ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အများစု ယနေ့ကစ၍ ငါးရက် မီးပြတ်မည် ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရန်ကုန်တိုင်းအတွင်းရှိ ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်မည်ဖြစ်သဖြင့် ယနေ့ (ဒီဇင်ဘာလ ၂၇ ရက်)ကစ၍ ငါးရက်ခန့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းထံမှ သိရသည်။ ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ ထိန်းသိမ်းပြုပြင်ခြင်း၊ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်များ ခုတ်ထွင်ရှင်းလင်းမည်ဖြစ်၍ ဒီဇင်ဘာလ ၂၇ ရက် နှင့် ၂၈ ရက် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ လျှပ်စစ်ဓာတ်အား ဖြတ်ထားမည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်ထားသည်။ “တစ်ရက်ကို သုံးနာရီအတွင်း ပြီးအောင် လုပ်မှာပါ”ဟု ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။ လုပ်ငန်းဆောင်ရွက်နေစဉ် အင်းစိန်၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ လှည်းကူး၊ မှော်ဘီ၊ ထောက်ကြန့်၊ တိုက်ကြီး၊ အဖျောက်၊ ဥက္ကံ၊ ဖောင်ကြီး၊ ဒါးပိန်၊ အင်းတိုင်၊ မြောင်းတကာ၊ ထန်းတပင်၊ လှိုင်၊ အလုံ၊ ကမာရွတ်၊ မရမ်းကုန်း၊ ဗဟန်း၊ လမ်းမတော်၊ စမ်းချောင်း၊ ကြည့်မြင်တိုင်မြို့နယ်တို့ကို လျှပ်စစ်ဓာတ်အားဖြတ်တောက်ထား မည်ဖြစ်သည်။ ယင်းအပြင် ရန်ကုန်တိုင်းအတွင်းရှိ ဓာတ်အားပေး စက်ရုံများ လည်ပတ်ရန် ပေးပို့နေသည့် ရတနာသဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ အစိတ်အပိုင်း အချို့ကို ပိတ်သိမ်း (Partial Shut Down) မည်ဖြစ်သောကြောင့် ရန်ကုန်တောင်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်အချို့တွင် ဒီဇင်ဘာ ၂၇ ရက် (ယနေ့) မှ ဇန်နဝါရီလ ၂ ရက်နေ့အထိ လျှပ်စစ်မီး အချိန်ပိုင်း ပြတ်တောက်နိုင်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းထံမှ ထပ်မံ သိရသည်။ အဆိုပါခရိုင်များအတွင်း လျှပ်စစ်မီး သုံးစွဲမှုများသည့် နံနက် ၉ နာရီနှင့် ၁၀ နာရီအတွင်းနှင့် ညနေ ၅ နာရီမှ ၇ နာရီ စသည့် အချိန်ကာလများတွင် တစ်နေ့လျှင် နှစ်ကြိမ်ခန့် မီးပြတ်နိုင်သည်ဟု အဆိုပါ ကော်ပိုရေးရှင်း၏ ဓာတ်အားဖြန့်ဖြူးရေးဌာန တာဝန်ရှိသူက ရှင်းပြသည်။ “မီးအသုံးများတဲ့ အချိန်တွေမှာ သက်ဆိုင်ရာ ဖီဒါ (လိုင်းခွဲ) တွေအလိုက် ဝန်အားလျှော့ချရတဲ့အတွက် မီးပြတ်နိုင်တယ်ဆိုပြီး ကြိုတင် အသိပေးထားတာပါ”ဟု ၎င်းကဆိုသည်။ ယင်သို့ ရတနာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ အစိတ်အပိုင်းအချို့ကို ပိတ်သိမ်း (Partial Shut Down) မည်ဖြစ်သောကြောင့် လျော့နည်းသွားသည့် ဓာတ်အားများကို ဖြည့်တင်းနိုင်ရန် ဘီလူးချောင်း (၁) ၊(၂)၊ အထက်ပေါင်းလောင်း၊ ရဲရွာနှင့် ရွှေလီ (၁) ဓာတ်အားပေးစက်ရုံတို့မှနေ၍ ပြန်လည် ဖြည့်တင်းပေးရန် စီစဉ်ထားကြောင်း၊ ယင်းအချိန်များတွင် ဓာတ်အားခွဲရုံများ၌ ဝန်ပိုသုံးစွဲမှုများ ဖြစ်လာနိုင်ကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်ထားသည်။ ရန်ကုန်တိုင်းအတွင်းရှိ တောင်ပိုင်းခရိုင်တွင် အများဆုံး ဓာတ်အားသုံးစွဲမှု ပမာဏမှာ ၄၄ မဂ္ဂါဝပ်အထိရှိပြီး မြောက်ပိုင်းခရိုင်အတွင်း၌မူ ၃၈၀ မဂ္ဂါဝပ်အထိ အမြင့်ဆုံးသုံးစွဲခဲ့ကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ ၂၀၁၆ ခုနှစ် စစ်တမ်းအရ သိရသည်။
Source : https://goo.gl/NS7cLv
via IFTTT
No comments:
Post a Comment