Wednesday, December 27, 2017


စိန်ခေါ်မှုတွေကို စိန်ခေါ်နေတဲ့ အမျိုးသမီးတွေ မြန်မာ့ လူမှု အသိုင်းအဝိုင်းမှာ ခေတ်အဆက်ဆက် ဆိုသလို အမျိုးသမီးတွေဟာ စွမ်းဆောင်ရည် ရှိပေမယ့်လည်း နောက်တန်း က နေခဲ့ရတာ များပါတယ်။ လူအများရှေ့ ထွက်ရပ်ပြဖို့ နေနေသာသာ အိမ်တွင်းက အိမ်ပြင်ထွက်ရင်တောင် မျက်လုံးပေါင်းများစွာရဲ့ စောင့်ကြပ် ကြည့်ရှုတာကို ခံခဲ့ကြရတဲ့ အခြေအနေမျိုးတွေ ကြားမှာ နေခဲ့ကြရတာပါ။ သနပ်ခါး ခြေဆုံးခေါင်းဆုံး လိမ်းပြီး အိမ်မှုကိစ္စ သိမ်းထုပ် သေချာသူ အမျိုးသမီးတွေကိုသာ ချီးမွမ်း ထောမနာ ပြုချင် ကြသူ များတဲ့ လူမှု အသိုင်းအဝိုင်းကြား ကြီးပြင်း ခဲ့ကြရပါတယ်။ အဲဒီလို အခြေအနေတွေဟာ ဒီနေ့ခေတ်မှာတော့ ပြောင်းလဲလို့ လာခဲ့ပါပြီ။ အခု ဆိုရင် အမျိုးသမီးတွေဟာ နယ်ပယ် အသီးသီး မှာ ကျွမ်းကျင်သူတွေ၊ အရေးပါသူတွေ အဖြစ် ဦးဆောင်မှု အပိုင်းမှာ တာဝန်ယူ ဆောင်ရွက် နေကြသူ များစွာ လည်း ရှိလာနေပါတယ်။ အထူးသဖြင့် အုပ်ချုပ်ရေး ပိုင်းတွေမှာကို တာဝန်ယူ လုပ်ကိုင်လာတဲ့ အမျိုးသမီးတွေ များလာနေပြီ ဖြစ်ပါတယ်။ လတ်တလောအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေး မှူး နေရာ တွေအတွက် အဆင့်ဆင့် ပြန်လည် ရွေးချယ်နေပြီ ဖြစ်ပါတယ်။ အဲဒီလို ရွေးချယ်ရာမှာ အမျိုးသမီးတွေကလည်း မိမိနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာ အကျိုးကို သယ်ပိုးဖို့၊ အမျိုးသမီး အခွင့် အရေးတွေ ရရှိအောင်၊ ဒေသဖွံ့ဖြိုးရေးတွေကို လုပ်ဆောင်မယ် ဆိုတဲ့ ဆန္ဒတွေနဲ့ အမျိုးသားများ နည်းတူ ဝင်ရောက် ယှဉ်ပြိုင် နေကြပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က အုပ်ချုပ်ရေးမှူးရွေးချယ်မှု ပြုလုပ်ခဲ့စဉ်ကလည်း တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့ ရပ်၊ကျေး အုပ်ချုပ် ရေးမှူး အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူ အမျိုးသမီးဦးရေ ၈၇ ဦးရှိခဲ့ပြီး ယခုတခေါက် ရွေးချယ်တဲ့ အခါ မှာ လည်း ယခင်က ရပ်၊ကျေး အုပ်ချုပ်ရေးမှူးအဖြစ် အနိုင်ရသူအမျိုးသမီး အားလုံးနီးပါး ပြန်လည် ယှဉ်ပြိုင်ကြ တယ် လို့ သိရပါတယ်။ ဒေါ်မိုးသွယ်ကြည် ကတော့ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ်ထဲက ကြခတ် ရပ်ကွက်ရဲ့ အုပ်ချုပ်ရေး မှူး နေရာ အတွက် ဝင်ရောက် ယှဉ်ပြိုင်နေပါတယ်။ သူဟာ အရင် ၂ နှစ် ကာလကလည်း အဆိုပါ ရပ်ကွက်ရဲ့ အမျိုးသမီး အုပ်ချုပ်ရေးမှူး အဖြစ် အနိုင်ရခဲ့ပြီး ရပ်ရွာ ဖွံ့ဖြိုး ရေး အတွက် လုပ်ဆောင်နေသူ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း ကမာရွတ် မြို့နယ် အမှတ်(၃) ရပ်ကွက်တွင် ရပ်/ကျေး အုပ်ချုပ်ရေမှူး ရွေးချယ်ရေး အတွက် နိုဝင်ဘာ လ ၁၉ ရက် ညနေပိုင်းက ဆန္ဒမဲ ပေးနေကြသူများ (ဓာတ်ပုံ – သက်ထွန်းနိုင်/ဧရာဝတီ) ဒေါ်မိုးသွယ်ကြည် က“ယောကျ်ားလေးတွေကတော့ အစွဲတခု ရှိနေတာပေါ့။ ဒါပေမယ့် ကျမ လုပ်ဆောင်ခဲ့တဲ့ ၂ နှစ် သက်တမ်း အတွင်းမှာ သူတို့ သဘောကျကြပါတယ်။ တန်းတူအုပ်ချုပ်နိုင်တယ်။ ဒေသ ဖွံ့ဖြိုးရေးတွေလည်း လုပ်ဆောင် ခဲ့တယ်လေ။ အမျိုးသမီး အုပ်ချုပ်ရေးမှူး ဖြစ်နေတော့ တချို့အပိုင်းတွေမှာ အခက်အခဲကြုံရတာ ရှိပေမယ့် ရပ်မိရပ်ဖ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေနဲ့ ပူးပေါင်း လုပ်ဆောင်ခဲ့တာချည်းပဲ။ ကျမ အနေနဲ့ အခုထပ်ပြီး ယှဉ်ပြိုင် တယ်။ ကျမမှာ ၅ နှစ် စာ အစီအစဉ်ရှိပြီးသား။ ဒေသဖွံ့ဖြိုးရေးကို ဘယ်လို ဆက်လက်လုပ်ဆောင်မလဲ ဆိုတဲ့ အပိုင်းကို အစီအစဉ်တွေ ဆွဲထား တယ်”လို့ ဧရာဝတီကို ပြောပြပါတယ်။ ပြည်ခရိုင် တခုလုံးမှာ အမျိုးသမီး အုပ်ချုပ်ရေးမှူး နေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်တာကတော့ ဒေါ်မိုးသွယ်ကြည် တဦး သာ ရှိပြီး ကျန်တဲ့ ယှဉ်ပြိုင်သူ အားလုံးက အမျိုးသားများ ဖြစ်တယ်လို့ သိရပါတယ်။ သူ့အနေနဲ့ လာမယ့် လပိုင်း အတွင်းမှာ ပြည်ပ လေ့လာရေး ခရီးစဉ်တခု အတွက် ဖိတ်ခေါ် ခံထားရတယ်လို့လည်း သိရပါတယ်။ “ကိုယ်တိုင်ကလည်း အစိုးရ သက်တမ်းအတွင်း အပြောင်းအလဲတွေမှာ ကောင်းမွန်အောင် လုပ်ပေးချင်တဲ့ ဆန္ဒရှိ တယ်။ ဘက်စုံ တိုးတက်စေချင်တယ်။ မိသားစုကလည်း သဘောကျတယ်။ ကျမရဲ့ အလုပ်အပေါ် ပံ့ပိုးမှုတွေ အများကြီး ပေးတယ်” လို့ ဒေါ်မိုးသွယ်ကြည်က ရှင်းပြတယ်။ အရင်တုန်းက အမျိုးသမီးတွေ အနေနဲ့ အုပ်ချုပ်ရေးမှူး ဆိုတဲ့ နေရာကို ယှဉ်ပြိုင်မှု၊ ရရှိမှုဟာ မရှိသလောက် နည်းပါး ခဲ့ပေ မယ့် သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်မှာ စတင် ပါဝင်လာခဲ့ကြပြီး NLD အစိုးရ လက်ထက်မှာတော့ အမျိုးသမီး အုပ်ချုပ်ရေးမှူး ဦးရေလည်း အရင်ထက်ပိုမို များပြားလာပါတယ်။ ၂၀၁၂ ခုနှစ်ဝန်းကျင်က အမျိုးသမီး အုပ်ချုပ်ရေးမှူး ၄၂ ဦး ရှိခဲ့ရာက ၂၀၁၇ ခုနှစ်မှာတော့ ၈၇ ဦးထိ ရှိလာခဲ့ပြီ ဖြစ်ပါ တယ်။ ဒါပေမယ့် တနိုင်ငံလုံး အနေနဲ့ ရှိနေတဲ့ အုပ်ချုပ်ရေးမှူး အရေအတွက် ၁၇၀၀၀ ကျော်နဲ့ ယှဉ်ကြည့်မယ်ဆိုရင် အမျိုးသမီး တွေ အနေနဲ့ အုပ်ချုပ်ရေးမှူး အဖြစ် ဆောင်ရွက်နေရမှု နည်းပါးနေသေးတဲ့ အနေအထားပါ။ အမျိုးသမီးဆိုရင် လုပ်နိုင်ပါ့မလား၊ ဒီတာဝန်ကို ယူနိုင်ပါ့မလား၊ အမျိုးသားတွေနဲ့ အတူတူ လက်တွဲ လုပ်ရမှာ ဖြစ်တာမို့ လုပ်ဆောင်နိုင်စွမ်း ရှိပါ့မလား စသည်ဖြင့် ဝေဖန်သံတွေ၊ အထင်အမြင် သေးမှုတွေက အရင်ကတည်းက ရှိခဲ့ပါတယ်။ ဒါတွေကို ရင်ဆိုင်ရင်း အကောင်းဆုံး လုပ်ပြမယ် ဆိုတဲ့ စိတ်ဓာတ်တွေနဲ့ လုပ်ဆောင်နေတဲ့ အမျိုးသမီး အုပ်ချုပ်ရေးမှူး တွေ အများကြီး ရှိနေပါတယ်။ “ကျမတို့ ရွာမှာဆို အမျိုးသမီးက အုပ်ချုပ်ရေးမှူး လုပ်တယ်ဆိုတာ မရှိခဲ့တော့ အထင်သေးချင်ကြတာပေါ့။ အရင်ကမှ မရှိခဲ့ဘူးတာ။ အဲဒီတော့ အဆင်ပြေအောင် ပြောယူရတယ်။ အခုကြတော့လည်း လက်ခံလာတဲ့ အနေအထား ရှိလာ ပါပြီ။ ကိုယ်တိုင်လည်း အမျိုးသမီး ဖြစ်နေတော့ ရွာထဲက အမျိုးသမီးတွေဆိုရင်လည်း မသိနားမလည်တာ ရှိရင် တွဲခေါ်တယ်။ ရှင်းပြတယ်။ အခုဆို ကျမတို့ရွာ ဆယ်အိမ်မှူးကလည်း အမျိုးသမီး တဦးပဲလေ” လို့ ထန်းတပင်မြို့နယ် ဘောလဲကျွန်းပြာမဲ အုပ်စုရဲ့ အုပ်ချုပ်ရေးမှူး ဒေါ်မြင့်မြင့်သိန်းက ပြောပြပါတယ်။ အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်မြင့်မြင့်သိန်းက ရပ်ရွာတိုးတက် ပြောင်းလဲစေချင်တဲ့ ဆန္ဒ၊ ဒေသတွင်း ဖွံ့ဖြိုးစေချင်တဲ့ ဆန္ဒ တွေ ကြောင့် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ အခြားအမျိုးသား ၄ ဦးနဲ့ အတူ အုပ်ချုပ်ရေးမှူး နေရာအတွက် တန်းတူ ဝင်ရောက် ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ အခုတခေါက် ပြန်လည် ယှဉ်ပြိုင်ရာမှာလည်း ရပ်ရွာလူထုရဲ့ ထောက်ခံချက်ကြောင့် ထပ်မံ အနိုင်ရထားတယ် လို့လည်း သိရ ပါတယ်။ “အမျိုးသမီး ဖြစ်နေတယ်ဆိုပြီး အထင်သေးတော့ ပြောဆိုရ ခက်ခဲတာတွေ ရှိပေမယ့် အခုတော့ လက်ခံလာကြတယ်။ ကျမ ကိုပဲ ထပ်ပြီး ရွေးချယ်ပေးကြတယ်။ ကျမရဲ့ ယခင် ၂ နှစ်သက်တမ်းမှာ လမ်းတွေပြင်ခဲ့တယ်။ ကုမ္ပဏီ ဧရိယာထဲ ရောက်နေတယ် ဆိုတဲ့ မြေတွေကို ပိုင်ရှင်တွေရအောင် ပြန်ပြီး လုပ်ပေးနိုင်ခဲ့တယ်။ ကိုယ့်ဒေသ တိုးတက်ဖို့ ဆက်လုပ် မယ့် ဆန္ဒရှိတယ်” လို့ ဒေါ်မြင့်မြင့်သိန်းက ရှင်းပြတယ်။ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ရဲ့ လူဦးရေ ၁၄၀၀ ဝန်းကျင်ရှိတဲ့ တင်ဆက် ကျေးရွာနဲ့ ဦးကြီးရွာ ရဲ့ အုပ်ချုပ်ရေးမှူး ဒေါ်မြင့်သီတာဝင်း ကတော့ ဖွံ့ဖြိုးရေးတွေ လုပ်ဆောင်ခဲ့ပေမယ့် ရွာထဲမှာတင် သဘောထား ကွဲလွဲမှု တွေ ရှိနေတာကြောင့် စိတ်ဓာတ် ကျမိကြောင်း၊ မညီညွတ်မှုတွေကြောင့် ရှေ့ဆက် လုပ်ဆောင်ဖို့ အားလျော့မိတဲ့ အကြောင်း ပြောပြပါတယ်။ “သိတဲ့အတိုင်းပဲ။ အရောင်အသွေးတွေက ကွဲနေကြတယ်လေ။ ကိုယ့်ရွာထဲမှာတင် အဲဒီလို မညီညွတ်တော့ လုပ်ချင်တဲ့ ရည်မှန်းချက်တွေက မအောင်မြင်ဘူး။ အခက်အခဲတွေလည်း ကြုံခဲ့ရတာတွေ အများကြီးပါ။ ဒါပေမယ့် ဒေသ တိုးတက် ဖို့ ကိုယ့်လက်ထက်မှာ လုပ်ဆောင်ခဲ့တယ်။ ရှေ့ဆက် လုပ်ဆောင်ဖို့မှာ ဒီလိုတွေ ဖြစ်နေတော့ ထပ်ပြီး ယှဉ်ပြိုင်ဖို့ တောင် စိတ်ဓာတ် ကျနေတာ” လို့ ဒေါ်မြင့်သီတာဝင်း က ပြောပါတယ်။ ဒေါ်မြင့်သီတာဝင်းက ကလေးခရိုင် တခုလုံးရဲ့ တဦးတည်းသော အမျိုးသမီး အုပ်ချုပ်ရေးမှူး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခု နှစ်က အခြား အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၃ ဦးနဲ့ အတူ ဝင်ရောက်ယှဉ်ပြိုင်ရင်း သူနေထိုင်ရာ ရွာအတွက် အုပ်ချုပ်ရေး မှူး အဖြစ် ရွေးချယ် ခံခဲ့ရတယ်လို့ သိရပါတယ်။ အုပ်ချုပ်ရေးမှူး အဖြစ် ဝင်ရောက် ယှဉ်ပြိုင်နေခဲ့ကြတဲ့၊ လက်ရှိလည်း ယှဉ်ပြိုင်နေတဲ့ အမျိုးသမီးတွေမှာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ရှိနေဆဲပါ။ အမျိုးသမီးတွေလည်း လုပ်ဆောင်နိုင်စွမ်း ရှိတယ်ဆိုတာကို ပြသဖို့ ပိုပြီး ကြိုးစားပြရတယ်။ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖု့ိ လုပ်ဆောင်ရတယ်။ ရပ်ရွာ၊ ဒေသတွင်း ဖွံ့ဖြိုးဖို့၊ ကိုယ့်ဒေသတွင်းက အမျိုးသမီးတွေ ကို လည်း စွမ်းဆောင်ရည်တွေ တိုးတက်ဖို့၊ ပါဝင်လာစေဖို့ လက်တွဲ ခေါ်ယူရတဲ့ အပိုင်းတွေလည်း ရှိပါတယ်။ NLD အစိုးရလက်ထက်မှာ အမျိုးသမီးတွေ အနေနဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး စတဲ့ ကဏ္ဍအသီးသီးမှာ ပါဝင် နှုန်း ဟာ အရင် ကာလတွေထက် များပြား လာပေမယ့်လည်း မျှော်မှန်း သလောက်တော့ ဖြစ်မလာသေးဘူးလို့ သိရပါ တယ်။ ဒါကြောင့် အမျိုးသမီး အုပ်ချုပ်ရေးမှူးတွေ အနေနဲ့လည်း နိုင်ငံရဲ့ အပြောင်းအလဲမှာ တဖက်တလမ်း ကနေ ပါဝင် အားဖြည့် နိုင်ဖို့ အင်နဲ့အားနဲ့ ကြိုးစားနေကြတယ်လို့ ဆိုချင်ပါတယ်။ ။ The post စိန်ခေါ်မှုတွေကို စိန်ခေါ်နေတဲ့ အမျိုးသမီးတွေ appeared first on ဧရာဝတီ.
Source : http://ift.tt/2DXSFtQ
via IFTTT

No comments:

Post a Comment