ဖမ်းဆီးခံထားရသည့် ရိုက်တာသတင်းထောက်နှစ်ဦးကို ယနေ့ ရုံးထုတ်မည် ရန်ကုန်၊ ဒီဇင်ဘာ ၂၆ နိုင်ငံတော် လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ (၃) ဖြင့် အမှုဖွင့် ဖမ်းဆီး အရေးယူထားသော ရိုက်တာသတင်းထောက် နှစ်ဦးကို ဒီဇင်ဘာလ ၂၇ ရက်တွင် မင်္ဂလာဒုံမြို့နယ်တရားရုံးတွင် ရုံးထုတ်မည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။ ဒီဇင်ဘာလ ၁၂ ရက် ညပိုင်းက အမှတ် (၃) လမ်းရှိ နီလာလမ်းဆုံတွင် ဖမ်းဆီးခံရသည့် ရိုက်တာ သတင်းဌာနမှ သတင်းထောက် ကိုဝလုံး (ခ) သက်ဦးမောင်နှင့် ကျော်စိုးဦး(ခ) မိုးအောင်တို့ နှစ်ဦးကို အမှတ်(၈) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ တပ်ရေးဗိုလ်ကြီး ဒုရဲမှူးဇော်နိုင်က ထောက်ကြန့် နယ်မြေရဲစခန်းတွင် နိုင်ငံတော် လျှို့ဝှက်ချက်များ အက် ဥပဒေ (၃) ဖြင့် အမှုဖွင့် အရေးယူပေးရန် တရားလိုပြု တိုင်ကြားခဲ့သည်။ “မနက်ဖြန်(ဒီဇင်ဘာလ ၂၇ ရက်) မှာ ချုပ်ရမန် ပြည့်မယ်လို့ သိရတယ်။ နောက်ထပ် ချုပ်ရမန်တစ်ပတ် ထပ်ယူမယ် ဆိုပေမယ့် လူခေါ်လာမလား မခေါ်လာဖြစ်လား ဆိုတာကိုတော့ ပြောလို့မရဘူးလို့ ပြောတယ်။ မျက်ကွယ် ချုပ်ရမန်ယူလို့ရတယ်လို့ ကြားမိတော့ လူခေါ်မလာမှာဘဲ စိုးရိမ်နေမိတယ်။ အခုထိ အမှုစစ်ဆီ ဖုန်းဆက်တော့လည်း မကိုင်ဘူး”ဟု ကိုဝလုံး၏ ဇနီးဖြစ်သူက ပြောသည်။ ဖမ်းဆီးခံရသည့် ရိုက်တာ သတင်းထောက်နှစ်ဦးမှာ ယခုနှစ် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်တွင် တာဝန်ထမ်းဆောင်ခဲ့သော တပ်ဖွဲ့ဝင်နှစ်ဦးထံမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ကျန်ရှိခဲ့သည့် လူ၊ လက်နက် ခဲယမ်းနှင့် အစီရင်ခံစာ မိတ္တူ၊ အကြမ်းဖက်ဘင်္ဂါလီများ ဝင်တိုက်သည့် အသေးစိတ် အစီရင်ခံစာ မိတ္တူနှင့် ဘင်္ဂါလီ ကျေးရွာများ မီးလောင်မှု အခြေအနေ၊ လူနေထိုင်မှု အခြေအနေနှင့် လူဦးရေစာရင်း အစီရင်ခံစာ မိတ္တူတို့ကို လက်ခံရယူခဲ့ပြီး အပြန်လမ်းတွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ သတင်းထောက်နှစ်ဦး ဖမ်းဆီး အရေးယူမှုကို ရဲတပ်ဖွဲ့က တရားဥပဒေနှင့်အညီ စစ်ဆေးနေကြောင်း နိုင်ငံတော်သမ္မတရုံးမှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောကြားထားပြီး အဆိုပါ ဖမ်းဆီးထားသည့် သတင်းထောက်နှစ်ဦးကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုမူ လက်ရှိအချိန်ထိ သိခွင့်မရရှိသေးကြောင်း ကိုဝလုံး၏ ဇနီးထံမှ သိရှိရသည်။ ဖမ်းဆီးထားသည့် သတင်းထောက် နှစ်ဦးကို မိသားစုနှင့် တွေ့ဆုံခွင့်ပေးရန်နှင့် မည်သည့်နေရာတွင် ထိန်းသိမ်းစစ်ဆေးနေကြောင်းကို သိခွင့်ပေးရန် ပြည်တွင်း ပြည်ပ မီဒီယာအဖွဲ့အစည်းများက တောင်းဆိုထားပြီး အနက်ရောင် လှုပ်ရှားမှုကို ပြည်တွင်း မီဒီယာများက ပြုလုပ်နေကြသည်။ ရိုက်တာ သတင်းဌာနမှလည်း ၎င်းတို့၏ သတင်းထောက်နှစ်ဦး ပြန်လည် လွတ်မြောက်သည့်အထိ ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပုဂ္ဂလိက မီဒီယာတစ်ခုထံတွင် ဖြေကြားထားပြီး ချုပ်ရမန်ကြီး ၁၅ ရက် ပြည့်ပါက ဖမ်းဆီးခံထားရသော ရိုက်တာ သတင်းထောက်နှစ်ဦးမှာ မိသားစုနှင့် တွေ့ဆုံခွင့်ရနိုင်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးတင်မြင့်က မီဒီယာများထံ ဖြေကြားခဲ့သည်။
Source : https://goo.gl/Zxni3D
via IFTTT
No comments:
Post a Comment