မန္တလေးတွင် အစိုးရဆန့်ကျင် သပိတ်စခန်း ဖွင့်သည့် သံဃာ ၆ ပါး ထောင်ဒဏ်များ ချမှတ်ခံရ မန္တလေးမြို့တွင် အစိုးရ ဆန့်ကျင်သည့် သပိတ်စခန်း ဖွင့်လှစ်ခဲ့သော အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးသူများ အမည်ခံ သံဃာ ၆ ပါး အား ချမ်းမြသာစည် တရားရုံးက ယနေ့ ထောင်ဒဏ်များ ချမှတ်လိုက်သည်။ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ နှစ် ၆ လစီ ကျခံစေရန် ပြစ်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။ ပြစ်ဒဏ် ချမှတ်ခံရသော သံဃာများမှာ အရှင်ဣန္ဒက၊ ဦးအာစရ၊ ဦးအရိယဝံသ၊ ဦးအဂ္ဂဓဇ၊ ဦးပဏ္ဍိတ၊ အရှင်ဝိဝေကာ နန္ဒ တို့ ဖြစ်သည်ဟု ချမ်းမြသာစည် တရားရုံးမှ တွဲဖက် တရားသူကြီး (၂) ဦးကျော်စိုးဝင်း က ပြောသည်။ “နှစ်ဖက် စစ်ဆေးချက်တွေအရ တရားခံတွေ အပေါ်မှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ် နဲ့ ၆ လ အမိန့် ချလိုက်တာပါ၊ ၅၀၅(ခ)ရဲ့ ပြဌာန်းချက်အရ ဆိုရင် ၂ နှစ်အထိ ထောင်ဒဏ် တမျိုးမျိုး ဖြစ်စေ၊ ငွေ ဒဏ် ဖြစ်စေ၊ ဒဏ် နှစ်ရပ်စလုံးဖြစ်စေ ချမှတ်လို့ရပါတယ်၊ ဒီနေ့ ကျနော်တို့ ချမှတ်လိုက်တာက ၁ နှစ်နဲ့ ၆ လပဲ ချမှတ် လိုက်တာပါ” ဟု တရားရုံး ပြန်ကြားရေး အရာရှိလည်း ဖြစ်သော ဦးကျော်စိုးဝင်းက ပြောပြသည်။ နိုင်ငံတော်အစိုးရသည် ဗုဒ္ဓဘာသာ ရဟန်းတော်များကို ဖိနှိပ်ပြီး ဘာသာခြားများကို မြှောက်စားသည်ဟု ဆိုကာ အမျိုး ဘာသာ သာသနာကို ချစ်မြတ်နိုးသူများ အမည်ခံသည့် ရဟန်းသံဃာတော် တချို့နှင့် လူပုဂ္ဂိုလ် တချို့တို့က ချမ်းမြ သာစည် မြို့ နယ်အတွင်းရှိ သာသနာတော် ၂၅၀၀ ဗိမာန်တော်၌ ယခုနှစ် သြဂုတ်လ ၂ ရက်နေ့က လက်ရှိ အစိုးရ အား ဆန့်ကျင် ကန့်ကွက်သည့် သပိတ်စခန်း ဖွင့်လှစ်ခဲ့သည်။ အဆိုပါ သပိတ်စခန်းအား ယခုနှစ် သြဂုတ် ၅ ရက်နေ နံနက် ၂ နာရီ ၁၅ မိနစ်တွင် ဖြိုးခွင်းခဲ့ပြီး သပိတ်တွင် ဦးဆောင် ပါဝင်သူ သံဃာ ၈ ပါးနှင့် လူပုဂ္ဂိုလ် ၅ ဦးတို့အနက် သံဃာ ၆ ပါးကို ချက်ချင်း ဖမ်းဆီးခဲ့ပြီး ချမ်းမြသာစည် မြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ သပိတ်စခန်းဖွင့်လှစ်၍ ထိုင်သပိတ်ပြုလုပ်မူနှင့် ပတ်သက်ပြီး ဦးဆောင်သည့် သံဃာ ဦးဣန္ဒောဘာသ အပါဝင် ၈ ပါး နှင့် ဦးမြင့်ဦး အပါအဝင် လူ ၅ဦးတို့အား အရေးယူပေးရန် ခရိုင် သာသနာရေးမှူး ဦးတင်မောင်အေး နှင့် မြို့နယ် အုပ်ချုပ် ရေးမှုး ဦးစည်သူအောင် တို့က ဦးတိုက်လျှောက်ထားခဲ့ရာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (ခ)ဖြင့် ချမ်းမြသာစည် မြို့ နယ် တရားရုံးက လက်ခံ စစ်ဆေးခဲ့သည့်အမှု ဖြစ်ကြောင်း သိရသည်။ အဆိုပါ အမှုကို တရားစွဲခံရသည့် သံဃာ ၆ ပါးနှင့်အတူ တရားလိုသက်သေ ၉ ဦးကို ရုံးချိန်း ၁၈ ချိန်း ချိန်းဆို စစ်ဆေး ခဲ့ပြီး ၁၉ ကြိမ်မြောက် ရုံးချိန်း ဖြစ်သော ဒီဇင်ဘာ ၂၇ ရက်တွင် အပြီးသတ်အမိန့် ချမှတ်ခဲ့ခြင်းသည်။ သပိတ်စခန်းတွင် ပါဝင်ခဲ့သူ လူပုဂ္ဂိုလ်များမှ ကိုကျော်မျိုးရွှေ ဆိုသူကိုလည်း သြဂုတ်လ ၇ ရက်နေ့တွင် သက်ဆိုင်ရာ အာဏာပိုင်များက ဖမ်းဆီးကာ တရားရုံးတင်၍ တရားစွဲဆိုခဲ့သော်လည်း ယနေ့အချိန်အထိ စစ်ဆေးဆဲဟု ဆိုသည်။ ယခုကဲ့သို့ မြို့နယ်တရားရုံးမှ တရားသူကြီး၏ ပြစ်ဒဏ် ချမှတ်ခဲ့သည့်အပေါ် ကျေနပ်မှု မရှိကြသဖြင့် တရားစွဲခံရသော သံဃာတော်များအား လာရောက် ဝန်းရံကြသူများက မကျေနပ်၍ တရားရုံး အတွင်း ဆူပူအော်ဟစ်မှုများ ပြုလုပ်ခဲ့ကြ ကြောင်းလည်း သိရသည်။ “အနောက်တံခါးကိစ္စမှာ တိုင်းပြည်ကို ခြိမ်းခြောက်သွားတဲ့ လူတွေကိုတောင် Warmly Welcome လုပ်နိုင်ပြီးတော့ ယုံ ကြည်ချက်ကြောင့် တောင်းဆိုခဲ့ကြသူတွေ အပေါ် အခုလို လုပ်လိုက်တာဟာ သိပ်လွန်ပါတယ်၊ ပြီးခဲ့တဲ့ အစိုးရ သက်တမ်း တလျှောက်လုံးမှာ ပြင်းပြင်းထန်ထန် ကြမ်းကြမ်းတမ်းတမ်း ဆန္ဒပြခဲ့သူတွေကိုတောင်မှ အစိုးရက တွေ့ဆုံ ညှိနှိုင်းပြီးမှ တရားစွဲဆိုခဲ့တာပါ၊ အခု သံဃာတော်တွေကိစ္စမှာ တွေ့ဆုံညှိနှိုင်းတာ မလုပ်ဘဲနဲ့ တရားရုံး ပို့လိုက်တာဟာ ကိုယ်လုပ်သမျှ တရားရုံးခေါင်းပေါ် လာပုံတယ်လို့ပဲ ကျနော်ကတော့ ပြောချင်ပါတယ်” ဟု သံဃာတော်များ၏ အကျိုးဆောင် ရှေ့နေ ဦးအောင်ရဲစိုးက ပြောဆိုသည်။ အဆိုပါအမှုတွင် ရဟန်း ၈ ပါး ပါဝင်ခဲ့သော်လည်း အမိန့်ချမှတ်သည့် အချိန်အထိ အချုပ်ဖြင့် အမှုရင်ဆိုင်နေသည့် ၆ ပါး သာ ရှိရာ ကျန် ၂ ပါးအား တရားခံပြေးအဖြစ် ၎င်းတို့မျက်ကွယ်တွင် စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သော်လည်း အမိန့် ချမှတ်မှုသည် ယင်း ၂ ပါးအတွက် အကျုံးမဝင်ကြောင်း ချမ်းမြသာစည်မြို့နယ် တရားရုံးမှ သိရသည်။ သံဃာတော်များ၏ အကျိုးဆောင် ရှေ့နေ ဦးအောင်ရဲစိုးက ယခုကဲ့သို့ အမိန့်ချမှတ်ခြင်းသည် အလွန်များသော ပြစ်ဒဏ် ဖြစ်ပြီး ပြစ်ဒဏ်အပေါ် ဆက်လက်၍ အယူခံဝင်ရန် လုပ်ဆောင်သွားမည်ဟု ပြောကြားသည်။ နိုင်ငံတော် အကြည်ညို ပျက်စေမှုဖြင့် တရားစွဲဆိုခြင်း ခံရသော သံဃာ ၈ ပါးနှင့် လူပုဂ္ဂိုလ် ၅ဦး အနက် ရဟန်း ၂ ပါး နှင့် လူ ပုဂ္ဂိုလ် ၄ဦးအား ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ ၈၇၊ ၈၈ အရ တရားခံပြေး အဖြစ် သတ်မှတ်ကာ ဆက်လက်၍ ဖမ်းဝရန်း ထုတ်ထားဆဲ ဖြစ်ကြောင်း သိရသည်။ The post မန္တလေးတွင် အစိုးရဆန့်ကျင် သပိတ်စခန်း ဖွင့်သည့် သံဃာ ၆ ပါး ထောင်ဒဏ်များ ချမှတ်ခံရ appeared first on ဧရာဝတီ.
Source : http://ift.tt/2zBa9ZM
via IFTTT
No comments:
Post a Comment