Thursday, December 28, 2017

The Voice

ပုဂံရှုခင်းကြည့်ဘုရားများပေါ် မတက်ရောက်နိုင်စေရန် အကာအရံများ ပြုလုပ်မည် မန္တလေး၊ ဒီဇင်ဘာ ၂၇ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရားစေတီပုထိုးများပေါ်မှ နေဝင်နေထွက်ချိန် ကြည့်ရှုခြင်းများကို တားမြစ်နိုင်ရန်အတွက် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှစတင်ကာ အကာအရံများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။ ပုဂံဘုရားများပေါ်မှ ပြုတ်ကျ၍ အသက်ဆုံးရှုံးမှု ဖြစ်စဉ်များမှ ကာကွယ်ရန်၊ ပုဂံဘုရားများပေါ်တွင် အဂါရဝဖြစ်စေသည့် အပြုအမူများ၊ အညစ်အကြေး စွန့်ခြင်းများမှ ကာကွယ်ရန်၊ နှစ်ပေါင်းရာချီ သက်တမ်းကြာမြင့်နေခြင်း၊ သဘာဝဘေးအန္တရာယ်များ အကြိမ်ကြိမ်ခံထားရသဖြင့် ကြံ့ခိုင်မှုအားနည်းလာခြင်း၊ အရှည်သဖြင့် တည်တံ့နိုင်ရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် စီစဉ်ရခြင်းဖြစ်ကြောင်း၊ ဌာနဆိုင်ရာ အသီးသီး၏ သဘောတူညီချက်ဖြင့် ဆုံးဖြတ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။ ကောက်ယူထားသည့် စာရင်းများအရ အကာအရံပြုလုပ်မည့် ဘုရားအဆူ ၈၀ ခန့်ရှိပြီး ယင်းဘုရားများတွင် အကာအရံများ တပ်ဆင်ရန် ကုန်ကျစရိတ်များ တွက်ချက်ခြင်း၊ ကာရံမည့် ဒီဇိုင်းရေးဆွဲခြင်းများ ပြုလုပ်လျက်ရှိပြီး လက်ရှိတွင် နေဝင်နေထွက်ချိန် ကြည့်ရှုနိုင်မည့် ဘုရားများပေါ်သို့ တက်ရောက်ခြင်းမပြုနိုင်ရန် အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း ဦးအောင်အောင်ကျော်က ပြောကြားသည်။ ပုဂံရှုခင်း ကြည့်ရှုနိုင်ရန်အတွက် အရှေ့အိုးထိန်းကုန်း၊ အနောက်အိုးထိန်းကုန်း၊ ကိုမောက်ကန် ရှုခင်းကြည့် တောင်ကုန်း၊ ညောင်လက်ဖက်ကန် ရှုခင်းကြည့်တောင်ကုန်းနှင့် စူဠာမဏိကန် ရှုခင်းကြည့်တောင်ကုန်းများမှ ပုဂံရှုခင်းများကို ကြည့်ရှုနိုင်ရန် စီစဉ်ထားကြောင်း ယင်းဌာနထံမှ သိရသည်။ ပုဂံဘုရားများကို စတင် တည်ဆောက်စဉ်ကတည်းက အပေါ်သို့ တက်ရောက်နိုင်ရန်အတွက် ရည်ရွယ်တည်ဆောက်ထားပြီး ပုဂံဘုရားများပေါ်မှ ကြည့်ရှုရသည့် မြင်ကွင်းများနှင့် ရှုခင်းကြည့် တောင်ကုန်းမှ ကြည့်ရှုရသည့် မြင်ကွင်းများမှာ မတူညီကြောင်း၊ ပြည်ပခရီးသွားများအနေနှင့် ဘုရားများပေါ်မှ ကြည့်ရှုရသည့် မြင်ကွင်းများကို ပိုမိုနှစ်သက်ကြကြောင်း၊ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ကြံ့ခိုင်မှုကောင်းသည့် ဘုရားများကို စစ်ဆေး၍ ခွင့်ပြုသင့်ကြောင်း ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဧည့်လမ်းညွှန်အချို့က ပြောကြားသည်။
Source : https://goo.gl/Sy1efK
via IFTTT

No comments:

Post a Comment