အခွန်တံဆိပ်မကပ်သည့် ဆေးပေါ့လိပ်လုပ်ငန်းကို ကျပ်သိန်း ၄၀ဝ ကျော်ဒဏ်ရိုက် မန္တလေး၊ ဒီဇင်ဘာ ၂၆ ဆေးလိပ်ခုံလုပ်ငန်း အများဆုံးရှိရာ မြင်းခြံမြို့တွင် ဆေးပေါ့လိပ်ထုပ်များ၌ အခွန်တံဆိပ် မကပ်သည့် ဆေးပေါ့လိပ် ထုတ်လုပ်သည့် လုပ်ငန်းတစ်ခုကို ဒဏ်ငွေ ကျပ်သိန်း ၄၀ဝ ကျော် ဒဏ်ရိုက်ခဲ့ကြောင်း မြင်းခြံမြို့နယ် အခွန်ဦးစီးဌာနထံမှ သိရသည်။ ဆေးပေါ့လိပ်ထုပ်များတွင် အခွန်တံဆိပ်များ ကပ်ရန် ပြည်တွင်းအခွန်များ ဦးစီးဌာနက ကြေညာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားခြင်း မရှိသည့် ဆေးပေါ့လိပ် ထုတ်လုပ်သည့် လုပ်ငန်းတစ်ခုကို ဒဏ်ငွေတပ်ခဲ့ခြင်းဖြစ်သည်။ အခွန်တံဆိပ်ခေါင်း မကပ်သည့် ဆေးပေါ့လိပ်များတွေ့ရှိရစဉ် ယင်းဆေးလိပ်၏အမည်ကို အခွန်ဦးစီးဌာနထံ မေးမြန်းသော်လည်း ယင်းလုပ်ငန်း အမည်များကို အခွန်ဦးစီးဌာနက ထုတ်ဖော်ပြောကြားခြင်းမရှိပေ။ ယင်းသို့ အခွန်တံဆိပ် ကပ်နှိပ်ထားခြင်းမရှိသည့် ဆေးပေါ့လိပ်များကို မြင်းခြံမြို့တွင် နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး တန်ဖိုးကျပ် သိန်း ၄၄၃ ကျော်ရှိကြောင်း၊ ဖမ်းဆီးရမိသည့် ပစ္စည်း၏ တစ်ရာ ရာခိုင်နှုန်းဖြစ်သည့် ကျပ်သိန်း ၄၄၃ ကျော်ကို ဒဏ်ရိုက်ခဲ့ကြောင်း၊ လုပ်ငန်းရှင်က ဒီဇင်ဘာလ ၂၂ ရက်နေ့က ဒဏ်ကြေး လာရောက် ပေးဆောင်ထားပြီးဖြစ်ကြောင်း မြင်းခြံမြို့နယ် အခွန်ဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။ အခွန်မဆောင်ရသေးသည့် အထူးကုန်စည်များကို လက်ဝယ်ထား ရှိခြင်း၊ ရရှိပိုင်ဆိုင်ထားခြင်းများကို တွေ့ရှိရပါက လယ်ဝယ်ထားရှိသူက ယင်း ကုန်စည်တန်ဖိုး၏ ၁၀ဝ ရာခိုင်နှုန်း ပေး ဆောင်ရမည်ဖြစ်သည့်အပြင် ယင်းကုန်စည်ကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူခံရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ “အရင်တုန်းကတော့ ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေကို ဖျက်ဆီးရန်ဆိုပြီး ညွန်ကြားခဲ့ပေမယ့် နောက်ပိုင်းမှာ ညွန်ကြားချက်အသစ် ထုတ်ပြန်ပြီး နိုင်ငံတော်အခွန် ရဖို့အတွက် လေလံပစ်မှာ ဖြစ်ပါတယ်။ ဇန်နဝါရီလဆန်းမှာတော့ ဖြစ်ဖို့များတယ်”ဟု မြင်းခြံမြို့နယ် အခွန်ဦးစီးဌာနမှ အရာရှိတစ်ဦးက ရှင်းပြသည်။ အခွန် အမှတ်တံဆိပ် ကပ်နှိပ်လျက်ရှိသည့် အထူး ကုန်စည်များအနက် စီးကရက်၊ အရက်၊ ဝိုင်တို့ကို ၂၀၁၅ ခုနှစ်မှစတင်၍ ကပ်နှိပ်လျက်ရှိကြောင်း၊ ဆေးပေါ့လိပ်များကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကပ်ရန် ပြည်တွင်းအခွန်များ ဦးစီးဌာနက ကြေညာထားသည်။ မြန်မာနိုင်ငံအတွင်း မြင်းခြံ၊ ရွှေဘို၊ စစ်ကိုင်းနှင့် ပဲခူးမြို့တို့တွင် ဆေးပေါ့လိပ်လုပ်ငန်းများကို မိရိုးဖလာ လုပ်ကိုင်လေ့ရှိပြီး မြင်းခြံမြို့နယ်မှ အရေအတွက် အများဆုံး ထွက်ရှိကြောင်း၊ မြင်းခြံမြို့တွင် ဆေးပေါ့လိပ် လုပ်ငန်းပေါင်း ၇၀ ခန့်ရှိ ကြောင်း ဆေးလိပ်ထုတ်လုပ်သူများထံမှ သိရသည်။
Source : https://goo.gl/mva8bK
via IFTTT
No comments:
Post a Comment