မုဒုံအုပ်ချုပ်ရေးမှူး တာဝန်မှ ရပ်စဲခံရ၍ ရွာသား တရာကျော် ဆန္ဒပြ စုံစမ်း စစ်ဆေးရေး အဖွဲ့၏ သုံးသပ်ချက်၊ မွန်ပြည်နယ် အစိုးရအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်တို့ဖြင့် မုဒုံမြို့၊ မှိန်ဂနိမ်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကို တာဝန်မှ ရပ်ဆိုင်းခံခဲ့ရသည့် အပေါ် မကျေနပ်၍ ယနေ့တွင် ကျေးရွာသား ၁၂၀ ခန့် စုဝေးကာ မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ ရေပေါ်ဈေးသို့ လာရောက် ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြရာတွင် “ကျေးရွာ အုပ်ချုပ်ရေးမှူးအား တာဝန်မှ ရပ်စဲခြင်းကို ဖျက်သိမ်းပေးရေး၊ လွှတ်တော်တွင် မဟုတ်မမှန် စွပ်စွဲ ပြောဆိုသည့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော် အလိုမရှိနှင့် ဒေါ်မြသိင်္ဂီမော် လွှတ်တော် ကိုယ်စား လှယ် အဖြစ်မှ နုတ်ထွက်ပေးရေး” စသည့် ကြွှေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်၏ လွှတ်တော်၌ တင်ပြချက်ကြောင့် ကျေးရွာ အုပ်ချုပ်ရေးမှုး တာဝန်မှ ရပ်စဲ ခံခဲ့ရသည်ဟု ယူဆကြောင်း စက်တင်ဘာလ ၁၄ ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး အဖြစ်မှ ရပ်စဲခံခဲ့ရသည့် ဦးအောင်ကို က ပြောသည်။ “ဒေါ်မြသိင်္ဂီမော်၏ လွှတ်တော်တွင်း တင်ပြချက်ကြောင့် ကျနော့်ကို တာဝန်က ရပ်ဆိုင်းလိုက်တယ် ၊ ကျနော့်အနေနဲ့ ကတော့ ဒီလောက်နဲ့ ကျေနပ်ပါတယ်၊ သူ့အပေါ် အမျက်မရှိပါဘူးဟု” ဦးအောင်ကိုက ပြောသည်။ မှိန်ဂနိမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ကိုသည် မီးရထားပိုင်မြေကို ရပ်ဝေးမှ လာရောက် လုပ်ကိုင် စားသောက် သူများအား ရောင်းချထားခြင်း၊ စီပီ ကုမ္ပဏီက ရွာသားများအတွက် ချေးငွေများ ချထားပေးရာတွင် မျှတမှု မရှိခြင်း စသည့် အချက်များကြောင့် ပြီးခဲ့သည့် မတ်လခန့်က တိုင်ကြားခဲ့၍ ၎င်းအား ခရိုင် ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန တို့က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့၍ စစ်ဆေးခဲ့သည်။ ထိုအဖွဲ့၏ တွေ့ရှိချက်ဖြင့် မှိန်ဂနိမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ကိုသည် လွှတ်တော် ကိုယ်စားလှယ်များအား လေးစားမှု အားနည်းခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်များ ထမ်းဆောင်ရာတွင် အားနည်းခြင်း၊ ကျေးရွာလူထု ရပ်မိရပ်ဖ များနှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်း ၊ ကျေးရွာလူထုနှင့် ပေါင်းစပ် ညှိနှိုင်းမှု အားနည်းခြင်း၊ အရက်သေစာ မကြာခဏ သောက်စားခြင်း စသည့် သုံးသပ်ချက်များကို ပြီးခဲ့သည့် သြဂုတ်လခန့်တွင် ပြန်လည် တင်ပြခဲ့သည်။ ထို့ပြင် ဦးအောင်ကိုသည် ထိုမတိုင်မီ၌လည်း တိုင်စာပစ်စာ အကြိမ်ကြိမ် တိုင်ကြားခံရခြင်း ၊ ခံဝန်ချက် ၂ ကြိမ် ရေးထိုး ခံထားရပြီး ဖြစ်သည်။ ဆန္ဒပြပွဲအား ဦးဆောင် လျှောက်ထားသူ တဦးဖြစ်သည့် ဒေါ်စန်းအေးက “ အန်တီတို့ တင်မြှောက်ထားတဲ့ အုပ်ချုပ်ရေးမှူး ကို မဟုတ်မမှန် စွပ်စွဲပြောဆိုချက်နဲ့ ဖြုတ်လိုက်တာပေါ့နော်။ အဲဒါကို မကျေနပ်လို့ ဆန္ဒထုတ်ဖော်တယ်၊ အန်တီတို့ အနေနဲ့ကတော့ အောက်ခြေမှာ အဖြေမှန်ကို ပြန်ပြီး စိစစ်စေချင်တာပေါ့” ဟု ၎င်းက ဆန္ဒပြပွဲအပြီးတွင် သတင်းမီဒီယာ များ၏ မေးမြန်းချက်ကို ဖြေကြားခဲ့သည်။ ပြီးခဲ့သည့် သြဂုတ်လ ပထမပတ်၌ ပြုလုပ်ခဲ့သည့် မွန်ပြည်နယ် အစိုးရအဖွဲ့ ကက်ဘိနက် အစည်းအဝေး၌ ၎င်းအား တာဝန် ဆက်လက်ထမ်းဆောင်ရန် မသင့်လျော်ကြောင်း သုံးသပ်၍ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် တာဝန်မှ ရပ်စဲရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။ “မြို့နယ် အုပ်ချုပ်ရေးမှူးတွေက မှတ်တမ်းတင် သတိပေးထားတာ ၂ ကြိမ်ရှိတယ်၊ ဒါကြောင့်မို့လို့ ကျေးရွာ အုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ဆက်ပေးဖို့ မသင့်ဘူး ဆိုပြီးတော့ ခရိုင်စုံစမ်း စစ်ဆေးရေးအဖွဲ့ကနေ တင်ပြလာတယ်၊ ဒါကြောင့်မို့လို့ ဒီအုပ်ချုပ်ရေးမှူးကို တာဝန်မှ ရပ်စဲဖို့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ဆုံးဖြတ် လုပ်ဆောင်ခဲ့တာ” ဟု ဦးမြင့်သန်းဝင်းက ရှင်းပြသည်။ ထိုတိုင်ကြားခံခဲ့ရသည့် ကျေးရွာ အုပ်ချုပ်ရေးမှူးအား စုံစမ်းခဲ့စဉ်၌ ခြိမ်းခြောက် စစ်ဆေးမှုများနှင့် တဖက်သတ် စစ်ဆေး မေးမြန်းမှုများ ရှိခဲ့သည်ဟု စက်တင်ဘာလ ၁၂ ရက်နေ့ လွှတ်တော် အစည်းအဝေး၌ မုဒုံမဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ်က မေးခွန်း မေးမြန်းခဲ့၍ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက အစိုးရအဖွဲ့အား ထိခိုက်စေသည့် မေးခွန်း ဖြစ်သည်ဟု ပြောဆိုခဲ့ပြီးနောက်တွင် မေးခွန်းရှင်နှင့် အစိုးရအဖွဲ့ လွှတ်တော်ဥက္ကဋ္ဌတို့အကြား၌ အချေအတင် ဖြစ်ခဲ့ကြသေးသည်။ ဒေါက်တာအေးဇံ မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် စတင် တာဝန်ယူပြီးချိန်မှစ၍ ရပ်ကျေး အုပ်ချုပ်ရေးမှူး ၁၂ ဦးတို့အား စိစစ်၍ တာဝန်မှ အသီးသီး ရပ်စဲထားခဲ့ပြီးဖြစ်ကာ ဆက်လက်၍ စိစစ်နေဆဲ ကျေးရွာအုပ်ချုပ်ရေးမှူးများလည်း အများ အပြား ရှိသေးကြောင်း အစိုးရအဖွဲ့ရုံးမှ သိရသည်။ The post မုဒုံအုပ်ချုပ်ရေးမှူး တာဝန်မှ ရပ်စဲခံရ၍ ရွာသား တရာကျော် ဆန္ဒပြ appeared first on ဧရာဝတီ.
Source : http://ift.tt/2xjtWgI
via IFTTT
No comments:
Post a Comment