Tuesday, October 10, 2017


ရခိုင်အရေး မြန်မာ့ခရီးသွား လုပ်ငန်းကိုပါ ရိုက်ခတ် ရခိုင်ပြည်နယ် မြောက်ပိုင်း အရေးကို အကြောင်းပြု၍ ကမ္ဘာ့ မီဒီယာများ၏ ပုံဖော်မှုကြောင့် မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်း ပုံရိပ်ကို ကျဆင်းစေပြီး ဖွံ့ဖြိုးတိုးတက်ရန် အရှိန်ယူနေခြင်းကိုပါ ရိုက်ခတ်မှုများ ရှိနေကြောင်း သတင်း ရရှိသည်။ ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှုများ၊ လူမျိုးတုန်း သတ်ဖြတ်နေသည် ဆိုသည့် သတင်းစကားများကြောင့် ကမ္ဘာလှည့် ခရီးစဉ် ဒေသများ ဖြစ်သည့် စစ်တွေ၊ မြောက်ဦးနှင့် ငပလီ ခရီးစဉ်တချို့ကို လာရောက်မည်ဟု ကြိုတင်မှာကြား ထားပြီးမှ ဖျက်သိမ်းမှုများ ရှိနေကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူများက ဧရာဝတီကို ပြောပြသည်။ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးသက်လွင်တိုးက“ငပလီ ခရီးစဉ် တချို့ကတော့ ရခိုင် မြောက် ပိုင်း စစ်ဆင်ရေး နယ်မြေနဲ့ နီးလို့ဆိုပြီး ပြန်ဖြုတ်ပြီး Cancel ဖြစ်သွားတာမျိုးတွေ ရှိတယ်။ ပုဂံ၊ မန္တလေး၊ အင်းလေး ဒေသ တွေကတော့ အေးချမ်းနေလို့ လာမြဲလာနေဆဲပါပဲ။ လူတွေရဲ့ စိတ်ထဲမှာ အကြမ်းဖက် အန္တရာယ်တွေ ရှိနေ သလား ဆိုတဲ့ လွှမ်းမိုးမှုတွေ ဖြစ်နေတာကို Positive မီဒီယာတွေက ချေဖျက်နိုင်ရင်တော့ ပြန်ကောင်းသွားမှာပါ”ဟု ပြောသည်။ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင့်လွင်ကလည်း မြန်မာနိုင်ငံ၏ ထင်ရှားသည့် ခရီးသွားဒေသ များသည် ယခု ပြဿနာများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် မပတ်သက်ကြောင်း နိုင်ငံတကာမှ သိသွားချိန်တွင် ခရီးစဉ်များ ပြန်လည် ဦးမော့လာနိုင်ပြီး ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကို ထိခိုက်တော့ မည် မဟုတ်ကြောင်း ပြောဆိုသည်။ “ဂုဏ်သတင်း ကျော်ကြားမှုကြောင့် အထိုက်အလျောက်တော့ မြန်မာပြည်သွားရင် အန္တရာယ်တွေ ရှိနိုင်သလား။ ဒုက္ခ တွေ ရှိနိုင်သလား။ အကြမ်းဖက်မှုတွေ ရှိနိုင်သလားဆိုတဲ့ စိုးရိမ်ပူပန်မှု ဖြစ်စေတဲ့ သတင်းစကားတွေကတော့ ဖြစ်ပွား သွားတယ်။ ဒါကတော့ မှန်ပါတယ်။ လတ်တလောတော့ ထိခိုက်တာ ရှိတာပေါ့”ဟုလည်း ဦးတင့်လွင်က ပြောသည်။ ရခိုင်ပြည်နယ်မှ သတင်းအမှားများကြောင့် ယခုလို ထိခိုက်ခံရခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာအစိုးရ ဟိုတယ်နှင့် ခရီးသွားလာရေး ဌာနက တိုင်းပြည်တွင် မည်သည့် ပြဿနာမှ မရှိကြောင်းကို နိုင်ငံတကာက သိအောင် ပြောပြနိုင်မှ သာလျှင် ကမ္ဘာလှည့် ခရီးသွားများက လာရောက်လိမ့်မည် ဖြစ်ကြောင်း ပြင်သစ် ဧည့်လမ်းညွှန် ဒေါ်ချောချောကြေးမုံ က ပြောဆိုသည်။ “ကျမတို့ဘက်က မြန်မြန်ဆန်ဆန် သတင်း မလွှင့်နိုင်တာရယ်။ သေချာ ထိထိမိမိ မပြောပြနိုင်တာကြောင့် အနည်းနဲ့ အများတော့ ထိခိုက်မှု ရှိနေတယ်။ လုံးဝကြီး ထိခိုက်သလားဆိုတော့ မဟုတ်ပါဘူး။ စစ်အစိုးရ လက်ထက်ကတောင် တိုးရစ်(စ်)က ရှိနေတာပဲ”ဟု ဒေါ်ချောချောကြေးမုံက ပြောသည်။ မြန်မာနိုင်ငံရှိ ကမ္ဘာ့လှည့် ခရီးသွားလုပ်ငန်း နေရာများတွင် ပထမဦးစားပေးဖြစ်သည့် ပုဂံ၊ မန္တလေး၊ အင်းလေးနှင့် ဒုတိယ ဦးစားပေးနေရာများ ဖြစ်သည့် ကျိုက်ထီးရိုး၊ မော်လမြိုင်၊ ဘားအံတို့သည် မည်သည့် ပြဿနာမျှ မရှိကြောင်း၊ ထိုင်းနိုင်ငံ တောင်ပိုင်းနှင့် ဖိလစ်ပိုင်တို့တွင် အကြမ်းဖက်မှုများ ရှိနေသော်လည်း တိုးရစ်(စ်)များ ဝင်နေဆဲဖြစ်ကြောင်း လည်း ၎င်းက ပြောဆိုသည်။ “ဒါပေမယ့် အိမ်နီးချင်းနိုင်ငံနဲ့ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ ယှဉ်ရင်တော့ နည်းတယ်။ ဧည့်သည်ကတော့ လာမှာပဲ။ ရခိုင် ကြောင့် အရမ်းကြီး ထိခိုက်တာမျိုးတော့ မဟုတ်ဘူး။ ရခိုင်ဖြစ်နေတာက ဟိုးထောင့်လေးမှာ။ အဲဒါကြောင့်လည်း နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးကို သွားနေတာ။ တိုင်းပြည် ငြိမ်းချမ်းမှ ဧည့်သည် ပိုလာမှာပေါ့”ဟု ဒေါ်ချောချောကြေးမုံက ပြောသည်။ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သည့် နိုင်ငံခြားသားများနှင့် တွေ့၍ စကားပြောဆိုရသည့်အခါ ၎င်းတို့၏ ပထမ ဆုံး မေးခွန်းမှာ ရခိုင်အရေးတွင် ၎င်းတို့ခေါ်သည့် ရိုဟင်ဂျာများကို ဘာကြောင့် သတ်ပစ်နေရတာလဲ ဆိုသည့် စကား ဖြစ်ကြောင်း၊ ထိုသို့ မကောင်းသည့် ရှုထောင်မှ စတင်ခြင်းသည် တိုင်းပြည်အတွက် အကျိုးမရှိနိုင်ကြောင်း မင်္ဂလာဒုံ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောဆိုသည်။ “အဲဒီလိုမေးနေတော့ ရေရှည်မှာ ဒီပုံရိပ်ကို မချေဖျက်နိုင်ဘူးဆိုရင် ခရီးသွားလုပ်ငန်းကို ထိခိုက်လာမယ်။ ကျနော်တို့ ဆီကို ဗုံးကွဲလို့ မလုံခြုံလို့ မလာတာမျိုး မဟုတ်ဘဲနဲ့ ကျနော်တို့ နိုင်ငံကို မြောက်ကိုရီးယားလို မြင်ပြီးတော့ ဒီနိုင်ငံက မပေါင်းသင့်ဘူး ဆိုတာမျိုး ဖြစ်သွားရင် ပိုပြီးတော့ ထိခိုက်ပါတယ်”ဟုလည်း ၎င်းက ပြောသည်။ မြန်မာနိုင်ငံသည် နိုင်ငံခြားသားများအတွက် လုံခြုံပြီး အသက်အန္တရာယ် မရှိကြောင်း၊ လုယက်ခံရခြင်းလည်း အလွန် ရှားပါးကြောင်း၊ သို့သော် လူမျိုးတခုကို လူမျိုးတုန်း သတ်ဖြတ်နေသည်ဟု ကမ္ဘာက မြင်နေသည့်အခါ ယခုပုံစံဖြင့် တိုင်းပြည် စီးပွားရေးကို ရှေ့ဆက်နိုင်မည် မဟုတ်ကြောင်း၊ တိုင်းပြည်၏ သယံဇာတ ထုတ်လုပ်မှုတချို့သည်လည်း ရပ်နားထားချိန်တွင် ယခုလို မီးခိုးမထွက်သည့် လုပ်ငန်းကို ရခိုင်အရေးက ခြိမ်းခြောက်နေကြောင်း လေ့လာ စောင့်ကြည့် သူများက ပြောဆိုကြသည်။ “ရခိုင်အရေးကြောင့် သွယ်ဝိုက်ပြီးတော့ ကျနော်တို့နိုင်ငံရဲ့ ပုံရိပ်က ပျက်တာပေါ့။ သူတို့ မြန်မာနိုင်ငံကို လာတဲ့အတွက် အကြမ်းဖက် ခံရမယ်။ ဗုံးခွဲခံရမယ်ဆိုပြီး ကြောက်တဲ့ဟာမျိုး မဟုတ်ပါဘူး။ မြန်မာနိုင်ငံက သူတို့သွားပြီးတော့ အားမပေး သင့်တဲ့ နိုင်ငံ၊ မသွားသင့်တဲ့ နိုင်ငံ၊ သူတို့နိုင်ငံကို မကူညီသင့်ဘူးဆိုတဲ့ အရင်တုန်းက အခြေအနေမျိုးကို သူတို့ခေါင်းထဲမှာ ပြန်ဆွဲသွားတယ်”ဟု ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ဘဏ္ဍာရေး ကော်မတီဝင်ဟောင်း ဦးအောင်လှိုင်ဝင်း က ပြောသည်။ အစိုးရကမူ ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးသွားဧည့်သည် ၂.၂၇ သန်းရှိခဲ့ပြီး ယခင်နှစ်၏ အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ၂၂ ရာခိုင်နှုန်း တိုးတက်မှုရှိကြောင်း၊ ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ၂.၉ သန်း ဝင်ရောက်ခဲ့ပြီး ယခုနှစ်တွင် ၃.၅ သန်း ဝင်ရောက်မည်ဟု မျှော်လင့်ထားကြောင့် ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူက ယမန်နေ့က နေပြည်တော်တွင် ကျင်းပသည့် ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့ အခမ်း အနား တွင် ပြောဆိုသည်။ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ညွှန်ချုပ် ဦးတင့်လွင်ကမူ ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသအဖြစ် သတ်မှတ် ထားသည့် ချင်း၊ ကယား၊ မြိတ်ကျွန်းစု တို့ကို ၂၀၁၈ ခုနှစ်တွင်လည်း ဆက်လက် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ နိုင်ငံတကာ ပြပွဲများတွင်လည်း ယခုခရီးစဉ် ၃ ခုကို Hight Light လုပ်၍ ပြသလျက်ရှိပြီး ဒေသခံများ လက်ခံရန်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးရန် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်နေကြောင်း ဧရာဝတီသို့ ပြောပြ ထားသည်။ The post ရခိုင်အရေး မြန်မာ့ခရီးသွား လုပ်ငန်းကိုပါ ရိုက်ခတ် appeared first on ဧရာဝတီ.
Source : http://ift.tt/2fZ85Do
via IFTTT

No comments:

Post a Comment