UNFC အပစ်ရပ်စာချုပ် ချုပ်နိုင်မှာလား ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) သည် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲ ရေး သဘောတူ စာချုပ် (NCA) လက်မှတ် ထိုးနိုင်ရေး အတွက် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင် (PC) နှင့် တွေ့ဆုံ ဆွေးနွေး နေသည်။ ထိုသို့ တွေ့ဆုံ ဆွေးနွေးမှုသည် ၁ နှစ် ခွဲ နီးပါး ကြာလာသည့်တိုင် အလုံးစုံ သဘောတူညီချက်များ မရရှိသေးသည့် အတွက် NCA လက်မှတ် မထိုးနိုင်ဘဲ ဖြစ်နေသည်။ ထို့နောက် UNFC သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ကို တွေ့ဆုံ ဆွေးနွေး အဖြေရှာမည်ဟု ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်က ထုတ်ပြန် လာသည်။ “UNFC အနေနဲ့ တတိယ အကြိမ် ကျင်းပမယ့် ၂၁ ရာစုပင်လုံ ညီလာခံမတိုင်မီ လက်မှတ်ထိုးလာမယ်လို့ ကျနော်တို့ မျှော်လင့်ထားတယ်။ ဘာကြောင့်ဆိုတာတော့ မပြောချင်ပါဘူး၊ သတင်းတွေလည်း ရထားတယ်လေ။ နောက်ဆုံး အချက်လေးပဲ ကျန်ပါတယ်။ ဒီအချက်လေးကတော့ ကျနော်တို့လည်း တင်ပြထားပြီးပြီလေ။ NCA အတိုင်းပဲ သွားကြ အောင်လို့ အပစ်ရပ် ၈ ဖွဲ့လည်း ဒီအတိုင်းပဲထိုးခဲ့တယ်”ဟု ငြိမ်းချမ်းရေး ကော်မရှင် (PC)မှ ဦးအောင်စိုးက ပြောသည်။ UNFC သည် အဆိုပြုချက် ၈ ချက်ကိုတင်ပြ၍ PC နှင့် တွေ့ဆုံ ဆွေးနွေးလျက်ရှိရာ နောက်ဆုံး အနေဖြင့် နံပါတ် (၂)ပါ အချက်များကို ညှိနှိုင်း သဘောတူညီမှု မရယူနိုင်သေးခြင်းကြောင့် NCA လက်မှတ် ထိုးရေး မသွားနိုင်ဘဲ ဖြစ်နေသည်။ “ကျနော်တို့ NCA ထိုးဖို့ ဘယ်အခြေအနေ ရှိသလဲဆိုတာက အဆိုပြုချက် ၈ ချက် သဘောတူညီမှု ရတဲ့အပေါ်မှာ မူ တည်တယ်။ ဒါကို အစိုးရက ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးသွားဖို့ ကျနော်တို့ တောင်းဆိုထားတယ်။ အခုထိ မရသေးဘူး။ ဒီတော့ NCA ထိုးရေး မထိုးရေး အတိုင်းအတာက ပြောလို့မရသေးဘူး”ဟု UNFC မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးထွန်းဇော်က ပြောသည်။ ပိတ်ဆို့နေသော အချက်မှာ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ် နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အာမခံချက် အပြည့်အဝ ရှိသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံကို တည်ဆောက်သွားရန် ဆိုသည့် အချက် ဖြစ်သည်။ အစိုးရနှင့် တပ်မတော်ဘက်ကမူ NCA ပါ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အား ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး နှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အာမခံချက်များ အပြည့်အဝရှိသော၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံ သည့် ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက် သွားရန် ဆိုသော အချက် အတိုင်း သဘောတူရန် ဆန္ဒပြုထားသည်။ UNFC နှင့် PC ကြား ပိတ်ဆို့နေသော အခြေအနေကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အား တွေ့ဆုံ၍ ဆွေးနွေး အဖြေရှာသွားရန် UNFC ဘက်က အလိုရှိနေသည်။ အလားတူ UNFC အတွင်း NCA လက်မှတ်ထိုးရေး ယုံကြည်မှု နည်းပါးနေသော ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ကို စည်းရုံးနိုင်ရေးနှင့် NCA လက်မှတ် ထိုးလာနိုင်ရေး အတွက် အစိုးရ ထိပ်ပိုင်းခေါင်းဆောင် ၂ ဦးကို တွေ့ဆုံ ၍ အာမခံချက် တခုရအောင် ကြိုးပမ်းခြင်းလည်း ဖြစ်နိုင်သည်။ UNFC အဖွဲ့ဝင် ၄ ဖွဲ့အနက် မွန်ပြည်သစ် ပါတီ (NMSP)သည် NCA လက်မှတ်ထိုးရန် ပါတီတွင်း ဆုံးဖြတ်ချက် ချမှတ် ထားပြီး ပိတ်ဆို့နေသည့်အပေါ် အစိုးရ နှင့် တပ်မတော်ဘက်က သဘောထားရှိသည့် NCA ပါ ပြဌာန်းချက် အတိုင်းကို သဘောတူရန် စဉ်းစားမှု တချို့ ရှိနေကြောင်း သိရသည်။ ထိုစဉ်းစားမှုအား NMSP က UNFC အဖွဲ့ဝင်များကို ရှင်းပြကာ သဘောတူညီမှု ရယူသွားမည်ဖြစ်ပြီး အဖွဲ့ဝင်များက သဘောတူလျှင် NCA ထိုးရေးကို ဆက်လက် သွားမည်ဖြစ်သည်။ အဖွဲ့ဝင်များက သဘောမတူလျှင် အခင်းအကျင်းတရပ်ကို ပြောင်းလဲ ဖော်ဆောင်သွားမည်ဟု NMSP အတွင်း စဉ်းစား ချက်များလည်း ရှိနေသေးကြောင်း သိရသည်။ “ကျနော်တို့ကို မွန်ပြည်သစ် ပါတီကတော့ သူတို့ရဲ့ သဘောထားကို ရှင်းပြပါတယ်။ သူတို့ တပ်ပေါင်းစု ဖြစ်တဲ့ အတွက် တပ်ပေါင်းစု သဘောထား အတိုင်းပဲ သွားမယ်။ တဖွဲ့တည်း ဆုံးဖြတ်ချက်နဲ့ မသွားဘူးပေါ့။ ကျနော်တို့ ကလည်း အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ့် အချိန်ကို စောင့်နေတယ်။ အဲ့ဒီတွေ့ဆုံမှုက ဆုံးဖြတ်မှုတခု ဖြစ်လာနိုင်တယ်”ဟု UNFC မှ ဦးထွန်းဇော်က ပြောသည်။ NMSP ၏ စဉ်းစားချက်အပေါ် UNFC အဖွဲ့ဝင်များက သဘောတူညီမှု ရှိ မရှိကို ပြောဆိုခြင်း မရှိပေ။ ဤစဉ်းစားချက် အတိုင်းဆိုလျှင် NMSP သည် KNPP ကိုသာ အဓိက ဆွေးနွေး ညှိနှိုင်းရမည်ဖြစ်ပြီး လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) နှင့် ရခိုင် အမျိုးသား ကောင်စီ (ANC) မှာမူ ညှိနှိုင်းရန် ခဲယဉ်းလှမည် မဟုတ်ဟု ခန့်မှန်း ရသည်။ LDU နှင့် ANC သည် သမ္မတ ဟောင်း ဦးသိန်းစိန် လက်ထက်က NCA ထိုးခွင့် မပေးခြင်းမှ ယခုအစိုးရက လက်မှတ် ထိုးရန် လမ်းဖွင့် ပေးထားသည့် အတွက် NCA လက်မှတ် ထိုးနိုင်မည့် အခွင့်အရေးကို အမိအရ ဖမ်းဆုပ်ရေးက ပိုမို အခွင့် သာနေနိုင်သည်။ KNPP ကမူ လက်နက်ကိုင် အင်အား ၆၀၀ ကျော် ရှိသည့်အပြင် လှုပ်ရှားနယ်မြေ ရှိခြင်း၊ လက်နက် တပ်ဆင်မှု ရှိခြင်း၊ နောက်ခံ ထောက်ပံ့ပေးသော အဖွဲ့များရှိနေခြင်း၊ NCA ထိုးရန် ယုံကြည်မှု နည်းပြီး သံသယဝင်နေခြင်း စသည့် အခြေ အနေ များကြောင့် NMSP သည် KNPP ကိုသာ အဓိကထား ဆွေးနွေးရမည် ဖြစ်သည်။ ထို့ကြောင့် NMSP ဦးဆောင်သော UNFC က KNPP ပါဝင်လာနိုင်ရေးနှင့် ယုံကြည်မှု နည်းနေခြင်းအပေါ် အာမခံချက် ပေးနိုင်ရေး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတာ် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့အား တွေ့ဆုံ၍ တိုက်ရိုက် ဆွေးနွေး ဆုံးဖြတ်ရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။ သို့သော်လည်း ယနေ့ အချိန်ထိ UNFC ခေါင်းဆောင်များနှင့် အစိုးရ ထိပ်ပိုင်း ခေါင်းဆောင် ၂ ဦးတို့ တွေ့ဆုံ နိုင်ရေး မဖြစ်မြောက်သေးသည့် အခြေအနေတွင် KNPP တပ်ဖွဲ့ဝင် ၃ ဦးနှင့် အရပ်သား ၁ ဦး ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၀ ရက် က သတ်ဖြတ် ခံရခြင်းကြောင့် KNPP အနေဖြင့် NCA ထိုးရေး ယုံကြည်မှု နည်းနေခြင်းကို ပို၍ ဆိုးရွား သွားစေခဲ့သည်။ “ကျနော်တို့ အဖွဲ့ထဲမှာလည်း ဆွေးနွေးတော့ ဆွေးနွေးကြပါတယ်။ ဒါပေမယ့် NCA ထိုးချင်လောက်အောင် ဘာမှ မတွေ့ ရ ဘူးပေါ့နော်။ မတွေ့ရတော့ ကျနော်တို့ ယုံကြည်မှု မရှိဘူး ဖြစ်နေတာပေါ့။ မထိုးဘူး ဆိုတာကို ထိုးချင်အောင် လုပ်ပေးရမယ့်အပြင် ပြောင်းပြန် အပျက်ပုံစံတွေ လုပ်ပြနေတယ်။ ဒီတော့ ကျနော်တို့ ရဲဘော် တွေကို ပြောရဆိုရ ဝေးသွားတာပေါ့”ဟု KNPP မှ အထွေထွေ အတွင်းရေးမှူး ဦးရွှေမျိုးသန့်က ပြောသည်။ KNPP သည် NCA လက်မှတ်ထိုးနိုင်ရေး UNFC အနေဖြင့် စေ့စပ် ညှိနှိုင်းနေသည့် အချိန်တွင် ဒီဇင်ဘာ ၂၀ ရက်က ကယားပြည်နယ် လွိုင်ကော်မြို့ ပါလောင်း ကျေးရွာနှင့် ဒေါတခြား ကျေးရွာကြား ၇ မိုင်ရှိ KNPP ၏ ယာယီ စစ်ဆေး ရေး ဂိတ်တခုကို လွိုင်ကော် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ)လက်အောက်ခံ တပ်မှ ဝင်ရောက် စီးနင်းကာ အရပ် သား ၁ ဦးနှင့် ရဲဘော် ၃ ဦးကို သတ်ဖြတ်ခဲ့သည်။ ထိုဖြစ်စဉ်သည် NCA ထိုးရန် မယုံကြည် ဖြစ်နေသော KNPP ကို ပိုမိုသော သံယသများ ဝင်ရောက်လာရေး အတွက် တွန်းအား ပေးသကဲ့သို့ ဖြစ်သွားကာ ငြိမ်းချမ်းရေး ဆွေးနွေးမှုအပေါ် ရိုက်ခတ်လာခဲ့သည်။ ထိုသို့ ဖြစ်နေခြင်းကို အစိုးရဘက်က ကြားဝင် စေ့စပ် ညှိနှိုင်းပေးနိုင်မှု မရှိခြင်းကလည်း KNPP အတွက် သံသယ စိတ် များ က တစထက် တစကြီးထွား လာစေနိုင်ပါသည်။ သို့သော် UNFC က ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ကို တွေ့ဆုံခွင့် တောင်းထားရာ ထိုတွေ့ဆုံမှု အထမြောက်ပါက KNPP အနေဖြင့် NCA ထိုးရေး လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရေး ချိတ်ဆက် နေ သည်ဟု KNPP မှ အထွေထွေ အတွင်းရေးမှူး ဦးရွှေမျိုးသန့်က ဆိုသည်။ KNPP သည် NCA မထိုးဘဲ ဆက်လက် ရပ်တည်မည့် အခြေအနေ ရှိနေသော်လည်း NMSP ကမူ NCA ထိုးရန် အလွန် နီးကပ်နေပြီ ဖြစ်ကြောင်း NMSP ၏ အတွင်း သတင်းများအရ သိရသည်။ သို့သော် နိုင်ငံရေးသည် အချိန်မရွေး အခင်းအကျင်းများ ပြောင်းလဲ တတ်သောကြောင့် NMSP အနေနဲ့ NCA ထိုးရန် အလွန် နီးကပ်နေသည့်တိုင် အစိုးရဘက်က မစွမ်းဆောင်နိုင်လျှင် မထိုးဘဲလည်း ဖြစ်သွား နိုင်သေးသည်။ NMSP မထိုးဘဲ ဆက်လက် ရပ်တည်နေမည်ဆိုလျှင်လည်း စစ်ရေး၊ နိုင်ငံရေးကို ထိန်းညှိရန် လိုအပ်ပေမည်။ NMSP နယ်မြေ အခြေအနေမှာ တဖက်တွင် ထိုင်းနိုင်ငံတည်ရှိနေပြီး အခြားတဖက်တွင် ကရင် အမျိုးသား အစည်း အရုံး (KNU) တပ်မဟာ ၂ ခုကြား ရောက်ရှိနေခြင်းကြောင့် လှုပ်ရှားရ ကျပ်တည်းသည့် အခြေအနေ ရှိသည်။ အလားတူ အထောက်အပံ့များ ရယူရန် မဖြစ်နိုင်ကြောင်း၊ KNU တပ်များနှင့် နယ်မြေ အငြင်းပွားမှု တချို့ ရှိထား ကြောင်း၊ အထောက်အပံ့ မရှိပါက တိုက်ပွဲဖြစ်လာလျှင် အထိနာသွားနိုင်ကြောင်း စသည့် အခြေအနေများ အပေါ် စဉ်းစား သုံးသပ်ရန် လိုအပ်ပါသည်။ ၁၉၉၄ ခုနှစ်က ကချင် လွတ်လပ်ရေး တပ်မတော် (KIA)သည် တိုင်းရင်းသား တပ်ပေါင်းစုအတွင်း မည်သို့မှ အသိ မပေးဘဲ ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် အပစ်အခတ် ရပ်စဲရေး စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ဖူးသော သာဓကများ လည်း ရှိသည်။ UNFC ၏ NCA လက်မှတ် ထိုးနိုင်ရေးချဉ်းကပ်မှု စိတ်ဝင်စားစရာ ကောင်းနေသည့် အချိန်မှာပဲ NMSP သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှ ၂၇ ရက်အထိ မွန်ပြည်နယ် ရေးချောင်းဖျားရှိ ဗဟိုဌာနချုပ်တွင် ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေး တရပ်ကို ကျင်းပခဲ့ပြီး NCA ထိုးနိုင်ရေး ဆွေးနွေးခဲ့ကြသည်။ ဤအစည်းအဝေးတွင် NMSP အနေဖြင့် NCA လက်မှတ်ထိုးရန် ဆုံးဖြတ်ချက် တချို့ ချမှတ်ခဲ့ကြောင်း သိရှိရသည်။ ထို့နောက် NMSP အပစ်ရပ်စဲရေး NCA ထိုးနိုင်ရေးအတွက် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်က PC အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)၊ နိပွန် ဖောင်ဒေးရှင်း ဥက္ကဌ နှင့် NMSP မှ ဥက္ကဌ နိုင်ထောမွန်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် လယီကောင်း၊ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ် ကျော်ယဲ့၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် နိုင်ဗညားလေးတို့ ရေးမြို့ အနီး ပုပ္ဖဝတီ သာသနာပြု နယ်မြေ ကိုရင်လေး ကျောင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နေသော အမည်မဖော်လိုသူ တဦးက”NMSP က NCA ထိုးဖို့ ၉၅ ရာခိုင် နှုန်း သေချာနေပြီ။ ဒါပေမယ့် ၅ ရာခိုင်နှုန်းကလည်း တမျိုးပြောင်းသွားနိုင်တယ်။ ဒါကိုအစိုးရက ကိုင်တွယ်တတ်ဖို့ လို မယ်။ ဒါပေမယ့် သူက တပ်ပေါင်းစု ဖြစ်တဲ့အတွက် KNPP ကို ညှိနေရတယ်။ သူက မြောက်ပိုင်းက အထောက်အပံ့ တွေ ရတယ်။ ဒီတော့ KNPP က နည်းနည်း တင်းခံလို့ ရသေးတယ်”ဟု ပြောသည်။ NMSP လက်မှတ်ထိုးပါက LDU နှင့် ANC တို့လည်း လက်မှတ် ထိုးလာနိုင်ခြေရှိပြီး KNPP ကမူ မည်သို့ ဆုံးဖြတ် မည်ကို မသိရသေးပေ။ အကယ်၍ NMSP နှင့်အတူတူ LDU ၊ ANC တို့ NCA လက်မှတ်ထိုးလာပါက KNPP တဖွဲ့တည်းသာ ကျန်ခဲ့ရတော့မည်။ ဤသို့ဆိုလျှင် KNPP သည် တဖွဲ့တည်း ကျန်ခဲ့မည်လား သို့မဟုတ် တပ်ပေါင်းစု အဖွဲ့ဝင်များနည်းတူ လက်မှတ် ရေးထိုး မည်လား သို့မဟုတ် မြောက်ပိုင်း ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) နှင့် သွားရောက် ပူးပေါင်းမည်လား စသည့် အခြေအနေကလည်း စိတ်ဝင်စားစရာ ကောင်းလှပါသည်။ ထိုအခြေအနေများကို ခြုံငုံကြည့်ပါက UNFC သည် NCA လက်မှတ်ထိုးရန် လက်တကမ်း အလိုသို့ ရောက်ရှိနေပြီး အစိုးရ နှင့် တပ်မတော်ဘက်က အမိအရ ဖမ်းဆုပ်ရန်သာ လိုတော့သည်။ အစိုးရသည် ကြားခံစေ့စပ် ညှိနှိုင်းသူ တနည်းအားဖြင့် ရင်ကြားစေ့ပေးသူ ဖြစ်သည့်အတွက် တပ်မတော်နှင့် UNFC ကြား ပိတ်ဆို့နေသော အခြေအနေကို နည်းလမ်းတခု စဉ်းစား၍ ဖြေရှင်းပေးသင့်သည်ဟု ယူဆမိပါသည်။ ။ The post UNFC အပစ်ရပ်စာချုပ် ချုပ်နိုင်မှာလား appeared first on ဧရာဝတီ.
Source : http://ift.tt/2BUUvu9
via IFTTT
No comments:
Post a Comment