ရိုက်တာသတင်းသမားနှစ်ဦးကို ချုပ်ရမန်ထပ်ယူ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃ ဖြင့် ဖမ်းဆီးခံထားရသည့် ရိုက်တာ(Reuters) သတင်းသမား နှစ်ဦးအား အောင်သပြေစစ်ကြောရေးစခန်းတွင် ၁၄ ရက်ကြာစစ်ဆေးပြီးနောက် ယနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်တရားရုံး၌ ဒုတိယအကြိမ် ရုံးထုတ်ကာ ချုပ်ရမန်ထပ်ယူလိုက်သည်။ ယနေ့ ရုံးချိန်းတွင် ရိုက်တာသတင်းဌာနမှ သတင်းထောက် ကိုသက်ဦးမောင်(ခ) ဝလုံးနှင့် ကိုကျော်စိုးဦး(ခ) မိုးအောင်တို့အား အမှုနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်ခဲ့ခြင်းမရှိဘဲ လာမည့်၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့တွင် မြောက်ပိုင်းခရိုင် တရားရုံး၌ ထပ်မံရုံးထုတ်စစ်ဆေးရန် ချိန်းဆိုခဲ့ပြီး အင်းစိန် အကျဉ်းထောင်အချုပ်သို့ ပို့ဆောင်ခဲ့သည်။ ဖမ်းဆီးခံထားရသည့် သတင်းထောက် ကိုဝလုံးက “မနေ့ညကတော့ CID မှာ တည၊ အောင်သပြေရဲတပ်ရင်း မှာတော့ ၁၄ ရက်လောက်နေခဲ့ရတယ်၊ ဘယ်တုန်းကမှ အမှားအယွင်းမလုပ်ခဲ့ဘူး၊ မီဒီယာဥပဒေချိုးဖောက်ခဲ့ တာလည်းမရှိဘူး၊ ကျင့်ဝတ်လည်းချိုးဖောက်ခဲ့တာမရှိဘူး၊ အားလုံးအဆင်ပြေအောင် လုပ်ဆောင်သွားမှာပါ” ဟု ပြောသည်။ သက်ဆိုင်ရာက သတင်းသမားနှစ်ဦးကို ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်မှုများနှင့် ပတ်သက်သည့် အစီအရင်ခံစာများ လက်ဝယ်တွေ့ရှိသည်ဟုဆိုကာ ဒီဇင်ဘာ ၁၂ ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးခံခဲ့ရပြီးနောက် ထိန်းသိမ်းထားမှုအပေါ် သတင်းထုတ်ပြန်ခြင်း မပြုလုပ်ခဲ့ဲ ယနေ့ရုံးထုတ်မှသာ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်ရခဲ့သည်။ ရှေ့နေ ဦးသန်းဇော်အောင်က “ဒီကိစ္စမှာ သတင်းသမားနှစ်ဦးကို နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေနဲ့အရေးမယူ သင့်ပါဘူး၊ သတင်းကိစ္စကို သတင်းမီဒီယာကျင့်ဝတ်နဲ့အညီ တာဝန်ထမ်းဆောင်ရင်းနဲ့ ဒီလိုမျိုးပုဒ်မတွေနဲ့ စွပ်စွဲ ခံရတာက သတင်းသမားတွေအတွက် အရမ်းကိုနစ်နာပါတယ်၊ ပြည်သူအတွက်လည်း သိပိုင်ခွင့်ဆုံးရှုံးပါတယ်။ ဥပဒေ အရ ခုခံ ချေပသွားပါမယ်”ဟု ပြောသည်။ ၎င်းတို့ဖမ်းဆီးခံရမှုနှင့်ဆက်စပ်၍ ပါဝင်ပတ်သက်သည်ဟုဆိုကာ မောင်တော-ဘူးသီးတောင်ဒေသတွင် တာ ဝန်ထမ်းဆောင်ခဲ့သည့် ဒုတိယရဲမှူး မိုးရန်နိုင်နှင့် ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့ကို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေအပြင် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့်ပါ အရေးယူမည်ဟု ရဲတပ်ဖွဲ့မှ ထုတ်ပြန်ကြေညာထားသော်လည်း ၎င်းရဲတပ်ဖွဲ့ဝင်နှစ်ဦးနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်ကို ယနေ့အထိ ထုတ်ပြန်ကြေညာခြင်းမရှိသေးပါ။ သတင်းသမားနှစ်ဦးအား ဖမ်းဆီးရန် နိုင်ငံတော်သမ္မတရုံးမှ ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားထားပြီး ပြန်ကြားရေးဝန်ကြီးဌာနမှလည်း သတင်းသမားနှစ်ဦးအနေဖြင့် အရေးကြီးလုံခြုံရေး စာရွက်စာတမ်းအထောက်အထားများအား ပြည်ပသတင်းဌာနများသို့ ပေးပို့ရန် ရည်ရွယ်ချက်ဖြင့် တရားမဝင်သတင်းရယူ ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့သည်။ ရိုက်တာသတင်းထောက်နှစ်ဦးအား ရန်ကုန်မြို့တွင် ဖမ်းဆီးပြီးနောက် ၎င်းတို့သွားရောက်သ တင်းရယူခဲ့သည့် မောင်တောမြို့နယ် အင်းဒင်ကျေးရွာရှိ ကျေးရွာသားနှစ်ဦးနှင့် ကျောင်းဆရာအချို့ကို ရဲတပ်ဖွဲ့မှ ခေါ်ယူစစ်ဆေးလျှက်ရှိကြောင်း သိရသည်။ ထိုပြင် အင်းဒင်ကျေးရွာ သုဿန်တွင်လည်း ရွာခံတဦး၏ သတင်းပေးချက်အရ မြေမြုပ်ထားသည့် အမည်မသိ လူသေရုပ်အလောင်များ တွေ့ရှိခဲ့ပြီး ၎င်းရုပ်အလောင်းများနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပါဝင်ပတ်သက်မှုရှိကြောင်း တွေ့ရှိပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးရေးကော်မတီတရပ်ကိုလည်း ဖွဲ့စည်းခဲ့သည်။ The post ရိုက်တာသတင်းသမားနှစ်ဦးကို ချုပ်ရမန်ထပ်ယူ appeared first on ဧရာဝတီ.
Source : http://ift.tt/2zAOYHc
via IFTTT
No comments:
Post a Comment