မြစ်ကြီးနားတက္ကသိုလ်တွင် မူးယစ်ဆေးဝါးကင်းစင်ရေး စစ်ဆေးမှုများ စတင်ပြုလုပ် ရန်ကုန်၊ ဒီဇင်ဘာ ၂၇ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ရောင်းဝယ်ခြင်းကိစ္စများ အသံကျယ်လောင်လာသည့် မြစ်ကြီးနားတက္ကသိုလ်ကို ပြည်နယ်အစိုးရ၏ စီမံချက်အရ ဒီဇင်ဘာ ၂၀ ရက်ကစ၍ မူးယစ်ဆေးဝါး ကင်းစင်ဇုန်အဖြစ် သတ်မှတ်ကာ စစ်ဆေးမှုများ နေ့စဉ် လုပ်ဆောင်နေကြောင်း ယင်းတက္ကသိုလ်ထံမှ သိရှိရသည်။ ကျောင်းဝင်းလုံခြုံမှု မရှိသေးခြင်း၊ တောတောင်ရိပ်များ ရှိနေခြင်းကြောင့် ကျောင်းနှင့်မသက်ဆိုင်သူများ ဝင်ထွက်သွားလာကာ မှောင်ရိပ်ခို၍ မူးယစ်ဆေးဝါးသုံးစွဲမှုရှိပြီး မကြာခဏ ဆိုင်ကယ်ပျောက်ဆုံးသဖြင့် ရဲတပ်ဖွဲ့နှင့်ပူးပေါင်းကာ ကျောင်းဝင်းအတွင်း အဝင်အထွက်ကိုလည်း စစ်ဆေးသည်။ “မူးယစ်ဆေးဝါးလုပ်မယ့်သူပဲ ဖြစ်ဖြစ်၊ ဆိုင်ကယ်ခိုးမယ့်သူပဲ ဖြစ်ဖြစ်၊ မကျူးလွန်နိုင်အောင် စီစဉ်ဆောင်ရွက်ထားပါတယ်”ဟု ယင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ ဦးကျော်ဆွေညွန့်က ပြောကြားသည်။ ယခင်က ကျောင်းဝင်းအတွင်း ပြင်ပမှလာရောက်၍ မူးယစ်ဆေး သုံးစွဲသူများရှိခဲ့ပြီး တစ်ရက်လျှင် ပျမ်းမျှ ဆိုင်ကယ်ဆယ်စီးခန့် ပျောက်ဆုံးသဖြင့် ကျောင်းဝင်းလုံခြုံမှုရှိစေရန် ကျောင်းသား၊ ဆရာနှင့် ကျောင်းဝင်းအတွင်းနေထိုင်သည့် ဝန်ထမ်းမိသားစုဝင်အားလုံးကို လည်ဆွဲကတ်ပြား တစ်ခုစီထုတ်ပေးကာ ဝင်ထွက်ခွင့်ပြုကြောင်း ယင်းတက္ကသိုလ်မှ သိရသည်။ ကချင်ပြည်နယ် ရဲတပ်ဖွဲ့ ရဲအရာရှိတစ်ဦးက “မြစ်ကြီးနားတက္ကသိုလ်မှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး သုံးစွဲတာတွေ၊ ရောင်းဝယ်တာတွေ တော်တော်လေး ဆူဆူညံညံအသံတွေ ထွက်လာတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အစိုးရအဖွဲ့ကနေပြီး မူးယစ်ဆေးဝါး ကင်းစင်ဇုန် လုပ်ဖို့ဆိုပြီးတော့ စီမံချက်ချထားတယ်”ဟု ပြောကြားသည်။ ယခင်က တက္ကသိုလ်ဝင်းအတွင်း မူးယစ်ဆေးသုံးစွဲမှုကို သတင်းရရှိသော်လည်း ကျောင်းသားနှင့်အပြင်လူ ကွဲပြားမှုမရှိသဖြင့် ထိရောက်စွာ အရေးမယူနိုင်ခဲ့ခြင်းမရှိဘဲ ယခု ဒီဇင်ဘာလမှစတင်၍ ကျောင်းပတ်ဝန်းကျင်တွင် မူးယစ်ဆေး ရောင်းဝယ်နေသူများကို အဓိကထား အရေးယူမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ “အရင်ကလည်း အရေးယူတယ်။ ဒါပေမဲ့ အရင်က ရောရောနဲ့ ကျောင်းသားလိုလို အရပ်သားလိုလိုနဲ့ အခုကျတော့ စနစ်တကျစစ်ဆေးမယ်။ အပြင်ကလူဆို လုံးဝအဝင်မခံဘူး။ ရှင်းရှင်းပြောရရင် အရင်တုန်းက ကျောင်းသားတွေ ဘဝတွေကို သားသမီးချင်း ကိုယ်ချင်းစာပြီး ပျက်စီးမှာ စိုးတယ်။ အဲဒီအတွက်ကြောင့် နည်းနည်းလေး ငဲ့ညှာခဲ့ရတာတွေရှိတယ်။ ဆိုးဆိုးဝါးဝါးဖြစ်ရင်တော့ အရေးယူတာပေါ့။ ဒီလို စိစစ်လိုက်ရင်တော့ ငဲ့ညှာစရာ မရှိတော့ဘူး”ဟု အဆိုပါရဲအရာရှိက ပြောကြားသည်။ ကျောင်းသားများ သုံးစွဲသည်ကို တွေ့ရှိပါက ပထမအဆင့်အနေနှင့် မိဘနှင့်အုပ်ချုပ်ရေး အဖွဲ့အစည်းများကို သတိပေးခြင်း၊ အသိပညာပေးခြင်းများ ပြုလုပ်၍ အချင်းချင်းထိန်းချုပ်စေမည် ဖြစ်ကြောင်း၊ လိုက်နာခြင်းမရှိသည့် ကျောင်းသားများကိုမူ ထိရောက်စွာအရေးယူမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ မြစ်ကြီးနားတက္ကသိုလ်တွင် နေ့သင်တန်း တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူ ၆၅၀၀ ကျော်ရှိပြီး အဝေးသင်ကျောင်းသား၊ ကျောင်းသူ ၁၄,၀၀၀ ကျော်၊ ဆရာ၊ ဆရာမ ၂၀၀ ကျော်၊ အမူထမ်း ၃၀၀ ကျော်နှင့် နယ်မြေဝန်ထမ်း ၆၀ ခန့်ရှိကြောင်း ယင်း တက္ကသိုလ်ထံမှ သိရှိရသည်။
Source : https://goo.gl/7njRSH
via IFTTT
No comments:
Post a Comment