အစိုးရဟောင်း ချပေးခဲ့သော အများပိုင်မြေများ ဥပဒေနှင့်မညီပါက ငွေပြန်အမ်းပြီး သိမ်းမည် မန္တလေးတိုင်း ဒေသကြီးတွင် ယခင်အစိုးရဟောင်း ခွင့်ပြုခဲ့သည့် အများပိုင်မြေနေရာများကို မြေတန်ဖိုးအမ်းပြီး ပြန်လည်သိမ်းဆည်းမည့် အမှုတွဲပေါင်း ၁၀၀ ခန့်ရှိကြောင်း တိုင်းစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးမြတ်သူက ဧရာဝတီကို ပြောသည်။ ဦးမြတ်သူက “အရင်အစိုးရ လက်ထက်တုန်းက ချထားပေးသမျှ မြေတွေကို သိမ်းမှာမဟုတ်ပါဘူး။ ဥပဒေနဲ့ မညီတာတွေ၊ အများပိုင်မြေတွေမှာ လူတဦးတည်းက ၄ ၊ ၅ ကွက် ယူထားတယ်ဆိုရင် တကွက်ကိုတော့ ပေးမယ်။ ကျန်တာကိုတော့ သူတို့စည်ပင်မှာ သွင်းထားတဲ့ မြေတန်ဖိုးအတိုင်း ပြန်အမ်းပြီး အစိုးရက မြေပြန်သိမ်းမယ်” ဟု ပြောသည်။ ယင်းမြေယာအမှုတွဲ ၁၀၀ နီးပါးတွင် မန္တလေးခရိုင် ပြည်ကြီးတံခွန်နှင့် အမရပူရမြို့နယ်တို့မှ အများဆုံးဖြစ်ပြီး မြေအကျယ်အဝန်း ၆ ဧကရှိသည့် မြေဧရိယာပင် ပါဝင်ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ် ဇူလိုင်လက ပြုလုပ်ခဲ့သည့် မန္တလေးတိုင်း လွှတ်တော်အထူးအစည်းအဝေးတွင် ချမ်းမြသာစည် မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက “အစိုးရ အကူးအပြောင်း ကာလများတွင် အများပြည်သူနှင့် သက်ဆိုင်သော ဧရိယာကျယ်ဝန်းသည့် မြေကွက်များ၊ ပလပ်မြေများကို လူပုဂ္ဂိုလ်အမည်များဖြင့် မြေနေရာ ချထားပေးမှုများ ပြန်လည်စိစစ်၍ အများပြည်သူ အကျိုးအတွက် စနစ်တကျ စီမံခန့်ခွဲမှု ဆောင်ရွက်နိုင်ရေး” အဆိုတရပ်ကို တင်သွင်းခဲ့ရာ အောင်မြင်ခဲ့သည်။ ယခုမြေတန်ဖိုး ပြန်အမ်းမည့်ကိစ္စသည် ယင်းအဆို၏ နောက်ဆက်တွဲဖြစ်ပြီး လွှတ်တော်မှ တင်ပြလာသည့် မြေအမှုတွဲ အစီရင်ခံစာအပေါ် တိုင်းအစိုးရအဖွဲ့က ယခုလို ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း တိုင်းစီမံ/ဘဏ္ဍာ ဝန်ကြီး ဦးမြတ်သူက ပြောသည်။ ယင်းအဆိုနှင့် ပတ်သက်၍ မန္တလေးတိုင်းဝန်ကြီးချုပ်က မြေယာ အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစေကာ အမှုများကို ကွင်းဆင်း စစ်ဆေးပြီး တွေ့ရှိချက်များအား အစိုးရအဖွဲ့ထံ ၅ လအတွင်း အစီရင်ခံစာ တင်သွင်းခဲ့သည်ဟု ယင်းအဖွဲ့၏ ခေါင်းဆောင်တဦးဖြစ်သည့် ချမ်းမြသာစည်မြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်က ဧရာဝတီကို ပြောကြားခဲ့သည်။ ဦးတင်အောင်က “ဥပဒေမှာ အစိုးရအနေနဲ့ ချထားပေးပိုင်ခွင့်ရှိတဲ့ မြေရှိသလို၊ ချထားပေးပိုင်ခွင့် မရှိတဲ့ မြေ ဆို တာလည်း ရှိတယ်။ ဒါပေမဲ့ အခု စစ်ဆေးတဲ့အထဲမှာ အဲဒီလို ပေးပိုင်ခွင့်မရှိတဲ့ မြေတွေကို လူပုဂ္ဂိုလ်တွေကို ချထား ပေးတာမျိုးတွေ တွေ့ရတယ်။ အဲဒီ လူပုဂ္ဂိုလ်တွေထဲမှာ မန္တလေးမြို့က နာမည်ကြီး စီးပွားရေးသမား တော်တော် များများ ပါနေတယ်” ဟု ပြောသည်။ ထို့ကြောင့် ယင်းမြေအမှုတွဲများကို လာမည့်ဘဏ္ဍာနှစ်အတွင်း မြေတန်ဖိုး ပြန်အမ်းမည်ဖြစ်ရာ ၂၀၁၈-၁၉ ဘဏ္ဍာနှစ် မန္တလေးတိုင်း ရသုံးမှန်းခြေငွေစာရင်း (ဘတ်ဂျက်) တွင် အစိုးရက မြေတန်ဖိုး ပြန်အမ်းရမည့် ငွေပမာဏကို ထည့် သွင်း၍ လွှတ်တော်သို့ တင်ပြ တောင်းခံရမည်ဖြစ်သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ သိရသည်။ The post အစိုးရဟောင်း ချပေးခဲ့သော အများပိုင်မြေများ ဥပဒေနှင့်မညီပါက ငွေပြန်အမ်းပြီး သိမ်းမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2fx7OYB
via IFTTT
No comments:
Post a Comment