ရန်ကုန်မြို့ရှိ မြို့နယ်တချို့ ၇ ရက် အချိန်ပိုင်း လျှပ်စစ်မီး ပြတ်မည် ရန်ကုန်မြို့ရှိ မြို့နယ်တချို့ ဒီဇင်ဘာ ၂၇ ရက်မှ စ၍ ၇ ရက်ကြာ အချိန်ပိုင်း လျှပ်မီး ပြတ်တောက်မည် ဖြစ်ကြောင်း ရန်ကုန် လျှပ်စစ် ဓာတ်အား ပေးရေး ကော်ပိုရေးရှင်းက ပြောသည်။ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အပူစွမ်းအင်သုံး ဓာတ်အားပေး စက်ရုံများသို့ သဘာဓာတ်ငွေ့ ပေးပို့လျက်ရှိသော ရတနာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ပြင်ဆင်ရန် ရှိ၍ ဖြစ်သည်ဟု ဆိုသည်။ ရန်ကုန်မြောက်ပိုင်း နှင့် တောင်ပိုင်းခရိုင် အတွင်းရှိ မြို့နယ်တချို့တွင် ယာယီအချိန်ပိုင်း ဓာတ်အား ပြတ်တောက်မည် ဖြစ်ပြီး ပြတ်တောက်မည့် မြို့နယ်များမှာ အလှည့်ကျ ပြတ်တောက်မည် ဖြစ်ရာ မြို့နယ် အတိအကျ ပြောပြရန် အခက် အခဲရှိကြောင်း ရန်ကုန် လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူ တဦးက ပြောသည်။ ရတနာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို ၂၀၁၇ ဒီဇင်ဘာလ ၂၇ ရက်မှ ၂၀၁၈ ဇန်နဝါရီလ ၂ ရက်နေ့အတွင်း ထိန်းသိမ်း ပြုပြင်မည် ဖြစ်၍ ပိုက်လိုင်းကို Partial Shut Down တစိတ်တပိုင်း ပိတ်မည် ဖြစ်သောကြောင့် လျှပ်စစ်ဓာတ်အား ၁၃၅ မဂ္ဂါဝပ်ခန့် ထုတ်လုပ်မှု လျော့နည်းမည်ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောပြသည်။ “Partial Shut Down က ကျတော့ ပုံမှန် Gas ပိုက်တွေကို Shut Down လုပ်ပြီးတော့မှ ထိန်းသိမ်း ပြုပြင်ရေး လုပ်ငန်း တွေကို လုပ်တယ်ပေါ့၊ ပိုက်လိုင်းတွေကို။ အခုလုပ်တာက Partial Shut Down ပဲလုပ်တာ၊ တခါတလေကျရင် Total Shut Down လုပ်တယ်။ Total Shut Down လုပ်ရင်တော့ ပိုများတာပေါ့နော်”ဟုလည်း ၎င်းကဆိုသည်။ အဆိုပါလျှပ်စစ် ဓာတ်အား လျော့နည်းမှုကို ဘီလူးချောင်း ၁၊ ၂၊ အထက်ပေါင်းလောင်း၊ ရဲရွာနှင့် ရွှေလီ ၁ ဓာတ်အား ပေး စက်ရုံများမှ ပြန်လည် ဖြည့်တင်းရန် စီစဉ်ထားသော်လည်း လှိုင်သာယာ ဓာတ်အားခွဲရုံနှင့် လှော်ကား ပင်မ ဓာတ် အားခွဲ ရုံတို့တွင် ဓာတ်အားအဝင်သည် ခံနိုင်ဝန်အားထက် ပိုမိုနိုင်သဖြင့် အပိုင်းလိုက် ဝန်အား လျှော့ချသွားမည် ဖြစ်ကြောင်း ရန်ကုန် လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းထံမှ သိရသည်။ အထူးသဖြင့် ဓာတ်အား အများဆုံး အသုံးပြုသည့် နံနက် ၉ နာရီနှင့် နံနက် ၁၀ နာရီ အချိန်တွင် တကြိမ် ညနေ ၅ နာရီ နှင့် ည ၇ နာရီ အချိန်ကာလများတွင် တကြိမ် အပိုင်းလိုက် ဝန်အားလျှော့ချ သွားမည်ဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ 230 KV ဘုရင့်နောင် ဓာတ်အားခွဲရုံ ပြင်ဆင်မည်ဖြစ်သဖြင့် ဒီဇင်ဘာ ၂၇ ရက်နေ့ နှင့် ၂၈ ရက်နေ့တို့တွင် ကမာရွတ်၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ဗဟန်း၊ ဒဂုံမြို့နယ်များရှိ ရပ်ကွက်တချို့တွင် ၁၀ မိနစ်စီခန့် ဓာတ်အား ပြတ်တောက်နိုင်ကြောင်း သိရသည်။ ရတနာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် မုတ္တမ ပင်လယ်ကွေ့ အက်ဒမန် ပင်လယ်အတွင်းရှိ ရတနာ ကမ်းလွန် သဘာဝ ဓာတ်ငွေ့ လုပ်ကွက်မှ ရန်ကုန်မြို့သို့ အချင်း ၂၄ လက်မ အကျယ်ရှိပြီး ၂၈၇ ကီလိုမီတာ ရှည်လျားသော ပိုက်လိုင်းဖြင့် ၂၀၁၀ ခုနှစ်ကတည်းက သဘာဝဓာတ်ငွေ့ ပေးပု့ိလျက်ရှိသည့် ပိုက်လိုင်းဖြစ်သည်။ ရန်ကုန်တိုင်း လှိုင်သာယာ အခြေခံအထည်ချုပ် လုပ်ငန်းရှင်အသင်း ဥက္ကဌ ဒေါက်တာ ခင်မောင်အေး“မီးပြတ်တော့ စရိတ် တက်တာပေါ့နော်။ အဓိကကတော့ စရိတ်တက်တာပေါ့ ကျနော်တို့လုပ်ငန်းတွေ လုပ်ကိုင်တာမှာတော့ မီးက လာလိုက် မလာလိုက်ဆိုရင် အခက်အခဲရှိတာပေါ့၊ ဒါပေမယ့် မီးစက်တွေရှိတော့ လုပ်ငန်းကတော့ လုပ်လို့ရတယ်။ ကျနော်တို့ ကုန်ကျစရိတ် များသွားတဲ့ သဘောပါပဲ။ ပြတ်မယ်လို့ ပြောပေမယ့် တနေ့လုံးပြတ်မယ်လို့ မထင်ပါဘူး။ ကြားထဲ မီးရနေတော့ နည်းနည်း တော်ပါသေးတယ်။ တနေ့လုံး ပြတ်ထားရင်သာ မီးစက်တွေက မခံနိုင်ဘူးဗျ”ဟု ဧရာဝတီ သို့ ပြောသည်။ The post ရန်ကုန်မြို့ရှိ မြို့နယ်တချို့ ၇ ရက် အချိန်ပိုင်း လျှပ်စစ်မီး ပြတ်မည် appeared first on ဧရာဝတီ.
Source : http://ift.tt/2Cb5oJb
via IFTTT
No comments:
Post a Comment