ရှစ်လေးလုံးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားမှု ကန့်ကွက်သူ မရှိသေးဟု ရွေးကောက်ပွဲ ကော်မရှင်ဆို ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီး ဦးဆောင်မှုနှင့် ဖွဲ့စည်းထားသော ရှစ်လေးလုံးပါတီ မှတ်ပုံတင်လျှောက်ထားမှုကို ယနေ့အချိန်အထိ လာရောက်ကန့်ကွက်သူ မရှိသေးကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးလှသိန်းက The Voice Daily သတင်းစာသို့ ပြောဆိုသည်။ ရှစ်လေးလုံး ပါတီမှတ်ပုံတင်ခွင့်ကို ဒီဇင်ဘာလ ၁၉ ရက်၌ နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ သွားရောက် လျှောက်ထားခဲ့သည်။ ယင်းကဲ့သို့ ရှစ်လေးလုံးအမည်ဖြင့် ပါတီမှတ်ပုံတင် လျှောက်ထားမှုကို ၈၈ အရေးတော်ပုံတွင် ပါဝင်သူအချို့က ကန့်ကွက် ပြောဆိုမှုများ ရှိနေသည်။ ထိုကဲ့သို့ ကန့်ကွက်ပြောဆိုမှုများ ရှိခဲ့သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တရားဝင် လာရောက် ကန့်ကွက်သူမရှိသေးကြောင်း ဒီဇင်ဘာလ ၂၆ ရက်နေ့က ယင်းကော်မရှင်ထံမှ သိရသည်။ “ဘယ်သူမှ ကန့်ကွက်တဲ့သူ မရှိသေးပါဘူး”ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောသည်။ ရှစ်လေးလုံး ပါတီအမည်ဖြင့် ပါတီတည်ထောင်လိုသူ လျှောက်ထားရာတွင် ၈၈ ကျောင်းသားများဖြစ်သော ဦးကိုကိုကြီး၊ ဦးမင်းဇေယျ အပါအဝင် စုစုပေါင်း ၁၈ ယောက်ဖြင့် လျှောက်ထားခဲ့သည်။
Source : https://goo.gl/h9VD1T
via IFTTT
No comments:
Post a Comment