၂၀၁၈ ခုနှစ်အတွက် ကမ္ဘာ့လည်ပတ်လို့ အကောင်းဆုံးနေရာဒေသ ၁ဝ ခု အာရှဟာ တကယ်တော့ ကမ္ဘာပေါ်က အလှဆုံးနယ်မြေဒေသတခုလို့ ဆိုရင်မမှားနိုင်ပါဘူး။ အရင်က ဥရောပနဲ့ အမေရိကဒေသတွေဟာ ကမ္ဘာလှည့်ခရီးသွားတွေ အများဆုံး သွားရောက်လည်ပတ်ရာ ဖြစ်ပေမယ့် အခုတော့ လည်ပတ်ဖို့ အကောင်းဆုံး နေရာတွေက အာရှတိုက်တွင်း နိုင်ငံတွေ များလာခဲ့ပါပြီ။ အခုလည်း ၂၀၁၈ ခုနှစ် အတွက် သွားရောက်လည်ပတ်ဖို့ အကောင်းဆုံး၊ ဈေးလည်း ချိုသာတဲ့နေရာတွေအဖြစ် အာရှနိုင်ငံ အများစုရဲ့ မြို့တွေက စာရင်းမှာ ပါဝင်လာပါတယ်။ ကျနော်တို့ရဲ့ အိမ်နီးချင်း ထိုင်းကတော့ အဆင့် ၁ အဖြစ် ထိပ်ဆုံးကနေ ထားရှိ သတ်မှတ်ခံရပါတယ်။ နည်းနည်းလောက် ဆက်ကြည့်ရအောင်ပါ။ (၁၀) ဟောင်ကောင် Google မှာတောင် ဟောင်ကောင်ဟာ သီးသန့်လား၊ တရုတ်နိုင်ငံထဲမှာပဲလားဆိုတာ လေ့လာသူများတဲ့နိုင်ငံပါ။ တကယ်တော့ ဟောင်ကောင်က သီးသန့်နိုင်ငံပါ။ သီးသန့်ငွေကြေးရှိတယ်၊ ပတ်ပို့စ်တွေ၊ လူဝင်မှု ကြီးကြပ်ရေးစနစ်တွေရောပေ့ါ။ သူ့ကို ကမ္ဘာပေါ်က ဒေါင်လိုက်အကျဆုံးမြို့လို့ သတ်မှတ်ပါတယ်။ အကြောင်းက ဧက ၅ သောင်းပဲ ကျယ်တဲ့မြို့မှာ အဆောက်အဦးတိုင်း အားလုံးနီးပါးက ပေ ၅၀၀ နဲ့ အထက် အမြင့်ရှိအောင် တည်ဆောက်ထားလို့ပါ။ မေ၊ အောက်တိုဘာနဲ့ ဇူလိုင်လတွေက ဟောင်ကောင်ကို သွားလည်ဖို့ အကောင်းဆုံးအချိန်တွေပါ။ ခရီးသွားစရိတ် အချိုဆုံးကာလတွေကတော့ မေ၊ ဇွန်၊ ဇူလိုင်၊ စက်တင်ဘာတွေ ဖြစ်ပါတယ်။ ပျမ်းမျှ ဟိုတယ်ဈေးနှုန်း ၉၂ ဒေါ်လာ ရှိပါတယ်။ အစားအသောက်ကောင်းတယ်၊ အထည်တွေ ဝယ်လို့ကောင်းတယ်၊ ပတ်ဝန်းကျင် ရှုခင်းကောင်ကောင် ခံစားမြင်တွေ့နိုင်ပါလိမ့်မယ်။ (၉) ကွာလာလမ်ပူ မလေးရှားနိုင်ငံရဲ့ မြို့တော်က ပေ ၁၄၈၀ ထိအောင် မြင်တဲ့ Petronas Tower နှစ်ခု ရှိနေတာကြောင့် လူသိများပါတယ်။ မလေး၊ တရုတ်၊ အိန္ဒိယနဲ့ ပေါ်တူဂီ အစားအစာတွေ ကောင်းကောင်း ရရှိစားသုံးနိုင်ပါတယ်။ ကွာလာလမ်ပူကို စက်တင်ဘာ၊ အောက်တိုဘာနဲ့ ဇူလိုင်လတွေမှာ သွားလည်ဖို့ အကောင်းဆုံးပါ။ ဒါပေမယ့် အောက်တိုဘာနဲ့ နိုဝင်ဘာတွေမှာ ခရီးစရိတ် ပိုချိုပါတယ်။ ပျမ်းမျှ ဟိုတယ် ဈေးနှုန်းတွေက ၄၃ ဒေါ်လာ လောက်ပဲ ရှိပါတယ်။ ဈေးဝယ်လို့ ကောင်းတယ်၊ ဒေသခံ အစားအစာကောင်းတွေကို စားသောက်နိုင်ပါတယ်။ (၈) နယူးယောက်မြို့တော် Big Apple လို့ လူသိများတဲ့ အမေရိကန်ရဲ့မြို့တော် နယူးယောက်မြို့က စိတ်ဝင်စားစရာတွေ အများအပြား ရှိနေပါတယ်။ ပီဇာကောင်းကောင်းတွေ စားနိုင်မယ်၊ လူနေမှုစနစ် မြင့်မားတယ်၊ အားကစား လှုပ်ရှားမှု တွေလည်း လုပ်နိုင်တယ်၊ ရှုခင်းကောင်းကောင်း ခံစားမယ်ဆိုရင်လည်း ရတယ်၊ လေဘာတီ ရုပ်ထုလည်း ရှိတယ်၊ ဆည်းဆာအလှတွေလည်း ကြည့်နိုင်တယ်၊ သဘောကျစရာပါ။ နယူးယောက်မြို့ကို မတ်၊ ဧပြီနဲ့ အောက်တိုဘာတွေမှာ သွားလည်သင့်ပါတယ်။ ဒါပေမယ့် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေမှာ ခရီးစရိတ် ပိုချိုပါတယ်။ ပတ်ဝန်းကျင်ကောင်းတွေ ခံစားလည်ပတ်နိုင်ပါမယ်၊ ပြတိုက်တွေ၊ ဇာတ်ရုံကောင်းကောင်းတွေ ဝင်ကြည့်နိုင်မယ်၊ ဈေးဝယ်လို့လည်း ကောင်းပါတယ်။ (၇) ဆိုးလ် တောင်ကိုရီးယားနိုင်ငံရဲ့ မြို့တော် ဆိုးလ်က အလှအပတွေနဲ့ ပြည့်နေတဲ့ မြို့ကြီးပါ။ Spa ကောင်းကောင်း တွေလည်း ရှိတယ်၊ ဈေးဝယ်စင်တာကြီးတွေလည်း ရှိတယ်။ လမ်းတွေ၊ ပတ်ဝန်းကျင်တွေ အားလုံး သေသပ် သန့်ရှင်းတယ်။ ခရီးသွား အများစု သဘောကျကြတဲ့ ဝန်းကျင်ပုံစံပါ။ စက်တင်ဘာ၊ မေနဲ့ မတ်လတွေမှာ သွားလည်ဖို့ အကောင်းဆုံး ဖြစ်ပေမယ့် ခရီးစရိတ်ကတော့ ဇူလိုင်နဲ့ သြဂုတ်လတွေမှာ ပိုပြီး ချိုသာပါတယ်။ ဟိုတယ်တွေရဲ့ ပျမ်းမျှဈေးနှုန်းက ၆၂ ဒေါ်လာရှိပြီး အစားအသောက်ကောင်းတွေ စားဖို့၊ အဝတ်အထည်တွေ ဝယ်ဖို့၊ ပတ်ဝန်းကျင်ကောင်းကောင်း ခံစားကြည့်ရှုဖို့ သွားရောက်သင့်ပါတယ်။ (၆) တိုကျို ဂျပန်ရဲ့ မြို့ကြီးက ရိုးရာဓလေ့တွေကို မြင်တွေ့ခံစားနိုင်နေသေးတဲ့ နေရာတခုပါ။ ဇာတ်ရုံကြီးတွေ အခုထိ ရှိသေးတယ်။ ဆူမိုနပန်းပွဲတွေ ကြည့်နိုင်တယ်။ ရိုးရာဇာတ်ပွဲတွေလည်း ခံစားနိုင်ပါသေးတယ်။ ပြီးတော့ တိုကျိုက စားသောက်ဆိုင်တွေက အရသာ ကောင်းမွန်မှုနဲ့အတူ နာမည်ကြီးပါတယ်။ ဧပြီ၊ မေ၊ မတ်နဲ့ စက်တင်ဘာလတွေက သွားလည်ဖို့ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ခရီးစရိတ်ကတော့ ဇန်နဝါရီလထဲမှာ ပိုချိုပါတယ်။ ဟိုတယ်အခန်းခက ပျမ်းမျှ ဒေါ်လာ ၁၁၀ လောက်ရှိပါတယ်။ အစားအသောက်တွေ စားသောက်ဖို့၊ ဈေးဝယ်ဖို့၊ ရှုခင်းကောင်းကောင်းကြည့်ဖိုနဲ့ ရိုးရာဓလေ့တွေ လေ့လာဖို့ လည်ပတ်သင့်တဲ့ မြို့ပါ။ (၅) စင်ကာပူ လေဆိပ်နေရာလေးကို ဖယ်လိုက်ရင် စင်ကာပူ တနယ်လုံးက ဈေးဆိုင်တွေ၊ အပန်းဖြေရေကူးကန်တွေ၊ လေ့လာစရာနေရာတွေ၊ ၂၄ နာရီအပြည့် ပြသတဲ့ ရုပ်ရှင်ရုံတွေ၊ လိပ်ပြာဥယာဉ်၊ Wi-Fi အခမဲ့သုံးနိုင်တဲ့ ပျော်စရာနေရာပါပဲ။ ဒါတောင် စင်ကာပူလေကြောင်းလိုင်းဆိုရင်လည်း ဆယ်စုနှစ် ၂ စုလုံး ကမ္ဘာ့အကောင်းဆုံး လေကြောင်းလိုင်းအဖြစ် သတ်မှတ်ခံထားရပါသေးတယ်။ သြဂုတ်၊ စက်တင်ဘာနဲ့ အောက်တိုဘာတွေမှာ လည်ပတ်ဖို့ အကောင်းဆုံး ဖြစ်ပေမယ့် ဇန်နဝါရီ၊ အောက်တိုဘာနဲ့ နိုဝင်ဘာတွေမှာ ခရီးစရိတ် ပိုချိုပါတယ်။ ဟိုတယ်အခန်းတွေက ဈေးမြင့်ပြီး ပျမ်းမျှ ၁၆၅ ဒေါ်လာလောက် ရှိပါတယ်။ အစားအသောက် ကောင်းကောင်းရနိုင်တယ်။ ဈေးဝယ်ဖို့ရော အထည်အလိပ်ကောင်းကောင်းတွေပါ ရနိုင်ပါတယ်။ (၄) ဒူဘိုင်း UAE မှာတော့ အကြီးဆုံးနဲ့ လူဦးရေ အထူထပ်ဆုံး မြို့ကြီးပါ။ ကမ္ဘာပေါ်က တီထွင်ဖန်တီးမှု အားကောင်းကောင်းနဲ့ ဖန်တီးထားတဲ့မြို့ကြီးလည်း ဖြစ်ပါတယ်။ အခုနှစ်ထဲမှာ Drone တွေကို Taxi အဖြစ် သုံးဖို့ပါ ရှိနေပါတယ်။ ပြီးတော့ ကျွန်းတု နှစ်ခုလည်း ထပ်တိုးလာပါလိမ့်မယ်။ ဒါ့အပြင် စိုစွတ်သစ်တောဖန်တီးပြီး ကမ္ဘာ့ပထမဆုံး ဟိုတယ်ပါ ထည့်သွင်းတည်ဆောက်ဖွင့်လှစ်မှု လုပ်လာပါတော့မယ်။ ဧပြီ၊ စက်တင်ဘာနဲ့ မေလတွေက ဒူဘိုင်းမှာလည်ဖို့ အကောင်းဆုံးပါ။ ဒါပေမယ့် မေ၊ ဇွန်၊ သြဂုတ်နဲ့ စက်တင်ဘာလတွေက ခရီးစရိတ် ပိုချိုပါတယ်။ ဟိုတယ်ခက ပျမ်းမျှ ၁၄၅ ဒေါ်လာလောက် ရှိပါတယ်။ ဈေးဝယ်ဖို့၊ အစားအသောက် ကောင်းကောင်းစားဖို့နဲ့ ကမ်းခြေအရသာခံစားဖို့ နေရာကောင်းပါ။ (၃) ပဲရစ် ပြင်သစ်နိုင်ငံရဲ့ မြို့တော် ပဲရစ်က အရမ်း စိတ်ကူးယဉ်ဆန်ဖို့ ကောင်းပါတယ်။ ကမ္ဘာပေါ်က ရေမွှေး အကောင်းဆုံး ထွက်ရှိရာအရပ်၊ ကမ္ဘာ့ဖက်ရှင်လောကရဲ့ ထိပ်တန်း အကျဆုံး နိုင်ငံ၊ အရသာ ကောင်းတဲ့ မုန့်ဖုတ်လုပ်ငန်းတွေရှိရာ ဒေသပါ။ ပြီးတော့ ပြင်သစ်တွေရဲ့ စကားသံလေးတွေက နားထောင်လို့ အရမ်းကောင်းကြပါတယ်။ ဧပြီ၊ အောက်တိုဘာနဲ့ သြဂုတ်တွေမှာ သွားလည်ဖို့ ကောင်းပါတယ်။ ဒါပေမယ့် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်၊ သြဂုတ်နဲ့ ဒီဇင်ဘာတွေမှာ စရိတ်ပိုပြီး သက်သာစေပါလိမ့်မယ်။ ဟိုတယ်ခတွေက ပျမ်းမျှ ဒေါ်လာ ၁၅၀ လောက် ရှိပါတယ်။ ပတ်ဝန်းကျင်ကောင်းကောင်း ခံစားမြင်တွေ့နိုင်မယ်၊ ပြတိုက်တွေ ရှိမယ်၊ အနုပညာတွေ လေ့လာနိုင်မယ်၊ အစားအသောက်ကောင်းကောင်း ရရှိနိုင်မယ့် နေရာပါ။ (၂) လန်ဒန် အင်္ဂလန်နိုင်ငံရဲ့ မြို့တော်က လည်ပတ်သွားလာဖို့ စရိတ် အချိုဆုံးပါ။ နိုင်ငံတွင်း တနေရာကနေ တနေရာကို စရိတ် နည်းနည်းလေးနဲ့သွားလည်နိုင်ပါတယ်။ အဝတ်အစားကောင်းကောင်းတွေ ရနိုင်ပါတယ်၊ နေရာ အများကြီးကို ငွေနည်းနည်းပဲ သုံးပြီး လည်နိုင်တယ်။ ပျော်ပွဲရွှင်ပွဲတွေ အများကြီးရှိတယ်၊ ဘားတွေရော၊ ကျောက်မျက်ကောင်းကောင်းတွေလည်း ရနိုင်ပါသေးတယ်။ အောက်တိုဘာ၊ သြဂုတ်၊ စက်တင်ဘာတွေမှာ သွားလည်ဖို့ ပိုကောင်းပါတယ်၊ ဇန်နဝါရီကတော့ စရိတ် အချိုဆုံး ဖြစ်မယ့်လပါပဲ။ ဟိုတယ်ခန်းတွေက ပျမ်းမျှ ၁၆၂ ဒေါ်လာလောက် ပေးရပါတယ်။ သမိုင်းဝင်နေရာတွေ လေ့လာဖို့၊ ဈေးဝယ်ဖို့နဲ့ ပတ်ဝန်းကျင် ကောင်းကောင်း ကြည့်နိုင်မယ့် မြို့ကြီးပါ။ (၁) ဘန်ကောက် အရှေ့တောင် အာရှမှာတော့ နောက်မှ ပေါက်လာတဲ့ ရွှေကြာပါ။ ခရီးသွားလုပ်ငန်းနဲ့တင် ထိုင်းဟာ တော်တော်လေး လူသိများ အောင်မြင်လာနေပါတယ်။ ကမ္ဘာပေါ်မှာ သွားရောက်လည်ပတ်ဖို့ အကေင်းဆုံး ဒေသအဖြစ် အဆင့် ၁ ကို ဒီတကြိမ်နဲ့ဆိုရင် ဒုတိယမြောက် ရွေးချယ်ခံထားရတာပါ။ ထိုင်းဘုရင်ရဲ့ တော်ဝင် နန်းတော်ရှိတယ်၊ Wat Phra Kaew ဘုရားကျောင်းလည်း ရှိနေတယ်၊ ဗုဒ္ဓဘာသာနဲ့ ဒေသရဲ့ ယဉ်ကျေးမှု တွေကို မြင်တွေ့လေ့လာနိုင်မယ်။ ပြီးတော့ ဒေသ အစားအစာတွေရောပေါ့။ ဇွန်၊ ဧပြီနဲ့ စက်တင်ဘာတွေမှာ သွားရောက်လည်ပတ်ဖို့ အကောင်းဆုံး ဖြစ်ပေမယ့် အောက်တိုဘာကတော့ ခရီးစရိတ် အချိုဆုံး ဖြစ်မှာပါ။ ဟိုတယ်ခ ဈေးချိုပြီး ပျမ်းမျှ ၄၃ ဒေါ်လာလောက်နဲ့ ရနိုင်ပါတယ်။ ဈေးဝယ်ဖို့၊ ညဘက် လည်ပတ်ဖို့နဲ့ အစားအသောက်ကောင်းကောင်းတွေ ရနိုင်မယ့် မြို့ပါ။ http://ift.tt/eKERsB တွင်ဖော်ပြထားတဲ့ 10 places everyone wanted to visit this year – and the cheapest times to go ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ The post ၂၀၁၈ ခုနှစ်အတွက် ကမ္ဘာ့လည်ပတ်လို့ အကောင်းဆုံးနေရာဒေသ ၁ဝ ခု appeared first on ဧရာဝတီ.
Source : http://ift.tt/2BGXg2c
via IFTTT
No comments:
Post a Comment