Wednesday, December 27, 2017

The Voice

ပန်ဆောင်မြို့ ဒေါ်ခင်ကြည်ရိပ်သာကို အစိုးရ ပြင်မည် ကလေး၊ ဒီဇင်ဘာ ၂၅ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြန်မာ- အိန္ဒိယနယ်စပ် ပန်ဆောင်မြို့တွင်ရှိပြီး ယခုအခါ အသုံးပြုမှုနှင့် ထိန်းသိမ်းမှု မရှိ၍ ပျက်စီးနေသည့် ဒေါ်ခင်ကြည်ရိပ်သာကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြုပြင်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး ဦးစိုးဦးက ပြောကြားသည်။ ဒေါ်ခင်ကြည်သည် အိန္ဒိယသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်က နိုင်ငံတော်အဆင့်နှင့် ဧည့်သည်တော်များ ပန်ဆောင်နယ်စပ်သို့ လာရောက်ပါက တည်းခိုနိုင်ရန် ပန်ဆောင်မြို့ အထက်ရပ်ကွက် လီဒိုလမ်းမကြီးဘေးတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၂ ခုနှစ်နောက်ပိုင်းတွင် နေထိုင်သူမရှိ၍ ပြုပြင်ထိန်းသိမ်းမှု မရှိတော့ဘဲ ပျက်စီး ယိုယွင်းနေခြင်းဖြစ်သည်။ ယင်းအဆောက်အအုံကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ၂၀၁၈-၂၀၁၉ ဘတ်ဂျက်နှစ်တွင် ပြန်လည် ပြုပြင်မည်ဖြစ်ကြောင်း ဝန်ကြီး ဦးစိုးကြီးက ပြောကြားသည်။ “ပြင်ဖို့ အစီအစဉ်ရှိတယ်။ ဘယ်လို ဘတ်ဂျက် လျာထားရမယ်ဆိုတာ စီစဉ်ရမယ်။ ပြင်တာကတော့ ပြင်မှာ”ဟု ဝန်ကြီးကဆိုသည်။ အဆိုပါ ရိပ်သာအပြင် အိန္ဒိယနိုင်ငံ၊ နန်ပေါင်မြို့ဘက်တွင်လည်း ဒေါ်ခင်ကြည် ရိပ်သာတစ်ခု တည်ရှိပြီး လက်ရှိအချိန်အထိ အိန္ဒိယအစိုးရ၏ ပြုပြင်ထိန်းသိမ်းမွမ်းမံမှုကြောင့် အသုံးပြု၍ရနေကြောင်း၊ ယင်းအဆောက်အအုံသည် ပန်ဆောင်မြို့ ဂုဏ်ကို မြှင့်တင်ပေးသည့်အရာများတွင် တစ်ခု အပါအဝင်ဖြစ်သည်ဟု ယုံကြည်သည့်အတွက် အ​ဆောက်အအုံကို ပြန်လည် ပြုပြင်ပေးစေလိုကြောင်း ပန်ဆောင်မြို့ဒေသခံ ဦးလော်တူးက ပြောကြားသည်။
Source : https://goo.gl/sscP3o
via IFTTT

No comments:

Post a Comment