Thursday, September 21, 2017


ကလေးမြို့တွင် ရေဘေးရှောင်သူ ဦးရေ ၉ ထောင်ကျော်ရှိ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးမြို့တွင် မြစ်ရေမြင့်တက်မှု နှင့် မိုးရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကာ လက်ရှိတွင် ရေထပ်မံ မမြင့်တက်သော်လည်း ရေဘေးရှောင်သူ ဦးရေ ၉ ထောင်ကျော် ရှိနေပြီဖြစ်ကြောင်း ကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။ “ရေကတော့ ဆက်မတက်တော့ဘူး။ ကျနော်တို့ မြို့နယ် အပေါ်မှာတော့ ရေကျနေပြီ။ ဒီမှာတော့ ၁စင်တီမီတာ ၂ စင်တီမီတာလောက်ပဲ စကျကာစပဲ ရှိသေးတယ်။ အခုက ရေဘေးရှောင် စခန်း ၁၉ ခုမှာပဲ ရှိနေသေးပါတယ်” ဟု ကလေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဝေလွင်စိုးက ဧရာဝတီသို့ ပြောသည်။ ကလေးမြို့ရှိ ကျေးရွာနှင့် ရပ်ကွက်အချို့သို့ ရေဝင်ရောက်မှုသည် ၃ ရက်ကြာမြင့်နေပြီ ဖြစ်သည်။ ယင်းကဲ့သို့ ရေဝင် ရောက်မှု မြင့်တက်နေသဖြင့် ၂၀၁၅ ခုနှစ်က ဖြစ်ပေါ်ခဲ့သော ရေကြီးမှုဖြစ်စဉ်အတိုင်း ထပ်မံဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ လက်ရှိစာရင်းများအရ ကလေးမြို့တွင် ရေဘေးရှောင်သူ ဦးရေ ၉၈၅၈ ၊ အိမ်ခြေ ၂၀၈၉ အိမ် ၊ အိမ်ထောင်စု ၂၁၇၃ တို့သည် ရေဘေးရှောင်စခန်း ၁၉ ခုတွင် နေထိုင်နေရကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။ မြစ်သာမြစ်ရေ ဝင်ရောက်ခဲ့သည့် ကလေးမြို့သည် လာမည့် ၂ ရက်အတွင်း မိုးရွာသွန်းမှု လျော့ကျသွားပါက ရေပြန်ကျ လာမည့် အခြေအနေရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဧရာဝတီသို့ ပြောသည်။ “မြစ်သာမြစ်ဟာ ပြင်သာ ကလေးမြို့မှာ စိုးရိမ်ရေမှတ်ထက် ကျော်နေတာ ရှိတယ်။ အခု လောလောဆယ်တော့ ဆက်တက်နေတဲ့ အနေအထားရှိတယ်။ မိုးအား ကျသွားပြီဆိုတော့ နောက် ၁ ရက်၂ ရက် လောက်နေရင် ပြန်ကျသွားမယ့် အနေအထားရှိတယ်” ဟု ၎င်းက ပြောသည်။ ဆက်လက်ပြီး “ မိုးအားက အခုတော့ ပြန်ကျသွားပြီ။ တနိုင်ငံလုံးမှာ မိုးက ပြန်ကျနေပြီ။ ဒါပေမဲ့ ရခိုင်မှာတော့ နေရာကွက်ပြီးတော့ မိုးကြီးနိုင်သေးတယ်။ နောက် ၂ ရက်လောက်နေရင်တော့ မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေ ဖြစ်တဲ့ တနင်္သာရီတို့မှာ မိုးကောင်းလာနိုင်တဲ့ အနေအထားရှိတယ်။ ကျန်တဲ့ ဒေသတွေမှာ မိုးအားက လျော့ကျသွားပြီ” ဟု ဆိုသည်။ မြစ်သာမြစ်ရေသည် ပြင်သာ (ကလေးမြို့)တွင် ၇ ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် နှစ် ရက်အတွင်း ၃ ပေခန့် ကျဆင်းနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သောကြောင့် မြစ်ကမ်းအနီးနှင့် မြေနိမ့် ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။ The post ကလေးမြို့တွင် ရေဘေးရှောင်သူ ဦးရေ ၉ ထောင်ကျော်ရှိ appeared first on ဧရာဝတီ.
Source : http://ift.tt/2jKv75G
via IFTTT

No comments:

Post a Comment