်ဆင်ထားခြင်းမရှိသော ဘက်တံဆိပ်မပါသော ပြောက်ကျားယူနီဖောင်း ဝတ်ဆင်ထားသည့် လက်နက်ကိုင် ငါးဦးနှင့်သာ တွေ့ဆုံတိုက်ပွဲဖြစ်ပွား၍ တိုက်ပွဲတွင် ထိမှန်သေဆုံးသည့် အလောင်းလေးလောင်း၊ လက်နက်သုံးလက်ရရှိခဲ့သည့် ဖြစ်စဉ်သာ ဖြစ်ပွားခဲ့ကြောင်း ရှင်းလင်းချက် ထုတ်ပြန်ခဲ့သည်။ သို့သော် တိုင်းရင်းသားလက်နက်ကိုင် တပ်ပေါင်းစုအဖွဲ့ဖြစ်သော UNFC ကမူ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ တပ်ဖွဲ့ဝင် ၃ ဦးနှင့် အရပ်သား ၁ ဦးတို့ ကယားပြည်နယ် လွိုင်ကော်မြို့တွင် သေဆုံးခဲ့မှုနှင့်ပတ်သက်၍ အမှုမှန်ကို စုံစမ်းဖော်ထုတ်ပေးရန် သဘောထားထုတ်ပြန်ခဲ့သည်။ ဒီဇင်ဘာလ ၂၀ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့နယ်၊ ပါလောင်းကျေးရွာနှင့် ဒေါတခြားကျေးရွာအကြား ခုနစ်မိုင်ရှိ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ ယာယီစစ်ဆေးရေး ဂိတ်တစ်ခုကို တပ်မတော်ဘက်က လာရောက်စီးနင်းကာ KNPP တပ်ဖွဲ့ဝင်သုံးဦးနှင့် အရပ်သားတစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း KNPP က စွပ်စွဲထားခြင်း ဖြစ်သည်။ အဆိုပါ ဖြစ်ရပ်သည် လက်ရှိဖော်ဆောင်နေသည့် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းကို နှောင့်နှေးကြန့်ကြာစေနိုင်ပြီး နှစ်ဖက် တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ရရှိထားသည့် ယုံကြည်မှုကိုလည်း ထိခိုက်စေနိုင်ကြောင်း UNFC က ဒီဇင်ဘာလ ၂၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ပွင့်လင်းမြင်သာမှုရှိသော စုံစမ်းစစ်ဆေးရေးနှင့် တရားမျှတမှု ပေါ်ပေါက်ရေးတို့အတွက် တပ်မတော်အနေနှင့် အမြန်ဆုံးဖော်ဆောင်ပေးရန် အဆိုပါ ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။ အဆိုပါ ပြဿနာသည် အစိုးရနှင့် UNFC တို့ ဆွေးနွေးနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်နိုင်ခြေရှိသည့် ဖြစ်ရပ်တစ်ခုဖြစ်ပြီး ဘက်မလိုက်သည့် စုံစမ်းစစ်ဆေးရေး လိုအပ်ကြောင်း UNFC တပ်ပေါင်းစု၏ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းဇော်က The Voice သို့ ပြောကြားသည်။ “ဒီကိစ္စက ရထားတဲ့ယုံကြည်မှုကို ထိခိုက်နိုင်ခြေရှိတယ်။ အမှိုက်ကစ ပြသာဒ်မီးလောင် ဖြစ်သွားလိမ့်မယ်။ ရှင်းရှင်းလင်းလင်း ပွင့်လင်းမြင်သာတဲ့ စုံစမ်းရေးလိုတယ်”ဟု ဦးထွန်းဇော်က ရှင်းပြသည်။ KNPP ဘက်က စွပ်စွဲချက်မှာမူ တပ်မတော်က ရှင်းလင်းချက်နှင့် ကွဲလွဲမှုများရှိနေပြီး ပြီးခဲ့သည့် ဒီဇင်ဘာ ၁၉ ရက်၌ တပ်မတော် ရိက္ခာယာဉ်များ၌ သစ်များ တင်ဆောင်လာခြင်းကြောင့် လွိုင်ကော် ၇ မိုင် ယာယီဂိတ်၌ KNPP တပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားပြီးနောက်ပိုင်း တပ်မတော်မှ KNPP တပ်ဖွဲ့ဝင်လေးယောက်နှင့် ဒေသခံ ရွာသားလေးဦးကို ဖမ်းဆီးခေါ် ဆောင်သွားခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂၁ ရက်နေ့၌ တပ်မတော်မှ KNPP တပ်ဖွဲ့ဝင်များ၏ အရိုးပြာကို KNPP ထံ ပြန်လည်ပေးခဲ့ကြောင်း KNPP က ပြောကြားထားသည်။ ယင်းကဲ့သို့ KNPP တပ်ဖွဲ့ဝင်များ အသတ်ခံရသည့် ဖြစ်စဉ်ကြောင့် ဒီဇင်ဘာလ ၂၂ ရက်နေ့၌ ကရင်နီလူငယ်အချို့နှင့် အရပ်ဘက်လူငယ်များသည် ယင်းဖြစ်စဉ်၌ ဥပဒေမဲ့ ကျူးလွန်သူများကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထိုကဲ့သို့ KNPP တပ်ဖွဲ့ဝင်များ သေဆုံးခဲ့ရခြင်းကြောင့် လက်ရှိအာဏာရ အစိုးရနှင့်တပ်မတော်မှ လုံးဝတာဝန်ယူမှု တာဝန်ခံမှု ရှိရမည်ဖြစ်ပြီး အမှန်တရား ပေါ်ပေါက်ရေးအတွက် ပွင့်လင်းမြင်သာမှုရှိသော တရားစီရင်ရေးစနစ်ဖြင့် အမှန်တရား ဖော်ထုတ်ပေးရန် ဒီဇင်ဘာ ၂၂ ရက်နေ့တွင် KNPP က သဘောထားတစ်ရပ် ထုတ်ပြန်ခဲ့သည်။ လွိုင်ကော်မြို့နယ် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) ၏ ထုတ်ပြန်ချက်တွင်မူ ပြည်နယ်အစိုးရနှင့် KNPP တို့ ပြီးခဲ့သည့် ဇူလိုင်လက အလွတ်သဘော တွေ့ဆုံစဉ်က KNPP မှ အများပြည်သူ သွားလာသည့် လမ်းများ၏ဘေးတွင် နေထိုင်လှုပ်ရှားခြင်းမရှိရန် ဆွေးနွေးထားသော်လည်း လိုက်နာခြင်းမရှိဘဲ ဆက်ကြေးကောက် လာရောက်ခဲ့ခြင်းနှင့် အစိုးရအုပ်ချုပ်ရေးကို ဝင်ရောင်စွက်ဖက်မှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။ ယင်းအပြင် ယခုကဲ့သို့ အထင်လွဲမှားသည့် ဖြစ်ရပ်ဖြစ်ပွားခဲ့ပြီး KNPP အသက်ဆုံးရှုံးခဲ့ခြင်းအပေါ် များစွာစိတ်မကောင်း ဝမ်းနည်းရကြောင်း၊ ရရှိပြီးသည့် ငြိမ်းချမ်းရေးကို မပျက်စီးအောင် ဆက်လက်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်းလည်း ဆက်လက်ဖော်ပြထားသည်။
Source : https://goo.gl/J6achG
via IFTTT

No comments:

Post a Comment