တပ်မတော် ခေါင်းဆောင်များကို အနောက်နိုင်ငံများက ဆန်ရှင်ပြန်ထားမလား ရိုဟင်ဂျာမွတ်စလင် ဆိုသူ ၅ သိန်းကျော် ပြည်တွင်းကနေ ထွက်ပြေးစေခဲ့သော စစ်ဆင်ရေးများ အတွက် မြန်မာ့တပ်မတော် ခေါင်းဆောင်များကို ပစ်မှတ်ထားသော အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ရန် ဥရောပသမဂ္ဂနှင့် အမေရိကန် နိုင်ငံတို့က စဉ်းစားနေသည်ဟု ထိုဆွေးနွေးမှုများကို သိရှိသူ အရာရှိများကို ကိုးကား၍ ရိုက်တာသတင်းက ရေးသည်။ ဝါရှင်တန်၊ ရန်ကုန်နှင့် ဥရောပတွင် အခြေစိုက်သော သံတမန်နှင့် အရာရှိ တဒါဇင်ကျော်နှင့် တွေ့ဆုံမေးမြန်းမှုများအရ ဆွေးနွေးနေသော အချက်များတွင် ထိပ်တန်းဗိုလ်ချုပ်ကြီးများကို ပစ်မှတ်ထား အရေးယူမှုများ ပါဝင်ကြောင်းနှင့် မည်သည့် အချက်ကိုမျှ မဆုံးဖြတ်ရသေးသော်လည်း အမေရိကန်နှင့် ဥရောပသမဂ္ဂတို့သည် လတ်တလောတွင် ယင်းသို့ ဆန်ရှင် ပြန်လုပ်ရန်ကို ဆိုင်းငံ့ထားဖွယ် ရှိကြောင်းဟု သိရသည်။ ရိုဟင်ဂျာ ဆိုသူ မွတ်စလင်များ အလုံးအရင်းနှင့် ထွက်ပြေးခြင်းသည် အနောက် နိုင်ငံများမှ မူဝါဒချမှတ်သူများ အပေါ် ဖိအား မည်မျှဖြစ်စေသည်ကို တလပင် မပြည့်သေးသောအချိန်တွင် အရေးယူပိတ်ဆို့ရေး ဆွေးနွေးမှုများ ဖြစ်လာခြင်းက ပြသနေသည်။ ပြည်ပ ပြစ်တင်ဝေဖန်မှု အများအပြားသည် ဒေါ်အောင်ဆန်းစုကြည်ကို ဦးတည်နေသော်လည်း အနောက် နိုင်ငံများမှ သံတမန်များက ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာ့တပ်မတော်ကို ထိန်းချုပ်နိုင်ခြင်း မရှိဟု မြင်ကြသည်။ ဥရောပသမဂ္ဂ နိုင်ငံခြားရေး ဝန်ုကြီးများ ကောင်စီသည် မြန်မာ့အရေးကို အောက်တိုဘာလ ၁၆ ရက်နေ့တွင် ဆွေးနွေးမည် ဖြစ်သော်လည်း မြန်မြန်ဆန်ဆန် အရေးယူလိမ့်မည် မထင်ကြောင်း ရိုက်တာသတင်းဌာနကို ပြောသည်ဟု သိရသည်။ သို့သော် ဒိန်းမတ် နိုင်ငံသည် မြန်မာစစ်ဘက်အပေါ် ဖိအား ပိုမိုပေးရန် အစီအစဉ်ကို ဆွေးနွေးနေသည် ဟု ဒိန်းမတ် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး အူလာတော်နေး (Ulla Tornaes) ကို ကိုးကား၍ ရိုက်တာသတင်းက ရေးသည်။ ထို့အပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အခြား ဗိုလ်ချုပ်အများအပြားကို သာမက မွတ်စလင်ရွာများကို မီးရှို့သည်ဟု စွပ်စွဲခံရသည့် ရခိုင်ဗုဒ္ဓဘာသာ ခေါင်းဆောင်များကိုပါ ပစ်မှတ်ထားသော အရေးယူမှုများကိုပါ ဆွေးနွေးနေသည် ဟု အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် အစိုးရ၏ ဝါရှင်တန်အခြေစိုက် အမေရိကန်အရာရှိ ၂ ဦးက ပြောကြောင်းလည်း သိရသည်။ ထိုသို့သော အရေးယူမှုများတွင် အမေရိကန်နိုင်ငံရှိ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း၊ အမေရိကန်နိုင်ငံတွင် သွားလာခွင့် ပိတ်ပင်ခြင်း၊ အရေးယူခံရသူများနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ခြင်း မပြုရန် အမေရိကန် လုပ်ငန်းများကို တားမြစ်ခြင်း နှင့် အခြားပြစ်ဒဏ်များ ပါဝင်နိုင်ပြောကြောင်းလည်း သိရသည်။ အမေရိကန်နိုင်ငံသည် ဥရောပ၊ ဂျပန်နှင့် အရှေ့တောင်အာရှမှ အစိုးရများနှင့် ဆွေးနွေးပြီး သတိထားလုပ်ဆောင်နေသည်ဟု အထက်ပါ အရာရှိများက ရိုက်တာသတင်းဌာနကို ပြောသည်။ ရက်စွဲအတိအကျ သတ်မှတ်ထားခြင်း မရှိသေးသော်လည်း နိုဝင်ဘာလ ပထမလဝက် အတွင်း သမ္မတဒေါ်နယ်လ်ထရမ့် ထိပ်သီးအစည်းအဝေးများ တက်ရန် အာရှသို့ မသွားမီ အရေးယူမှုများ စတင်လုပ်ဆောင်လိမ့်မည် ဟု မျှော်လင့်ရကြောင်း ဝါရှင်တန် အခြေစိုက် အရာရှိတဦးက ပြောသည်။ ထရမ့်အစိုးရသည် မြန်မာ့တပ်မတော်သို့ ပြင်းထန်သော သတင်းစကားပေးပို့ လိုသော်လည်း တရုတ်နိုင်ငံက မြန်မာနိုင်ငံ အပေါ် ဩဇာတိုးချဲ့စေမည့် ပြင်းထန်သော အရေးယူမှု မလုပ်မိရန် သတိထားနေသည်ဟုလည်း ထိုအရာရှိက ပြောသည်။ စီးပွားရေး အရေးယူမှု ပြုလုပ်ရေးကို အစိုးရအတွင်း ထောက်ခံမှု မရှိသလောက်ပင် ဖြစ်ကြောင်း၊ ၎င်းတို့သည် တိုင်းပြည်စီးပွားရေးကို မတည်မငြိမ် ဖြစ်စေပြီး တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ အကြား ပိုမိုတင်းမာစေမည့် အရေးယူမှုများ မပြုလုပ်မိရန်လည်း စဉ်းစားနေကြောင်းလည်း သိရသည်။ မြန်မာ့အကျပ်အတည်းကို တုံ့ပြန်ရန် တပ်မတော်အကြီးအကဲကို ပစ်မှတ်ထား အရေးယူရန် သဘောတူကြကြောင်း၊ အရေးယူမှု အများစုသည် ဆက်လက် ဆွေးနွေးရန် လမ်းဖွင့်ပေးသည့် သဘောသာဖြစ်ပြီး လွန်ခဲ့သော နှစ်က ဘရပ်ဆဲလ်၊ ဘာလင်နှင့် ဗီယင်နာတို့သို့ သွားရောက်ခဲ့သော တပ်မတော်အကြီးအကဲကို နောက်နောင် ဥရောပသို့ မသွားနိုင်အောင် တားဆီးခြင်းသာ ဖြစ်မည် ဟုလည်း ရန်ကုန်အခြေစိုက် သံတမန်များက ဆိုသည်။ လွန်ခဲ့သော ၁၈ လက ဒေါ်အောင်ဆန်းစုကြည် အစိုးရတာဝန်ယူချိန်မှ စတင်ပြီး တရုတ်မြန်မာဆက်ဆံရေး နွေးထွေးလာပြီး မြန်မာနိုင်ငံတွင် အမေရိကန်နှင့် ဥရောပ၏ ရင်းနှီးမြှုပ်နှံမှုနှင့် စစ်ဘက် ဆက်ဆံရေး အနည်းငယ်သာ ရှိသည်။ စစ်ဘက်က တိုက်ရိုက် အုပ်ချုပ်ခြင်း မရှိတော့ဘဲ လွန်ခဲ့သောနှစ်က ဒေါ်အောင်ဆန်းစုကြည် အာဏာ ရစေသည့် ပြုပြင်ပြောင်းလဲမှုများ စတင်ချိန် ၂၀၁၂ ခုနှစ်တွင် ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် အရေးယူမှုများ ရုပ်သိမ်းခဲ့သည်။ သို့သော် ၁၉၉၀ ခုနှစ်များက စတင်ခဲ့သော လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းကို ဆက်လက် ထားရှိခဲ့သည်။ အမေရိကန် ကလည်း အရေးယူမှု အများစုကို ရုပ်သိမ်းသော်လည်း လက်နက်ရောင်းချမှုကို ဆက်လက် ပိတ်ပင်ထားသည်။ အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) သည် ကုလသမဂ္ဂတွင် လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက် ချနိုင်ရန် ကြိုးစားနေနေကြောင်းလည်း သိရသည်။ လူ့အခွင့်အရေးနှင့် ဆိုင်သော အထွေထွေညီလာခံ၏ တတိယကော်မတီတွင် မြန်မာနိုင်ငံကို ပြစ်တင်သော ဆုံးဖြတ်ချက် ချရေး အတွက် အဆိုတင်သွင်းမည် မဟုတ်ဟု ဥရောပသမဂ္ဂက ၁၅ နှစ်အတွင်း ပထမဆုံး အကြိမ် အဖြစ် လွန်ခဲ့သော နှစ်က ကြေညာပြီး ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုခဲ့သည်။ ဥရောပသမဂ္ဂသည် လက်ရှိကုလသမဂ္ဂညီလာခံတွင် ထိုအဆိုကို ပြန်လည်အသက်သွင်းနိုင်ပြီး OIC ၏ မူကြမ်းကို ရခိုင်ပြည်နယ် အရေးထက် ပိုမိုကျယ်ပြန့်အောင် ပြင်ဆင်နိုင်သည်ဟုလည်း သိရသည်။ တိုက်ခိုက်မှု ရပ်စဲရေး တောင်းဆိုပြီး အကူအညီများ ပေးပို့ခွင့်နှင့် ဒုက္ခသည်များ ကောင်းစွာ ပြန်ခွင့်ရရေး တောင်းဆိုသော ကြေညာချက် သို့မဟုတ် ဆုံးဖြတ်ချက် ထုတ်ပြန်နိုင်ရန် လုံခြုံရေးကောင်စီ ၁၅ နိုင်ငံအနက် အချို့က ကြိုးစားနေသည် ဟု သံတမန်များက ပြောသည်။ သို့သော် လုံခြုံရေး ကောင်စီတွင် ဗီတိုအာဏာရှိသော တရုတ်နှင့် ရုရှနိုင်ငံများကလည်း မြန်မာအစိုးရကို ထောက်ခံသည် ဟု ကြေညာထားသည်။ The post တပ်မတော် ခေါင်းဆောင်များကို အနောက်နိုင်ငံများက ဆန်ရှင်ပြန်ထားမလား appeared first on ဧရာဝတီ.
Source : http://ift.tt/2wIvwHR
via IFTTT
No comments:
Post a Comment