Friday, December 29, 2017


ကလေးသူငယ်အခွင့်အရေး ဥပဒေ ၂၀၁၈ တွင် ထွက်မည် ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဥပဒေသည် လာမည့် ၂၀၁၈ ခုနှစ်တွင် ထွက်ရှိမည် ဖြစ်သဖြင့် နည်းဥပဒေများပြဋ္ဌာန်းရေးဆွဲနိုင်ရေး ဆောင်ရွက်ရမည်ဟု ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ အမျိုးသား ကော်မတီဝင် ဦးအောင်မျိုးမင်းက ဧရာဝတီသို့ ပြောသည်။ ဦးအောင်မျိုးမင်းက “၂၀၁၈ ခုနှစ်မှာ အဓိက လုပ်ဆောင်မယ့် လုပ်ငန်းစဉ်ကတော့ ဒီ ဥပဒေ ပေါ်လာရင် ဥပဒေကို အကောင်အထည်ဖော်နိုင်မယ့် နည်းဥပဒေတရပ်ပေါ်လာဖို့ရယ်၊ ကလေး သူငယ်နဲ့ ပတ်သက်ပြီး ကလေးသူငယ်စောင့်ရှောက်ရေး ဆိုင်ရာ မူဝါဒပြဋ္ဌာန်းရေးအတွက်ကို လုပ်ဆောင်ဖို့ ဦးစားပေးချမှတ်ထားပါတယ်”ဟု ပြောသည်။ မြန်မာနိုင်ငံတွင် ကလေးသူငယ်ဥပဒေကို ၁၉၉၃ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ် သော်လည်း ခေတ်ကာလနှင့် လိုက်လျောညီထွေ ဖြစ်စေရေး ပြန်လည်ပြင်ဆင် ဆောင်ရွက်ရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။ ယမန်နေ့က နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ အစည်းအဝေး ပြုလုပ်ခဲ့ရာ ကလေးသူငယ် များ၏ အခွင့်အရေး ကာကွယ်ပေးရေးနှင့် အကျိုးစီးပွား မြှင့်တင် ပေးနိုင်ရေး အတွက် ခေတ်စနစ်နှင့် လိုက်လျော ညီထွေသော ကလေးသူငယ် အခွင့် အရေးများ ဆိုင်ရာ ဥပဒေအသစ်ကို မကြာမီပြဋ္ဌာန်းနိုင်တော့မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားခဲ့သည်။ ကလေးသူငယ်အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဥပဒေသည် မြန်မာနိုင်ငံအတွက် လိုအပ်နေသော ဥပဒေတခု ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ ကလေးငယ်များမှာ လူကုန်ကူးခံရမှု၊ လုပ်အား ခေါင်းပုံဖြတ်ခံရမှုဆိုသည့် ခေါင်းစဉ်အောက်တွင် ကလေးသူငယ်အခွင့်အရေး ဆုံးရှုံးနေမှုများ အများ အပြား ကြုံတွေ့နေရကြောင်း Triangle အမျိုးသမီးအဖွဲ့မှ ဒါရိုက်တာ ဒေါ်ခင်လေးက သုံးသပ်သည်။ ဒေါ်ခင်လေးက “ဒီဥပဒေတွေ မူဝါဒတွေက ခိုင်ခိုင်မာမာနဲ့ ၂၀၁၈ မှာ ပေါ်ထွန်းလာမယ်ဆိုရင်တော့ တော်တော်ကို အားတက်စရာပေါ့။ ဥပမာအားဖြင့် ကလေးသူငယ်တွေဆိုရင် အရွယ်မရောက်သေးဘဲ လုပ်ငန်းခွင်မှာ ဝင်နေရတာတွေ လုပ်ငန်းမှာ ခေါင်းပုံဖြတ်ခံရတဲ့ ကိစ္စတွေ နောက်ပြီးတော့ လူကုန်ကူး ခံရတဲ့ကိစ္စတွေ ဒါတွေကိုလည်း ဥပဒေတွေက တိတိကျကျနဲ့ အရေးယူဆောင်ရွက်လို့ရမယ်လို့ ထင်တယ်”ဟု ပြောသည်။ အဆိုပါ ဥပဒေတွင် ကလေးသူငယ်များကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်စော်ကားမှုများမှ ကာကွယ်စောင့်ရှောက်ခြင်း ပြန်လည်ကုစားပေးခြင်းဆိုင်ရာ မူဝါဒများကိုလည်း ထည့်သွင်းသင့်ကြောင်း ၎င်းက အကြံပြုပြောဆိုသည်။ The post ကလေးသူငယ်အခွင့်အရေး ဥပဒေ ၂၀၁၈ တွင် ထွက်မည် appeared first on ဧရာဝတီ.
Source : http://ift.tt/2lgciWx
via IFTTT

No comments:

Post a Comment