၅ နှစ်အရွယ်ကလေးငယ် သတ်ဖြတ်ခံရမှု ပုသိမ်မြို့တွင်ဖြစ်ပွား ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမှတ် ၆ စစ်အခြေခံ လေ့ကျင့်ရေး တပ်ရင်းတွင် လူကြီးချင်းစကားများသည်ကို အငြှိုးထား၍ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်ကို ဝါးစိမ်းတုတ်ဖြင့် ရိုက်သတ်ခဲ့မှု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ အမှတ် ၆ လေ့ကျင့်ရေး တပ်ရင်း အိမ်ထောင်သည် လိုင်းခန်းတွင်နေထိုင်သည့် စိုက်ခြံတာဝန်ခံ တပ်သား ဆန်းဝေ၏ဇနီး ဝေဝေလေးသည် လိုင်းခန်းခေါင်းဆောင် တပ်သားကျော်စိုးနိုင်၏ ဇနီး ဒေါ်နှင်းဝေ အောင်နှင့် ရေကန်လှယ်ရန် ကိစ္စနှင့် ပတ်သက်၍ စကားများပြီး ဒေါ်နှင်းဝေအောင်မှ ဝေေ၀လေးကို ပါးရိုက်ခဲ့မှုဖြစ်ပွားခဲ့ကြောင်း၊ ဝေေ၀လေးမှ အဆိုပါ ပါးရိုက်မှုကို အငြှိုးထားကာ ဒေါ်နှင်းဝေအောင်၏ သမီး ဖြစ်သူ အသက် ၅ နှစ်အရွယ်ရှိ မနှင်းရတီနိုင် အိမ်ရှေ့ လာကစားခိုက်တွင် အိမ်ခန်းတွင်း ခေါ်သွင်းကာ ဝါးစိမ်းတုတ်ဖြင့် ဦးခေါင်းအား ရိုက်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။ “အသတ်ခံရတဲ့ ကလေးအမေနဲ့ သတ်တဲ့ အမျိုးသမီးက ပထမတနေ့ကမှ စကားများ ထားတာ။ အဲဒါကို မကျေနပ်လို့ ကလေးက အိမ်ရှေ့မှာ ကစားနေတုန်း ချော့ခေါ်ပြီး ဝါးစိမ်းတုတ်နဲ့ရိုက်သတ်တာ။ သတ်ပြီးမှ အလောင်းကို တခြားနေရာသွား စွန့်တာပါ။ သတ်တဲ့အမျိုးသမီးကိုလည်း ဖမ်းထားပြီးပါပြီ။ သက်သေခံ ပစ္စည်းလည်း စုံနေပြီဆိုတော့ အမှုကိုတည်ဆောက်ပြီး တရားရုံးကို တရားစွဲဆို တင်ပို့သွားမှာပါ”ဟု ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှုးကြီး ခင်မောင်လတ်က ဧရာဝတီကို ပြောသည်။ ဝေဝေလေးသည် ကလေးအားသတ်ပြီးနောက် ဝတ်ဆင်ထားသည့် နားကပ်အားချွတ်ယူကာ ဖွက်ထားခဲ့ပြီး တပ်ရင်းပိုင် ဆိတ်များ ကျောင်းပြီး အိမ်သို့ ပြန်လာသည့် ယောကျ်ားဖြစ်သူ တပ်သား ဆန်းဝေအား ပြောပြပြီးနောက် လင်မယား ၂ ဦးသည် အလောင်းအား ပီနံအိတ်ထဲ ထည့်သွင်းသယ်ယူ၍ လိုင်းခန်းအစပ် လယ်ကွင်းနားရှိ ရေမြောင်းအတွင်းမှ ခြုံပုတ်ထဲသို့ သွားရောက်စွန့်ပစ်ခဲ့ခြင်း ဖြစ်ကြောင်း ရဲစခန်းစစ်ဆေး ပေါ်ပေါက်ချက်များအရ သိရသည်။ “လိုင်းခန်းမှာ သောက်သုံးရေကန်ရှိတယ်။ ရန်ဖြစ်တဲ့နေ့က လိုင်းခန်း ခေါင်းဆောင် ရဲ့မိန်းမက မဝေလေးကို ရေကန်လှယ်မလို့ နင်ဘယ်သွား နေတာလဲ မေးတာမှာ မဝေလေးက ငါးသွားရောင်းနေရလို့ ပြောတော့ စစ်သည်မိန်းမတွေရှေ့မှာပဲ ပါးရိုက်လို့ မြေကြီးပေါ်လဲသွားတယ်။ အဲဒါကိုငြိုးပြီး မိသားစုဝင် တယောက်ကို နာအောင်ပြန်လုပ် မယ်ဆိုပြီး လုပ်ရင်းနဲ့ လူသတ်မှု အထိ ဖြစ်သွားတာ”ဟု အနောက်တောင်တိုင်း စစ်ဌာနချုပ် အမှတ် ၆ စစ်အခြေခံ လေ့ကျင့်ရေး တပ်ရင်းနှင့် နီးစပ်သူတဦးက ပြောသည်။ အသက် ၅ နှစ်အရွယ် မနှင်းရတီနိုင်မှာ ပျောက်ဆုံးနေသည့်အတွက် တပ်ရင်းရှိ အိမ်ထောင်သည် လိုင်းခန်းမှ မိသားစုများ ဝိုင်းဝန်းရှာဖွေနေချိန်တွင် ဝေေ၀လေးနှင့် တပ်သား ဆန်းဝေတို့မှာ လိုက်မရှာဘဲ နေအိမ်တွင် ရပ်ကြည့်နေသည့် အတွက် ကျန်လူများက မသင်္ကာဖြစ်ခဲ့ပြီး ဝေေ၀လေးတို့အိမ်တွင် မနှင်းရတီနိုင်ကို သတ်ဖြတ် ထုပ်ပိုးခဲ့သည့် ပီနံအိတ်ကို တွေ့ရှိရာမှတဆင့် လူသတ်မှုပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လူသတ်မှု ဖြစ်ပွားပြီးနောက် ယမန်နေ့ ညနေပိုင်းတွင် ဝေေ၀လေးအား ပုသိမ်မြို့မစခန်းမှ ဖမ်းဆီးကာ စခန်းတွင် ချုပ်နှောင်ထားခဲ့ပြီး တပ်သား ဆန်းဝေကိုလည်း အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ စစ်ခုံရုံးဖွဲ့စည်း၍ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။ အဆိုပါ လူသတ်မှုဖြစ်စဉ်အရ ၅ နှစ်အရွယ် ကလေးငယ်အား ဝါးစိမ်းတုတ်နှင့် ရိုက်သတ်ခဲ့သူ မဝေဝေလေးအား အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးဖြိုးဝေမြင့်က တရားလိုပြုလုပ်၍ ပုသိမ်မြို့မရဲစခန်းတွင် (ပ)၅၄၁/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(လူသတ်မှု)ဖြင့် ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း သိရသည်။ The post ၅ နှစ်အရွယ်ကလေးငယ် သတ်ဖြတ်ခံရမှု ပုသိမ်မြို့တွင်ဖြစ်ပွား appeared first on ဧရာဝတီ.
Source : http://ift.tt/2BXOvRm
via IFTTT
No comments:
Post a Comment