ဗဟိုဘဏ်ထုတ်ပြန် ထားသည့် ငွေစက္ကူအတုပြဿနာဖြေရှင်းနည်း ညွှန်ကြား ချက်ကို လိုက်နာရန် ပြည်တွင်း ပုဂ္ဂလိကဘဏ်များ အခက်အခဲဖြစ်သည်ဟု သတင်းရရှိသည်။ နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိက ဘဏ်များအနေဖြင့် ပေးသွင်း သည့် ငွေများတွင် ငွေစက္ကူအတု များပါရှိလျှင် ပေးသွင်းသူ၏ အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာတို့ကို တိကျစွာရေးသားပြီး နီးစပ်ရာရဲစခန်းသို့ ပေးပို့ရမည်ဟု မေလ ၃၁ ရက်စွဲဖြင့် မြန်မာနိုင်ငံ ဗဟိုဘဏ်က ညွှန်ကြားစာထုတ် ပြန်ခဲ့သည်။ ‘‘ဒီညွှန်ကြားစာက ဘဏ်နဲ့ ကာစတန်မာ (ငွေအပ်သူ)ကြား မှာ ပြဿနာရှိလာနိုင်တယ်။ တကယ်လုပ်ဖို့မလွယ်ဘူး’’ ဟု ပြည်တွင်းပုဂ္ဂလိကဘဏ်တစ်ခုမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။ လက်ရှိငွေအပ်သူများက ငွေ အတုပါလာမည်ဆိုပါက ဘဏ်ကသိမ်းယူခြင်းကို လက်မခံဘဲ ငွေ စက္ကူအတုကို ပြန်လည်တောင်း ယူပြီး အစစ်နှင့် လဲပေးမည်ဟု တောင်းဆိုချက်များရှိလာ၍ ဘဏ်ဝန်ထမ်းများက လုပ်ငန်းလုပ်ဆောင်ရာတွင် အကျပ်အတည်းဖြစ်ရသည်ဟု ပုဂ္ဂလိကဘဏ်ဝန်ထမ်းတစ်ဦးက ပြောသည်။ ‘‘ ဒီနေ့ တောင်ငူကနေ မြောက်ဥက္ကလာကို ငွေလွှဲတာ တစ်သောင်းတန် အတုတစ်ရွက်ပါတယ်ဆိုပြီး ကျွန်တော့်ကို ပြောတယ်။ ကျွန်တော်လည်းပါလာရင် ဖျက်ခိုင်းပါတယ်။ ဘဏ်ဝန်ထမ်းက ဖျက်လို့မရဘူးတဲ့၊ ဖျက်လို့မရရင် အတုဖြစ်ကြောင်း တံဆိပ်ထုပေးပါလို့၊ ဒါလည်း လုပ်လို့မရဘူးတဲ့။ ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်က ပိုက်ဆံအတုကို လုံးဝဘာမှမလုပ်ရပါဘူးတဲ့။ ဒီတိုင်းပြန်အပ်ရမယ်တဲ့ဗျာ’’ဟု ဘဏ်ကိုငွေသွင်းစဥ် ငွေစက္ကူအတုပါဝင်နေ၍ အခက်တွေ့ခဲ့သူ Auto Car အရောင်းစင်တာပိုင်ရှင် ဦးမင်းအောင်အေးက ပြောသည်။ ထို့အပြင် အဆိုပါငွေအတု ကို ဘဏ်ဝန်ထမ်းများက မှားယွင်းပြီး အခြားငွေစက္ကူများနှင့် ရော နှောသွားနိုင်ခြင်း၊ ဝန်ထမ်း၏ မသမာမှုများကြောင့် ငွေစက္ကူအစစ် များနှင့် ရောနှောပါဝင်လာနိုင်၍ ယခုအစီအစဥ်သည် နောက်ထပ်ဆိုးကျိုးများပါဝင်လာနိုင်သည်ဟု ၎င်းက ထောက်ပြဝေဖန်သည်။ ယခင်က ပြည်တွင်းပုဂ္ဂလိက ဘဏ်များက ငွေစက္ကူအတုတွေ့ ရှိပါက ထပ်မံအသုံးမပြုနိုင်ရန် ငွေစက္ကူကို အပေါက်များဖောက်ပစ်ခြင်း၊ တံဆိပ်တုံးများ ရိုက်နှက်ခြင်းစသည်တို့ ပြုလုပ်ခဲ့သည်။
Source : http://ift.tt/2rXY2Wo
via IFTTT
No comments:
Post a Comment