ပထမဆုံး ကျောက်စိမ်းလိုဏ်ဂူ အမရပူရတွင် ဖွင့်လှစ်မည် မြန်မာနိုင်ငံ၏ ပထမဆုံး ကျောက်စိမ်းလိုဏ်ဂူကို မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် ပြုလုပ်လျက်ရှိပြီး ၂၀၁၈ ခုနှစ် မတ်လ အတွင်း ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း ဝေရောစနကျောက်စိမ်းစေတီတော် ဂေါပကအဖွဲ့၊ ကျောက်စိမ်းလိုဏ်ဂူတော် တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီ က ပြောသည်။ အမရပူရမြို့နယ်၊ ဆင်ရွာမြင်းမှူးကျေးရွာအနီးတွင် တည်ထားသော ဝေရောစန ကျောက်စိမ်းစေတီတော် ပရဝုဏ်အတွင်း၌ ကျောက်စိမ်း တန်ချိန် ၃၀၀ ကျော်ဖြင့် တည်ဆောက်လျက်ရှိရာ ၉၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း ကျောက်စိမ်းလိုဏ်ဂူတော် တည်ဆောက်ရေး ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ကြီး က ပြောသည်။ ဦးခင်မောင်ကြီး က “ကျောက်စိမ်းစေတီတော်ကြီးရဲ့ ပရဝုဏ်အတွင်းမှာပဲ လိုဏ်ဂူတော်ကို တည်ဆောက်နေတာပါ၊ အခုဆိုရင် ရာခိုင်နှုန်း ၉၀ ကျော် ပြီးစီးနေပါပြီ၊ လာမယ့် တပေါင်းလပြည့် အမီ ဖွင့်လှစ်ပေးသွားမှာဆိုပေမယ့် အခုကတည်းက ဝင်ရောက်လေ့လာခွင့် ပြုထားပါတယ်၊ ကျောက်စိမ်းကမ္ဘာ ပြတိုက်တစ်ခုလို ဖြစ်အောင် လုပ်ဆောင်ပေးထားပါတယ်” ဟု ပြောသည်။ အဆိုပါ ကျောက်စိမ်းလိုဏ်ဂူကို သြဝါဒ ဆရာတော်ကြီးများ၏ မိန့်ကြားချက်အရ တည်ဆောက်ခြင်းဖြစ်ပြီး လိုဏ်ဂူတော်သည် အဝအကျယ် ကိုးပေ၊ အမြင့် ၁၃ ပေ၊ အရှည် ၂၂၃ ပေရှိပြီး လိုဏ်ဂူတော် အပေါ်ပိုင်းကို ဟိမဝန္တာတောင်တန်း ပုံသဏ္ဍာန် ဖော်ထားပြီး အဝင်ဝတွင် ကျောက်စိမ်းများဖြင့် ထုလုပ်ထားသည့် နဂါးနှစ်ကောင်နှင့် လှည်းဘီးတို့ကို ပြုလုပ်ထားသည်။ “လိုဏ်ဂူတော်မှာ ကျောက်စိမ်းအချောထည်တွေ မပါဘဲ အကာသားချည်း တန်ချိန် ၃၀၀ အသုံးပြုထားပါတယ်။ နောက်ပြီး လိုဏ်ဂူတော် ထဲမှာ ကာလပေါက်ဈေးအရ သိန်းပေါင်း သောင်းချီတန်တဲ့ အဖိုးတန် ကျောက်မျက် ရတနာတွေကိုပါ ထည့်သွင်းအသုံးပြုထားတဲ့အတွက် ကျွန်းတံခါးနဲ့ စတီးတံခါး နှစ်ထပ်နဲ့ လုံခြုံရေး အပိုင်းကိုလည်း ဆောင်ရွက်ပေးထားပါတယ်” ဟု ဦးခင်မောင်ကြီး က ပြောသည်။ မကြာခင်ဖွင့်လှစ်တော့မည့် ကျောက်စိမ်းလှိုင်ဂူတော် /ဒီလှိုင်းဝင်း/ ဧရာဝတီ လိုဏ်ဂူအတွင်း၌ ကျောက်စိမ်း အချောထည်များ မပါ အကာသားချည်း သီးသန့် တန်ချိန် ၃၀၀၊ မိုးကုတ်ကျောက် ပတ္တမြားအစစ်များနှင့် အတူ မိုးကုတ် ဆရာတော်ဘုရားကြီး၏ ဓာတ်တော်မွေတော်များ၊ ကျောက်စိမ်းဖြင့် ထုဆစ်ထားသော ဗုဒ္ဓဆင်းတုရုပ်ပွားတော်များ၊ ဝေရောစန ကျောက်စိမ်း စေတီတော်တွင် တင်လှူပူဇော်ထားသည့် စိန်ဖူးတော် ကျောက်စိမ်းနမူနာ၊ အောင်ခြင်းရှစ်ပါး၊ ဇာတ်တော်ကြီး ဆယ်ဘွဲ့၊ မြန်မာ့ကျောက်မျက်များကို ပျူခေတ်၊ ပုဂံခေတ်မှပင် အမြတ်တနိုးဝတ်ဆင်ခဲ့ကြသည်ကို ပေါ်လွင်စေမည့် ရှေးခေတ်လက်ရာပုံစံဖြင့် ထုဆစ်ထားသည့် ကျောက်စိမ်းရုပ်တုများ ပါရှိသည်။ ထိုပြင် ဘုရားဒါယကာ ဦးစိုးနိုင် ဆောက်လုပ်လှူဒါန်းခဲ့သော သာသနိက အဆောက်အအုံများ၏ ပုံစံငယ်များ၊ မြန်မာ့ဆယ်နှစ်လ ရာသီပွဲတော်များကို ကျောက်စိမ်းများဖြင့် ပုံဖော်ထုဆစ်ထားသည့် သမိုင်းဝင်လက်ရာ ပုံစံငယ်များ၊ ကျောက်တူးသမားများ၏ မိမိတို့ ဘဝအတွက် မျှော်လင့်ခြင်းများဖြင့် တူးဖော်ကြပုံကို “မျှော်လင့်ခြင်းများစွာ” အမည်ဖြင့် ပုံဖော်ထားသည်။ ကျောက်စိမ်းထွက်ရှိရာ ရတနာနယ်မြေ အသီးသီးတို့၏ အမည်များနှင့် ထွက်ရှိသော ကျောက်စိမ်းနမူနာများ၊ ကျောက်စိမ်းများကို ပိုင်းဖြတ်လိုက်စဉ် သဘာဝအတိုင်း ရုပ်ပုံများပေါ်လာသော ကျောက်စိမ်းတုံးများ၊ သဘာဝအတိုင်း ဖြစ်ပေါ်သော သစ်ပင်ပုံများကို ရည်ညွှန်းထားသည့် “ထူးဆန်းထွေလာ သစ်ပင်ကမ္ဘာ”ဟု အမည်ပေးထားသော ကျောက်စိမ်း သရုပ်ဖော်ပြကွက်၊ ကျောက်စိမ်း စေတီတော်ကြီးတွင် ပူဇော်ထားသော ကျောက်စိမ်းပန်းပုများ၊ ထူးဆန်းသော ကျောက်စိမ်းတုံးများနှင့် လွန်စွာကြီးမားသော ကျွန်းသစ်လုံးများကို ထည့်သွင်း အသုံးပြုထားကြောင်း သိရသည်။ ကျောက်စိမ်းလိုဏ်ဂူကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်က စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ရာ လိုဏ်ဂူ တည်ဆောက်မှုကို ဂျပန်နည်းပညာဖြင့် အသုံးပြုထားပြီး လိုဏ်ဂူတော်ဒီဇိုင်းကို ဘုရားဂေါပကအဖွဲ့မှ ကိုယ်တိုင် ဒီဇိုင်း ရေးဆွဲထားကြောင်း သိရသည်။ ကျောက်စိမ်းစေတီတော်ကြီးနှင့် ကျောက်စိမ်းလိုဏ်ဂူကို လာရောက်ဖူးမြော်လေ့လာကြမည့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ တည်းခိုနေထိုင်ရေး အဆင်ပြေစေရန်အတွက် တည်းခိုဆောင်ရှစ်လုံးကိုလည်း တည်ဆောက်ပေးထားပြီး သီးသန့်ခန်းနှင့် Hall ခန်းများပါဝင်ကာ သီးသန့်ခန်းတွင် တစ်ဦးလျှင် ကျပ် ၅၀၀၀၊ ရိုးရိုး Hall ခန်းတွင် တစ်ဦးလျှင် ကျပ် ၁၅၀၀ နှုန်းဖြင့် တည်းခိုနိုင်သည်။ စုစုပေါင်း လူဦးရေ ၄၀၀ ခန့် တည်းခိုနိုင်ရန် စီစဉ်ပေးထားကြောင်း ဝေရောစန ကျောက်စိမ်းစေတီတော် ဂေါပကအဖွဲ့မှ သိရသည်။ The post ပထမဆုံး ကျောက်စိမ်းလိုဏ်ဂူ အမရပူရတွင် ဖွင့်လှစ်မည် appeared first on ဧရာဝတီ.
Source : http://ift.tt/2DtLcSo
via IFTTT
No comments:
Post a Comment