ဂျာနယ်ကို တရားစွဲဆိုမှု ရုတ်သိမ်းမည် မဟုတ်ဟု တနင်္သာရီတိုင်းဝန်ကြီးချုပ်ပြော ထားဝယ်မြို့ အခြေစိုက် တနင်္သာရီဂျာနယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလက ဖော်ပြခဲ့သည့် သရော်စာတပုဒ်ကြောင့် ယင်းဂျာနယ် တာဝန်ရှိ သူများကို မီဒီယာ ဥပဒေနှင့်အညီ အရေးယ ူပေးရန် မြို့နယ် တရားရုံးသို့ ဦးတိုက် လျှောက်ထားမှုကို ပြန်လည် ရုတ်သိမ်းရန် မရှိကြောင်း တနသာၤရီတိုင်း ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်က ပြောသည်။ “နဂိုကတည်းက ဥပဒေနဲ့အညီဖြစ်အောင် တရားရုံးမှာ ဦးတိုက်လျှောက်ထားတာပါ။ မီဒီယာ ဥပဒေနဲ့ တင်ထားတာဖြစ်လို့ အခုချိန်မှာ ပြန်ရုတ်ဖို့လည်း မရှိပါဘူး။ တရားရုံးရဲ့ အဆုံးအဖြတ်ကိုပဲ စောင့်မှာပါ”ဟု ဒေါ်လဲ့လဲ့မော်က နေပြည်တော်တွင် သတင်းမီဒီယာတချို့ သို့ ပြောဆိုခဲ့သည်။ နိုဝင်ဘာလ ၂၀ ရက်နေ့ထုတ် တနင်္သာရီ ဂျာနယ်တွင် ဖော်ပြခဲ့သည့် “မူးဆေးအိုး” ကလောင်အမည်ဖြင့် ရေးသားထားသော “မဲဆွယ်အပြုံး” ဆိုသည့် သရော်စာသည် ၎င်းနှင့် ၎င်း၏ မိသားစုကို ထိခိုက်သည်ဟ ုဆိုကာ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်က ထားဝယ် မြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားသည့် အမှုတခု ဖြစ်သည်။ အဆိုပါလျှောက်ထားမှုကို တရားရုံးက ပိုမို ကျယ်ပြန့်စွာ သိနိုင်ရန်ဟုဆိုကာ ရဲတပ်ဖွဲ့ အား စစ်ဆေးခိုင်းခဲ့ပြီး ရဲတပ်ဖွဲ့၏ ပြန်လည် တင်ပြချက်များဖြင့် သတင်း မီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ)ဖြင့် တရား စွဲဆိုခွင့်ပြုကြောင်း အမိန့်ကို ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ထားဝယ်မြို့နယ် တရားရုံးက ချမှတ်ခဲ့သည်ဟု တနသာၤရီဂျာနယ်၏ တာဝန်ခံ အယ်ဒီတာ ဦးမျိုးအောင်က ဧရာဝတီသို့ ပြောသည်။ “လက်ရှိ ကျနော်ဆီကို ဆင့်ခေါ်စာ ရောက်နေ ပြီ။ ဇန်နဝါရီလ ၂ ရက်နေ့မှာ တရားရုံးကို သွားရမယ်။ ပထမဆုံး ရုံးထုတ် မှာပါ။ လက်ရှိ တော့ ရှေ့နေတွေနဲ့ တိုင်ပင်နေတယ်။ အာမခ ံရအောင်လို့။ အာမခံအတွက် ပြင်ထားပါဆိုလို့ ပြင်ဆင်နေပါတယ်”ဟု ဦးမျိုးအောင်က ပြောသည်။ ဆက်လက်၍ ၎င်းက “ အဓိကကတော့ သရော်စာ အပေါ်မှာ သို့မဟုတ် မီဒီယာ အပေါ်မှာ နားလည်သဘောပေါက်မှု ဘယ်လောက်အထိ ရှိလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ ဖြစ်တာပေါ့။ တယောက်နဲ့ တယောက်တော့ မတူဘူး။ အစိုးရအဖွဲ့ထဲမှာလည်း တယောက်နဲ့ တယောက်က ရေချိန် မတူနိုင်ဘူး။ မတူတဲ့အပေါ်မှာ မူတည်ပြီး ဖြစ်နေတဲ့ ကိစ္စတွေပါပဲ”ဟု ရှင်းပြသည်။ သတင်းမီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ)တွင် မည်သည့် သတင်းမီဒီယာသမားမဆို ပုဒ်မ ၉၊ ပုဒ်မခွဲ (ဃ)၊ ပုဒ်မခွဲ (စ)နှင့် ပုဒ်မခွဲ (ဆ)တို့ပါ တာဝန်နှင့် ကျင့်ဝတ်တရပ်ရပ်ဖြင့် ပြစ်မှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ငွေဒဏ် အနည်းဆုံး ကျပ် ၃ သိန်းမှ ကျပ် ၁၀ သိန်းအထိ ချမှတ်ရမည်ဟု ဖော်ပြထားသည်။ ယင်း ပုဒ်မ ၉ ပုဒ်မခွဲ (ဆ)တွင် အများပြည်သ ူ၏ အကျိုးစီးပွားနှင့် စပ်ဆိုင်သည့် သတင်း ရေးသားခြင်း မဟုတ်လျှင် ပုဂ္ဂိုလ်တဦး၊ အဖွဲ့အစည်းတခု၏ ဂုဏ်သိက္ခာကို တမင် ထိခိုက်စေသော အရေးအသားနှင့် လူ့အခွင့် အရေးကို ထိခိုက်စေသော အရေးအသားမျိုး ဖော်ပြခြင်းမှ ရှောင်ကြည်ခြင်းဟု ဖော်ပြ ထားသည်။ သတင်းမီဒီယာ ဥပဒေအရ တရားစွဲဆိုခြင်း ခံရပါက အာမခံ ရရှိနိုင်ပြီး ရဲအရေးပိုင်ခွင့်ဖြင့် ချက်ချင်း ဖမ်းဆီးချုပ်နှောင်ခြင်း မခံရကြောင်း ရန်ကုန်မြို့မှ မီဒီယာ အမှုများတွင် လိုက်ပါ ဆောင်ရွက်နေသူ ရှေ့နေ ဦးသန်းဇော် အောင်က ပြောသည်။ တနသာၤရီ ဂျာနယ်တွင် ဖော်ပြခဲ့သည့် မဲဆွယ် အပြုံးဆိုသည့် သရော်စာတွင် “ရွာသားများ သူ့ကို မကြည်ညိုတော့သည်ကို ရှင်ဂွမ်းဂွိ သိသည်။ သူမ စတက်သောအခါ သူမ၏ အုပ်ချုပ်ရေးမှူးရုံးရှေ့က ထော်လာဂျီနှင့် နွားလှည်းမဖြတ်ရဟု ဆုံးဖြတ် ကြေညာ မိသည်အစ၊ အုပ်ချူပ်ရေးမှူး မလုပ်တတ်ပါဘူး ပြောမိသည်အလယ်၊ ရွာနံဘေး စားကျက် မြေမှာ ကျွဲ၊ နွား၊ ဆိတ် မကျောင်းရဟု ပြောမိသည် အဆုံး သူမကို ရွာသားများ ဝိုင်းဟားကြလေသည်”ဟု ဖော်ပြထားရာ ယင်းအချက်များသည် တနင်္သာရီ ဝန်ကြီးချုပ်၏ ပြောဆိုချက်များနှင့် တိုက်ဆိုင်မှုများ ရှိနေသည်ဟု သိရသည်။ The post ဂျာနယ်ကို တရားစွဲဆိုမှု ရုတ်သိမ်းမည် မဟုတ်ဟု တနင်္သာရီတိုင်းဝန်ကြီးချုပ်ပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2BVUPsx
via IFTTT
No comments:
Post a Comment