Saturday, June 3, 2017

7Day News Journal

တောင်တရုတ်ပင်လယ်ကို ကြီးစိုးလိုသည့် တရုတ်လုပ်ရပ်များကို အမေရိကန် သတိပေး တောင်တရုတ်ပင်လယ်ကို ကြီးစိုးခြယ်လှယ်လိုသည့် တရုတ်၏ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ အမေရိကန် အစိုးရက သတိပေး ပြောကြားလိုက်သည်။ တရုတ်သည် တောင်တရုတ်ပင်လယ် ရေပြင်ဧရိယာ တစ်ခုလုံးကို ၎င်းတို့၏ ပိုင်နက်ဇုန်အဖြစ် ယူဆထားရာ ဒေသတွင်း နိုင်ငံများနှင့် အငြင်းပွားမှုများ ဖြစ်ပေါ်နေသည်။ ထို့အပြင် တရုတ်သည် ပင်လယ်ပြင်ရှိ သောင်ခုံများနှင့် သန္တာကျောက်တန်းများပေါ်တွင် လူလုပ်ကျွန်းတုများ ဆောက်လုပ်ကာ စစ်အခြေစိုက် စခန်းများ ဖြန့်ကျက်လျက် ရှိနေသည်။ တရုတ်၏ လွန်ကဲသော လုပ်ဆောင်မှုမျိုးကို မိမိတို့ လက်ခံမည် မဟုတ်ဟု အမေရိကန်က ဆိုသည်။ စင်ကာပူတွင် ကျင်းပသည့် လုံခြုံရေး ညီလာခံတစ်ခု၌ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မက်တစ်က တရုတ်ကို ရည်ညွှန်းပြီး သတိပေးစကား ပြောကြားခဲ့ခြင်း ဖြစ်သည်။ “သန္တာကျောက်တန်းတွေမှာ လူလုပ်ကျွန်းတုတွေ တည်ဆောက်ပြီး စစ်အခြေစိုက် စခန်းတွေ ချဲ့ထွင်နေတဲ့ နိုင်ငံတိုင်းကို ကျုပ်တို့ ကန့်ကွက်ပါတယ်။ လွတ်လပ်တဲ့ ရေကြောင်းသွားလာမှုကို ထိန်းချုပ်ဖို့ ကြိုးစားမှုတိုင်းကို ကျုပ်တို့ ဆန့်ကျင်ပါတယ်။ ပတ်ဝန်းကျင် အနေအထားတွေကို လိုသလို ပြောင်းလဲပြီး တရားနည်းလမ်း မကျတဲ့ နယ်မြေ ဖြန့်ကျက်မှုတိုင်းကို အမေရိကန်က ဘယ်လိုနည်းနဲ့မှ လက်ခံမှာ မဟုတ်ဘူး”ဟု မက်တစ်က ဆိုသည်။ ဘေဂျင်းရှိ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနကမူ ဒေသတွင်း တရုတ်၏ အခွင့်အရေး အားလုံးကို ကာကွယ်ရန် ၎င်းတို့၏ ရပ်တည်ချက်အတိုင်း ခိုင်ခိုင်မာမာ ရှေ့ဆက်မည်ဟု တုံ့ပြန် ကြေညာထားသည်။ တရုတ်သည် တောင်တရုတ် ပင်လယ်ထဲတွင် ကျွန်းတုများ တည်ဆောက်ကာ ရေတပ် အခြေစိုက် စခန်းများအဖြစ် အသုံးပြုနေသည့်အပြင် ယင်းကျွန်းတုများပေါ်တွင် လေယာဉ်ပြေးလမ်းများပါ အပြီးသတ် ဖောက်လုပ်ထားသည်။ ထို့အပြင် တရုတ် ရေယာဉ်များသည် အခြားနိုင်ငံများက ပိုင်ဆိုင်ကြောင်း အရေးဆိုထားသည့် ရေပြင်ဧရိယာများတွင်ပါ ကင်းလှည့် ခုတ်မောင်းမှုများ ပြုလုပ်လျက် ရှိသည်။ ၂၀၁၆၊ ဇူလိုင်က ဖိလစ်ပိုင် အစိုးရ တင်သွင်းသော အဆိုတစ်ရပ်ကို နိုင်ငံတကာ ခုံရုံးက ကြားဝင်ဆုံးဖြတ်ပြီး တရုတ်၏ လုပ်ဆောင်မှုများကို တားဆီးခဲ့သော်လည်း တရုတ်အစိုးရက ယင်းဆုံးဖြတ်ချက်ကို လေးစား လိုက်နာမည် မဟုတ်ဟု အတိအလင်း တုံ့ပြန် ကြေညာထားသည်။ Ref: CNA
Source : http://ift.tt/2sp1hEm
via IFTTT

No comments:

Post a Comment