Monday, June 12, 2017

The Voice

မြန်မာပြည်တွင် ထုတ်လုပ်မည် သုံးနှစ်အကြာတွင် Myanmar Trade Center ၏ ရည်မှန်းချက်များ တစ်ကျော့ပြန် အသက်ဝင်လာပြီဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဇွန်လက မြန်မာနိုင်ငံတွင် မော်တော်ယာဉ် ထုတ်လုပ်ခွင့်ရရန် တင်ပြခဲ့ပြီးနောက် ယခုအခါ အရပ်သားအစိုးရက ခွင့်ပြုလိုက်ပြီဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း Myanmar Trade Center က စက်မှုဝန်ကြီးဌာနအောက်ရှိ ထောက်ကြံ့အလုပ်ရုံခွဲကို ငှားရမ်းခဲ့သည်။ နှစ်ဖက် သဘောတူ စာချုပ်ကို မေလ ၃၀ ရက်နေ့တွင် ချုပ်ဆိုခဲ့ကြသည်။ မေလ ၂၀ ရက်တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၌ ပြုလုပ်ခဲ့သော နိုင်ငံတော် သမ္မတနှင့် စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင်လည်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက မော်တော်ယာဉ် အသစ်များ ထုတ်လုပ်ရန် အားပေးကြောင်း ပြောကြားခဲ့သည်။ ယင်းသည် နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်က အရပ်သား အစိုးရလက်ထက်တွင် မော်တော်ယာဉ်များ ထုတ်လုပ်ရန် ကနဦး အချက်ပေးလိုက်ခြင်းပင် ဖြစ်သည်။ မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်မှုသည် တစ်ခေတ်တစ်ခါကမူ “ဗာဒံပင်အောက်က ကားထုတ်လုပ်မှု”ဟု ကျော်ကြားခဲ့သည်။ ဆိုလိုသည်မှာ နည်းပညာနှင့် အခြေခံ အဆောက်အဦမရှိဘဲ ရှိသမျှဖြင့်တည် ဆောက်နေခြင်းဖြစ်ပြီး ပြည်ပမှ အစိတ်အပိုင်းများကို တပ်ဆင် ထုတ်လုပ်နေခြင်းဖြစ်ကြောင်း ဆိုလိုခြင်းပင်။ မြန်မာနိုင်ငံသည် မော်တော်ယာဉ်များကို အမှတ် (၂) စက်မှုဝန်ကြီးဌာနအောက်တွင် ထုတ်လုပ်ခဲ့ဖူးသည်။ တော်လှန်ရေး ကောင်စီခေတ်နှင့် လမ်းစဉ်ပါတီခေတ်တို့တွင် စက်မှု (၂) ဝန်ကြီးဌာနက ဘီအမ်၊ ဘီအိတ်စ်၊ လေးဘီး ဘီ ၃၆၀၊ ဘီ ၆၀ဝ နှင့် တီ ၂၀ဝဝ ယာဉ်များကို ပြည်ပမှ အစိတ်အပိုင်းများ မှာယူတပ်ဆင်ပြီး မြန်မာပြည်တွင် ထုတ်လုပ်သည်ဟု တံဆိပ်နှိပ်ခဲ့သည်။ ဇုန်ထုတ်ဂျစ်ဟုခေါ်သော အေးသာ ယာစက်မှုဇုန်ထုတ် ဂျစ်ကားများကိုလည်း ထုတ်လုပ်ခဲ့ပြီး ဈေးကွက်အတွင်း၌မူ ထင်သလောက် ခရီးမပေါက်ခဲ့သည့် သာဓကများ ရှိခဲ့သည်။ ထို့ကြောင့်ပင် ပြည်တွင်းထုတ် မော်တော်ယာဉ်များနှင့် ပတ်သက်၍မူ သုံးစွဲသူများ၏ အသံကိုလည်း ကုမ္ပဏီက နားစွင့်လျက်ရှိသည်။ လက်ရှိတွင်မူ ထုတ်လုပ်ပြီး ယာဉ်များကို မည်သည့်နေရာတွင် ရောင်းချမည်နည်းဟူသည့် ဈေးကွက်က အရေးကြီးလာသည်။ မြန်မာနိုင်ငံတွင် ဘတ်စ်ကားအစီးရေ သုံးသောင်းနီးပါး (၂၈၃၈၃) သာ ပြေးဆွဲလျက်ရှိရာ ဈေးကွက်ဝယ်လိုအား နည်းပါးလွန်းသည့် ဘတ်စ်ကားများ ထုတ်လုပ်မည်ဆိုသည်ကို မြန်မာမော်တော်ယာဉ် တင်သွင်း၊ ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (ရန်ကုန်) အထွေထွေအတွင်းရေးမှူး ဦးအောင်ဇော်ဦး (ဆောင်းပါးရှင် အရည်ကြို) က မေးခွန်း ထုတ်သည်။ သို့သော်လည်း ဒီမိုကရေစီခေတ်တွင် စက်မှုဝန်ကြီးဌာနက မပါဝင်ဘဲ ပုဂ္ဂလိကသို့သာ လက်လွှဲ၍ မော်တော်ယာဉ် ထုတ်လုပ်ခြင်းဖြစ်ပါက ကြိုဆိုကြောင်း ၎င်းက ဆိုသည်။ “ကျွန်တော်ကတော့ သူဘာသူ လုပ်တယ်လို့ပဲ မြင်ပါတယ်။ အစိုးရဆီက မပါဘူးလို့ ထင်ပါတယ်။ အရင်ကပြောတုန်းကတော့ အစိုးရပါသလို ပြောတာကိုး။ ဆိုရှယ်လစ်ခေတ်မှ မဟုတ်တာ အစိုးရပါ ရအောင်”ဟု ဦးအောင်ဇော်ဝင်းက ဆိုသည်။ ထို့ပြင် အဆိုပါ ထုတ်လုပ်ပြီးယာဉ်များကို နိုင်ငံခြားသို့ တင်ပို့ခြင်း သို့မဟုတ် ပြည်တွင်း၌ ရောင်းချခြင်းတို့ကို အားပေးသော်လည်း ဝန်ကြီးဌာန အစီအစဉ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဝယ်ယူရမည်ဆိုလျှင်မူ မဖြစ်သင့်ကြောင်း ၎င်းကဆိုသည်။ “နိုင်ငံခြားကို တင်ပို့မယ်ဆိုရင်တော့ ဝမ်းသာတယ်။ သူတို့ဘာသာ ရောင်းမယ်ဆိုရင်လည်း အိုကေတယ်။ စက်မှုဝန်ကြီးဌာနနဲ့ ပေါင်းပြီးထုတ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ရောင်းမယ်ဆိုရင်တော့ ဒါကနည်းနည်း မဖြစ်သင့်ဘူးထင်တယ်”ဟု ၎င်းဆိုသည်။ သို့သော်လည်း ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းကမူ UMFCCI တွင်ပြုလုပ်သည့် တွေ့ဆုံပွဲတွင် ယခုလိုဆိုသည်။ “ရန်ကုန်တိုင်းဒေသကြီးက ပြုလုပ်နေတဲ့ Bus System အောင်မြင်ဖို့အတွက် မြန်မာနိုင်ငံမှာ ဘတ်စ်ကားတွေ အများကြီး လိုအပ်နေပါတယ်”ဟူ၍။ Myanmar Trade Center ၏ အထွေထွေ မန်နေဂျာ ဦးကျော်စွာသိမ်းကလည်း ထုတ်လုပ်သည့်ယာဉ်များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ရောင်းချရန်အတွက် မျှော်မှန်းထားသော်လည်း လက်ရှိတွင်မူ စက်ရုံလည်း ပြင်ဆင်ဆဲဖြစ်၊ ပစ္စည်းလည်း မထုတ်ရသေးသောကြောင့် မျှော်လင့်ချက် အဆင့်သာ ဖြစ်သည်ဟုဆိုသည်။ ဦးကျော်စွာသိမ်းသည် တပ်မတော်တွင် ၁၉ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစား ဗိုလ်မှူးတစ်ဦးဖြစ်ပြီး အမှတ် (၂) စက်မှုဝန်ကြီးဌာနသို့ ပြောင်းရွှေ့ထမ်းဆောင်ခဲ့ကာ ၂၀၁၄ ခုနှစ်တွင် နုတ်ထွက်ခဲ့သူဖြစ်သည်။ Myanmar Trade Center ကုမ္ပဏီသည် ဝန်ကြီးဌာနများသို့ ၎င်းတို့ ထုတ်လုပ်သည့် ဘတ်စ်ကားများ ရောင်းချနိုင်ရန် ပစ်မှတ်ထားလျက်ရှိသည်။ ထို့ပြင် ကျောင်းကားများနေရာတွင် ၎င်းတို့ ကုမ္ပဏီမှ ထုတ်လုပ်မည့် မီနီဘတ်စ်ကားများကို အစားထိုး သုံးစွဲနိုင်ရန် မျှော်လင့်လျက်ရှိသည်။ မေလ ၂၀ ရက်နေ့ လက်မှတ်ထိုး အခမ်းအနားတွင် ခရီးသည်တင်ယာဉ် BS-106 မော်ဒယ်လ်ကို CNG နှင့် ဒီဇယ် အင်ဂျင်နှစ်မျိုးဖြင့် ထုတ်လုပ်မည်ဖြစ်ပြီး ကျောင်းကားအဖြစ် အသုံးပြုနိုင်မည့် ၂၉ ယောက်စီး မီနီဘတ်စ်ကို ဒီဇယ်အင်ဂျင်ဖြင့် ထုတ်လုပ်မည်ဖြစ်ကြောင်း Myanmar Trade Center ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာကျော်ကျော်အောင်က ပြောကြားသည်။ လက်ရှိတွင် ထောက်ကြံ့စက်ရုံကို ကနဦး ၂၅ နှစ်၊ ငါးနှစ်သက်တမ်းတိုး နှစ်ကြိမ်ဖြင့် ငှားရမ်းထားကြောင်း၊ ယင်းစက်ရုံသည် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က တည်ဆောက်ခဲ့ပြီး ယခုအခါ ယိုယွင်းပျက်စီးလျက်ရှိရာ ပြင်ဆင်နေရကြောင်း ဦးကျော်စွာသိမ်းက ရှင်းပြသည်။ ထို့ပြင် စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် ဒေဝူးကော်ပိုရေးရှင်းမှ ပညာရှင်များကို ငှားရမ်းထားပြီး မော်တော်ယာဉ် ယာဉ်ထုတ်လုပ်ရန် စီစဉ်ထားကြောင်း အဆိုပါပုဂ္ဂိုလ်ထံမှ သိရသည်။ Myanmar Trade Center သည် ဒေဝူးကုမ္ပဏီမှ BS-106 နှင့် မီနီဘတ်စ် ထုတ်လုပ်သည့် နည်းပညာကို ဝယ်ယူ၍ အမေရိကန်ဒေါ်လာ ၁၀ သန်း ရင်းနှီးမြှုပ်နှံကာ ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်မည်ဖြစ်သည်။ စက်မှုဝန်ကြီးဌာနမှ ငှားရမ်းထားသော ထောက်ကြံ့စက်ရုံမှာ လက်ရှိတွင် ပြင်ဆင်ဆဲအဆင့်ဖြစ်၍ လာမည့်တစ်နှစ်ကျော် နောက်ပိုင်းမှသာ မော်တော်ယာဉ်များကို ထုတ်လုပ်နိုင်မည်ဖြစ်သည်။ ထို့ပြင် ကနဦးတွင် မော်တော်ယာဉ်များကို ပြည်ပမှ ယာဉ်ကိုယ်ထည် (ဖရိမ်) အပါအဝင် အစိတ်အပိုင်းများ မှာယူ၍ တပ်ဆင်မည် ဖြစ်သည်။ ယင်းအဆင့်ကို SKD စနစ်ဟု ခေါ်ဆိုကြသည်။ CKD ခေါ် ကားတစ်စီးကို ဆေးမှုတ်ခြင်းနှင့် ဝရိမ်ဆော်ခြင်း လုပ်ငန်းပါဝင်သည့် ကားထုတ်လုပ်မှုကို လာမည့်တစ်နှစ်ကျော် နောက်ပိုင်းမှသာ လုပ်ဆောင်နိုင်ဖွယ်ရှိသည်ဟု အဆိုပါကုမ္ပဏီထံမှ သိရသည်။ ဤနေရာတွင် ပြည်ပမှ အစိတ်အပိုင်းများကို မှန်မှန်ကန်ကန် တင်သွင်း၍ ပြည်တွင်း၌ ထုတ်လုပ်တပ်ဆင်လျှင် ပြဿနာ မရှိသော်လည်း မော်တော်ယာဉ် အစီးလိုက်ကို အစိတ်အပိုင်း အနည်းငယ်ဖြုတ်၍ တင်သွင်းလာပါက ပြဿနာရှိကြောင်း ရောင်နီဦး မော်တော်ယာဉ် ရောင်းဝယ်ရေး လုပ်ငန်းပိုင်ရှင် ဦးအောင်ဝင်းက ထောက်ပြသည်။ မြန်မာနိုင်ငံတွင် မော်တော်ယာဉ် ထုတ်မည်ဆိုလျှင် အလုပ်အကိုင် အခွင့်အလမ်း၊ နည်းပညာနှင့် နိုင်ငံတော်က အခွန်အခများ ရရှိမည်ဖြစ်၍ လုပ်သင့်သည့် လုပ်ငန်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ သို့သော်လည်း ယာဉ်အလုံးလိုက် တင်သွင်းလာလျှင် နိုင်ငံတော်က အခွန်အခ ရငွေနစ်နာကြောင်း၊ ကားထုတ်လုပ်ခြင်းကဲ့သို့ လုပ်ငန်းများကို နိုင်ငံတော်မှ သုံးနှစ် အခွန်ကင်းလွတ်ခွင့် ပေးမည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် ပြဋ္ဌာန်းထားကြောင်း ပြည်တွင်း မော်တော်ယာဉ် လုပ်ငန်းရှင်းများထံမှ သိရသည်။ မြန်မာနိုင်ငံတွင် ယာဉ်ကို အစိတ်အပိုင်း အနည်းငယ်ဖြုတ်၍ အလုံးလိုက်နီးပါး တင်သွင်းသည့်ဖြစ်ရပ်များလည်း ယခင်က ရှိခဲ့ဖူးသည်။ ပြီးခဲ့သည့်နှစ်များအတွင်း SSS ကုမ္ပဏီသည် KIA မော်တော်ယာဉ်သစ်များကို တစ်စိတ်တစ်ပိုင်း မဟုတ်ဘဲ ဘီးလေးဘီးသာဖြုတ်၍ အစီးလိုက် တင်သွင်းခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနတို့က ဗိုလ်အောင်ကျော် ဆိပ်ကမ်းသို့ ဝင်ရောက် စစ်ဆေးခဲ့ကြသည်။ အဆိုပါ သတင်းများကိုလည်း ပြည်တွင်းမီဒီယာများတွင် ဖော်ပြခဲ့ဖူးကြသည်။ ထိုစဉ်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် SSS ကုမ္ပဏီကို ယာဉ်အစီးရေ ၄၀ဝဝ ကျော် တင်သွင်းခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ယာဉ်ထုတ်လုပ်ခွင့်ရထားသည့် Myanmar Trade Center သည်လည်း တိုက်ကြေယာဉ်များသွင်းသည် ဟူသော စွပ်စွဲချက်ဖြင့် ၂၀၁၃ ခုနှစ်တွင် Black List စာရင်းဝင် ကုမ္ပဏီ ၁၆ ခုအနက် တစ်ခုအပါအဝင် ဖြစ်သည်။ ထို့နောက်တွင် Myanmar Trade Center အစား Myanmar Treasure Center ဟူ၍ ကုမ္ပဏီခွဲဖြင့် လုပ်ငန်းများ ဆက်လက် လုပ်ကိုင်ခဲ့သည်။ ပြီးခဲ့သည့်ကာလများကမူ Myanmar Coach Center အမည်ဖြင့် ကုမ္ပဏီခွဲတစ်ခုလည်း ရှိခဲ့သည်။ လက်ရှိ တွင်လည်း B & B (Beyond the best) အမည်ဖြင့် ခရီးသွားလုပ်ငန်း တစ်ခုကို အရှိန်မြှင့် လုပ်ဆောင်လျက်ရှိသည်။ အဆိုပါကုမ္ပဏီက တိုက်ကြေယာဉ်များ တင်သွင်းခဲ့သည်ဟူ၍ အမှုအခင်းများ ဖြစ်ပွားခဲ့သော်လည်း အမှန်မှာ ၎င်းတို့ ကုမ္ပဏီမှတင်သွင်းသည့် ယာဉ်တစ်စီးမှာ တိုက်ကြေယာဉ် မဟုတ်ဘဲ အပြစ်အနာ အနည်းငယ်သာ ရှိသည့် ယာဉ်တစ်စီးသာဖြစ်ကြောင်း အဆိုပါကုမ္ပဏီ၏ အထွေထွေ မန်နေဂျာ ဦးကျော်စွာသိမ်းက ရှင်းပြသည်။ ထို့ပြင်လည်း ဓာတ်ပုံများ မှတ်တမ်းများနှင့် အကောက်ခွန်ဦးစီးဌာနက စစ်ဆေးချက်များကို ထုတ်ပြခဲ့ပြီး ယင်းမှတ်တမ်း ဓာတ်ပုံများတွင် ဖော်ပြထားသော ကား၌မူ အနာအဆာ အနည်းငယ်သာရှိကြောင်း The Voice က တွေ့ရှိခဲ့ရသည်။ မည်သို့ဆိုစေ မြန်မာနိုင်ငံတွင် ဒေဝူးယာဉ်များကို ထုတ်လုပ်တော့မည်ဖြစ်သည်။ ဦးကျော်စွာသိမ်းကမူ ၎င်းတို့ ကုမ္ပဏီက ထုတ်လုပ်မည့် ဒေဝူးယာဉ်များ၏ အရည်အသွေးအတွက် အာမခံသည်ဟု ဆိုသည်။ “ဒေဝူးရဲ့နည်းပညာနဲ့ ထုတ်လုပ်မှာပါ။ အရည်အသွေးကိုလည်း ဒေဝူးကပဲ စစ်ဆေးမှာပါ။ လက်လွတ်စပယ်လုပ်ရင် သူတို့လည်း နိုင်ငံတကာမှာ နာမည်ပျက်၊ ဈေးကွက်ကျမှာမို့ သေချာ လုပ်ကြမှာပါ။ ဖြစ်အောင်လည်း ကျွန်တော်တို့ ကြိုးစားပြီး လုပ်ပါ့မယ်ခင်ဗျာ” နောင်တစ်နှစ်အကြာတွင် မြန်မာပြည်တွင် ထုတ်လုပ်သည်ဟူ၍ ရိုက်နှိပ်ထားပြီး ဒေဝူးတံဆိပ်ပါ ဘတ်စ်ကားများ ရန်ကုန်မြို့ လမ်းများပေါ်တွင် တွေ့မြင်နိုင်မည်လား ...။ လက်ရှိ အခြေအနေကတော့ “မြန်မာပြည်တွင် ထုတ်လုပ်မည်” ဟူ၍သာ။
Source : https://goo.gl/QewzY9
via IFTTT

No comments:

Post a Comment