Water Bus များ ရန်ကုန်မြို့ကို ပတ်နိုင်ရန် ငမိုးရိပ်ချောင်းကို အဆင့်မြှင့်တင်မည် Water Bus များကို ရန်ကုန်မြစ်ကြောင်းတစ်လျှောက် ပြေးဆွဲလျက်ရှိရာ ယင်းမှ တစ်ဆင့် ရန်ကုန်မြို့ကို ပတ်နိုင်ရန် ငမိုးရိပ်ချောင်းကို အဆင့်မြှင့် တင် ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီဇင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။ တောင်ဥက္ကလာ ပမြို့နယ်၊ သစ္စာလမ်းနှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ငါးမာန်အောင်ဘုရား လမ်းတို့ကို ဆက်သွယ်ထားသည့် ငမိုးရိပ်တံတား (သစ္စာလမ်း) ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ “ငမိုးရိပ်ချောင်းရိုးကနေပြီးတော့Water Bus တွေ လာနိုင်မယ်ဆိုရင် ဒီနေရာဟာ ပိုပြီးသွားလာရေး လွယ်ကူလာမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်က ပြင်ဆင်ထားတဲ့ အခြေအနေက Water Bus ကို ရန်ကုန်မြစ်ကြောင်းတစ်လျှောက် ပြေးဆွဲနေပါတယ်။ ဒီကနေ ရန်ကုန်မြစ်ကနေ တစ်ဆင့် ရန်ကုန်မြို့ကို ပတ်နိုင်ဖို့ဆိုရင် ငမိုးရိပ်ချောင်းရိုးကို ပြင်ဆင်ဆောင်ရွက်ဖို့ ရှိပါတယ်” ဟု ဦးဖြိုး မင်းသိန်းက ပြောသည်။ ငမိုးရိပ်ချောင်းရိုးကို ပြန်လည်အဆင့်မြင့်တင် ဆောင်ရွက်နိုင်ရန် စီစဉ်နေပြီး မြစ်ကြောင်းနှင့် မြို့ပေါ်ရှိကားလမ်းများ၊ ရထားလမ်းများနှင့် ဆုံစည်းသည့်နေရာများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် ပြင်သစ်နိုင်ငံ၏ အကူအညီဖြင့် လေ့လာဆန်းစစ်မှုများ ဆောင်ရွက်နေသည်။ ငမိုးရိပ်ချောင်းရိုး သည်မြို့၏ အလယ်တွင် တည်ရှိနေသည့်အတွက် ချောင်းရိုးတစ်လျှောက်တွင် ရေလမ်းခရီးကို အဆင့်မြှင့်တင်နိုင်ရန် ကြိုးစားရမည်ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။ The Ladies News
Source : http://ift.tt/2C6pwj3
via IFTTT
No comments:
Post a Comment