ဒေါ်အောင်ဆန်းစုကြည်နှင့် ရှိတ်ခ်ဟာစီနာတို့၏ တူညီသော နောက်ခံနှင့် မတူသော အခြေအနေများ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာ နှင့် မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့သည် သူတို့၏ ရွေးကောက်ခံ အစိုးရ ၂ ရပ်လုံး လက်ရှိ ရင်ဆိုင်နေရသည့် ရိုဟင်ဂျာဟုခေါ်နေသည့် မွတ်ဆလင် ဒုက္ခသည်ပြဿနာအပြင် တူညီသော နေရာများစွာ ရှိနေပါသည်။ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာ နှင့် မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့သည် သူတို့၏ ရွေးကောက်ခံ အစိုးရ ၂ ရပ်လုံး လက်ရှိ ရင်ဆိုင်နေရသည့် ရိုဟင်ဂျာဟုခေါ်နေသည့် မွတ်ဆလင် ဒုက္ခသည်ပြဿနာအပြင် တူညီသော နေရာများစွာ ရှိနေပါသည်။ ခေါင်းဆောင် ၂ ဦးလုံးသည် သူတို့၏ တိုင်းပြည်များ အချုပ်အခြာ အာဏာပိုင် လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ရာတွင် ဦးဆောင်ခဲ့သူများ၏ သမီးများ ဖြစ်ကြပါသည်။ သူတို့ ဖော်ဆောင်ခဲ့သော နိုင်ငံများအပြည့်အဝ လွတ်မြောက်ခွင့်နှင့် အုပ်ချုပ်ခွင့်များ မရမီ အချိန်မတန်ဘဲ သေဆုံးခဲ့ရသည့် နိုင်ငံတည်ထောင်သူ ဖခင်များကို ဒေါ်အောင်ဆန်းစုကြည် ရော ရှိတ်ခ်ဟာစီနာ ပါ ဆုံးရှုံးခဲ့ရသည်။ ဖိနှိပ်ချုပ်ချယ်သော စစ်အစိုးရများကို ဆန့်ကျင်၍ ဒီမိုကရေစီပြန်လည်ရရှိရန် ဒေါ်အောင်ဆန်းစုကြည် ရော၊ ရှိတ်ခ်ဟာစီနာ ပါ ကာလရှည်ကြာစွာ တိုက်ပွဲဝင်ခဲ့ကြရသည်။ ရွေးကောက်ခံအစိုးရများ ဖြစ်လာကြချိန်တွင်လည်း သူတို့ ၂ ဦးလုံးသည် သူတို့၏ အာဏာပြင်းသော စစ်တပ်များကို သိမ်းသွင်းရေးနှင့် တခါတရံတွင် ယူနီဖောင်းဝတ် အမျိုးသားများက ကျော ထောက် နောက်ခံပေးထားသည့် ဘာသာရေး အခြေခံဝါဒီ အင်အားစုများကို တိုက်ဖျက်ရေးတို့ကို အားထုတ်ရာတွင် အောင်မြင်မှု အတိုင်းအတာ အမျိုးမျိုးရှိခဲ့ကြသလို သူတို့ကို ဖယ်ရှားမည့် လျှို့ဝှက်ကြံစည်ချက် ဇာတ်လမ်းများ၏ ခြိမ်းခြောက်မှုများ နှင့် အတူ နေထိုင်နေကြရသည်။ သို့သော်လည်း လွတ်လပ်ရေး သူရဲကောင်းများ၏ သမီးများက အရေးပါသော နေရာများတွင် ကွဲပြားခဲ့သည့် အတွက် နိုင်ငံတကာ၏ အမြင်တွင် သူတို့ကို ကွဲပြားစေခဲ့သည်။ သံတမန်တဦး၏ သမီးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် က အိန္ဒိယတွင် ပညာသင်ကြားခဲ့ပြီး အောက်စ်ဖို့ ကဲ့သို့သော ဗြိတိန်ထိပ်တန်း တက္ကသိုလ်ဆင်း တယောက် ဖြစ်ခြင်းကြောင့် မြန်မာထက် ဗြိတိသျှ ပိုဆန်နေခဲ့သည်။ ဒီမိုကရေစီ ပုံရိပ် တခု အနေဖြင့် အများ၏ လေးစားချစ်ခင်မှုကို ရရှိခဲ့သော်လည်း သူ၏အထက်တန်းကျသော နောက်ခံကြောင့် သာမန် လူတန်းစားများနှင့် ထိတွေ့နားလည်ရေးကို အကန့်အသတ် ဖြစ်စေခဲ့သည်။ သူ၏ တိုင်းပြည်တွင် အမြစ်တွယ်နေသော ပဋိပက္ခ၊ ဆင်းရဲ နွမ်းပါးမှုများနှင့် သူ့ကို ကင်းလွတ်၍ အဆက်ပြတ်စေခဲ့သည် ဟု ဝေဖန်သူများက ပြောကြသည်။ စစ်အစိုးရ၏ နိုင်ငံရေး အကျဉ်းသားတဦး အနေဖြင့် ၁၅ နှစ်ကြာ နေအိမ် အကျယ်ချုပ် (အကြမ်းမဖက်ဘဲ ဆန့့်ကျင်သည့် ထိုကာလကြောင့် သူ့ကို နိုင်ငံတကာ၏ လေးစား တန်ဖိုးထားမှု များစွာ ရရှိခဲ့သည်) ဖြင့် နေထိုင်ခဲ့ရသော်လည်း ရွေးကောက်ပွဲတွင် အနိုင်ရ၍ အာဏာရရှိခဲ့သည့် အချိန်မှ စ၍ တပ်မတော်အပေါ် ဂရုတစိုက် ညင်ညင်သာသာ ကိုင်တွယ်သည့် ချဉ်းကပ်မှုကို ဒေါ်အောင်ဆန်းစုကြည် က ကျင့်သုံးခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းမှာ နိုင်ငံရေး လိုအပ်အချက် အရ တစိတ်တပိုင်း ဖြစ်သလို သူ၏ ဖခင်ဖြစ်သူ မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း က မြန်မာနိုင်ငံ၏ တပ်မတော်ကို ထူထောင်ခဲ့သူတဦး ဖြစ်သောကြောင့်လည်း ဖြစ်သည်။ ရှိတ်ခ်ဟာစီနာက မိသားစု တခုလုံးနီးပါး အသတ်ခံရသည့် ဘေးမှလွတ်မြောက်လာခဲ့သူ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ပင် အိန္ဒိယတွင် နှစ်နှင့် ချီ၍ နေထိုင်ခဲ့ရပြီး နောက်ပိုင်းတွင် သူ့ဖခင်၏ အဝါမီလိဂ် ပါတီကို ပြန်လည် အသက်သွင်းရန် နှင့် ဗိုလ်ချုပ်ကြီး ဟူစိန် မိုဟာမက် အာရှတ် ဦးဆောင်သော စစ်အစိုးရကို တောင်အာရှတွင် တကြိမ်တခါမျှ မမြင်ဖူးသေး သည့် ကြီးမားသော ဆန္ဒပြပွဲများဖြင့် ဖြုတ်ချရန် ဘင်္ဂလားဒေ့ရှ်သို့ ပြန်ခဲ့သည်။ ၁၉၉၆ နှင့် ၂၀၀၈ ခုနှစ် ရွေးကောက်ပွဲများတွင် သူ၏ ပါတီ အနိုင်ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပြီး ယခုအခါတွင် တတိယ သက်တမ်း အဖြစ် တာဝန်ထမ်းဆောင်နေခြင်း ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ၂၀၂၁ ခုနှစ်တွင် ဝင်ငွေ အလယ်အလတ် ရရှိသည့် အဆင့်အတန်းသို့မြှင့်တင်နိုင်ရန် မျှော်လင့်ထားပြီး အမျိုးသမီးတို့၏လုပ်ပိုင်ခွင့်နှင့် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး တွင် ဦးဆောင်နေသည့် ရှိတ်ခ်ဟာစီနာက သူ၏ နိုင်ငံကို ဘာသာရေး စစ်ပွဲဝါဒီ (ဂျီဟတ်ဒစ်)များ၏ ဖျက်ဆီးမှုနှင့် ပါကစ္စတန်နိုင်ငံတွင် မြင်တွေ့နေရသည့် မတည်ငြိမ်မှုမျိုးများမှ ကာကွယ်နိုင်ခဲ့သည်။ တရုတ်၊ အမေရိကန်နှင့် အိန္ဒိယတို့ ကြားတွင် ဟန်ချက်ညီမျှစွာ ရှိနေအောင် ထိန်းသိမ်းနိုင်သည့် အတွက် ချီးကျူးခြင်း ခံခဲ့ရသည်။ အရေးအကြီးဆုံးမှာ အစ္စလမ်မစ် အစွန်းရောက် အဖွဲ့အစည်းများကို ဖော်ထုတ်နိုင်ရေး အတွက် တောင့်တင်းခိုင်မာသော လုံခြုံရေး အစီအမံများ ဆောင်ရွက်သည့် နေရာတွင် တချိန်က အလွန်အာဏာပြင်းခဲ့သော စစ်တပ်ကို အရပ်သား အစိုးရအဖွဲ့၏ ထိန်းချုပ်မှုအောက်၌ ခိုင်ခိုင်မာမာ ရှိနေအောင် ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ရှိတ်ခ်ဟာစီနာသည် အိန္ဒိယနှင့် နီးကပ်လွန်းသည် ဟု ခံစားရသော ပါကစ္စတန်တွင် လေ့ကျင့်ခဲ့သည့်အရာရှိများ ကြားတွင် စိတ်မသက်မသာ ဖြစ်မှုများ ရှိသည် ဆိုသည့် သတင်းများ အခါအားလျော်စွာ ထွက်ပေါ် လာတတ်သော်လည်း ၂၀၀၈ ခုနှစ် ရွေးကောက်ပွဲတွင် စစ်တပ်က ကျောထောက်နောက်ခံ ပေးထားသည့် အိမ်စောင့် အစိုးရက အာဏာ သိမ်းယူခဲ့သည့် နောက်ဆုံးဖြစ်ရပ်၏ နောက်ပိုင်းတွင် ရှိတ်ခ်ဟာစီနာ၏ အရပ်သားအစိုးရ အပေါ် ပွင့်ပွင့်လင်းလင်း စိန်ခေါ်မှုများ မရှိခဲ့ပါ။ ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့က ဒါကာမြို့၏ ကော်ဖီဆိုင်တဆိုင်ကို အကြမ်းဖက် တိုက်ခိုက်မှု ကြောင့် နိုင်ငံခြားသား အများစု အပါအဝင် လူ ၂၀ သေဆုံးခဲ့ရသည့် ဖြစ်ရပ်တွင် ရှိတ်ခ်ဟာစီနာ အသုံးပြုခဲ့သည့် ‘Tepid Punch’ အကြမ်းဖက် လှုပ်ရှားမှု ဆန့်ကျင် စစ်ဆင်ရေးက လူ ၁၂၀၀ ကို ဖမ်းဆီး၍ အစ္စလမ်မစ် စစ်သွေးကြွ ၉၀ ကို သုတ်သင်ခဲ့သည်။ ယင်းသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အတွင်းသို့ IS အဖွဲ့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လာမည်ကို တားဆီးနိုင်ခဲ့သော ခက်ခဲသည့် စစ်ဆင်ရေး တခု ဖြစ်ပါသည်။ နှိုင်းယှဉ်ကြည့်ပါက တခါက ဒီမိုကရေစီအမှတ်တံဆိပ်တခုအဖြစ် ကမ္ဘာ၏ချစ်ခင်မှုကို ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည် သည် ထိုနေရာတွင် ယခုအချိန်အထိ အောင်မြင်မှု မရှိနိုင်သေးပါ။ သူ၏ အမှတ်အသား ဖြစ်သည့် အမျိုးသား ငြိမ်းချမ်းရေး ဆောင်ရွက်မှုများမှာလည်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ လက်နက်ကိုင်အဖွဲ့များ အပေါ် မြန်မာနိုင်ငံတွင် ကိုယ်ပိုင် စီမံအုပ်ချုပ်ခွင့် ရရှိထားသည့် တပ်မတော်၏ ထိုးစစ်များ တိုးလာနေမှုကြောင့် အဟန့်အတား ဖြစ်နေသည်။ ရိုဟင်ဂျာဟု မိမိကိုယ်ကို အမည်ပေးထားသည့် ဘင်္ဂလီ စစ်သွေးကြွများကို တိုက်ခိုက်သည့် တပ်မတော်၏ နယ်မြေ ရှင်းလင်းသည့် စစ်ဆင်ရေးများကြောင့် အရပ်သားများ နေရပ်စွန့်ခွာ ထွက်ပြေးမှုများ ကြီးမားစွာ ပေါ်ပေါက်ခဲ့ပြီး လူ့အခွင့် အရေး ချိုးဖောက်မှု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခြင်းက မြန်မာနိုင်ငံကို စစ်အစိုးရ အုပ်ချုပ်စဉ် ဆယ်စုနှစ်များ အတွင်းရှိခဲ့သည့် အပယ်ခံ အနေအထားတခုသို့ လျင်လျင်မြန်မြန် ပြန်ရောက်သွားစေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သူမ၏ တပ်မတော်ကိုထိန်းချုပ်နိုင်စွမ်း မရှိသည့် အခြေအနေကြောင့် ရှိတ်ခ်ဟာစီနာ အတွက်လည်း သူ၏ ခေါင်းဆောင်မှုကို နောက်ဆုံးတွင် ပေးဆပ်ရနိုင်သည် ဟု လေ့လာဆန်းစစ်သူများက ယူဆထားကြ သည်။ ရှိတ်ခ်ဟာစီနာ က နောက်လာမည့်နှစ်တွင် ပါလီမန်ရွေးကောက်ပွဲကိုရင်ဆိုင်ရမည် ဖြစ်ပြီး သူမ အစိုးရ၏ နည်းပါးနေပြီ ဖြစ်သည့်အရင်းအမြစ်များက မြန်မာနိုင်ငံမှ ရောက်ရှိလာသည့် ဒုက္ခသည် အသစ် ၄သိန်းကျော်ကို ထောက်ပံ့ရာတွင် အခက်အခဲရှိသည်နှင့် အမျှ ဒုက္ခသည် အကျပ်အတည်းက စိတ်ဝမ်းကွဲပြားစရာ ပြဿနာတခုလို ဖြစ်လာစေသည်။ ထိုအခြေအနေက အမျိုးသမီးခေါင်းဆောင် ၂ ဦးကို ပုဂ္ဂိုလ်ရေး ပဋိပက္ခ အတွင်းသို့ ရောက်ရှိစေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် သည် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် တဦး ဖြစ်သော်လည်း သူ၏ လက်နက်ကိုင်တပ်ဖွဲ့များကို ကုလသမဂ္ဂက “လူမျိုးဖြုတ်သန့်စင်မှု” နှင့် အလားတူသည် ဟု ပြောခဲ့သော “နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများ” ၏ တစိတ်တပိုင်း အနေဖြင့် တားမြစ်ရန် ပျက်ကွက်ခဲ့သည်။ နိုင်ငံသားစိစစ်မှု လုပ်ငန်းစဉ်မှ တဆင့် ဒေါ်အောင်ဆန်းစုကြည် ၏ အစိုးရက ဒုက္ခသည် မည်မျှ ပြန်လည်လက်ခံမည် ဆိုသည်ကလည်း မသဲကွဲသေးပါ။ ARSA လို့ ခေါ်ဆိုနေသည့် ဘင်္ဂလီအကြမ်းဖက်သမားများက မြန်မာအစိုးရ၏ ရဲကင်းများနှင့် စခန်းများကို တိုက်ခိုက်ပြီး နောက်မှာတော့ ရှိတ်ခ်ဟာစီနာသည် မကြာမီ ကျရောက်တော့မည့် အကျပ်အတည်း တခုကို သိရှိသည့် အနေဖြင့် ၂ နိုင်ငံနယ်စပ် တလျှောက်တွင် ပူးတွဲစစ်ဆင်ရေးများ ပြုလုပ်ရန် ကမ်းလှမ်းခဲ့သည်။ ထိုကဲ့သို့သော ပူးပေါင်းစစ်ဆင် ရေးမျိုး ုပြုလုပ်ရန် မြန်မာနိုင်ငံက ဆန္ဒမရှိကြောင်း သိသိသာသာ ရှိနေခဲ့ခြင်းက ပဋိပက္ခကို အရှိန်မြင့်တက်စေရာတွင် အထောက် အကူ တခုသဖွယ် ဖြစ်ခဲ့ရသည့် ညွှန်ပြနေသည်။ မြန်မာ့ တပ်မတော်၏ ရှင်းလင်းမှုက ကမ္ဘာပေါ်မှ ဘာသာရေးစစ်ပွဲဝါဒီများကို တိုက်ပွဲအတွင်းသို့ ဝင်လာအောင် ဆွဲဆောင် သလို ဖြစ်သွားနိုင်သည် ဟု လေ့လာသုံးသပ်သူ တချို့က ယုံကြည်ကြသည်။ ရှိတ်ခ်ဟာစီနာ ၏ နိုင်ငံတကာ အကူအညီများ၊ ဘင်္ဂလီမွတ်ဆလင်များအတွက် ဘေးကင်းဇုန်များနှင့် မြန်မာ့တပ်မတော်ကို ကန့်သတ်ရေး တောင်းဆိုမှုများက နိုင်ငံတကာ အသိုင်းအဝိုင်း၏အမြင်တွင် များစွာ နှစ်လိုဖွယ်ရာ ဖြစ်နေခဲ့သည်။ ရိုဟင်ဂျာ ဒုက္ခသည် စခန်းသို့ သွားရောက်ခဲ့စဉ် အတွင်းတွင် တွေ့ခဲ့ရသည့် အခြေအနေကြောင့် သူ့မှာ ပြောစရာ စကားလုံးပင် မရှိတော့ ဟု ရှိတ်ခ်ဟာစီနာကဆိုလိုက်သေးသည်။ သူနှင့် နှိုင်းယှဉ်လျှင် ဒေါ်အောင်ဆန်းစုကြည် က လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကျပ်အတည်းက အရေးအကြီးဆုံး အခြေအနေသို့ ရောက်ရှိနေသည့် အချိန်တွင် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို ရှောင်ရှားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်မှုက အချို့အမျိုးသားရေး အဖွဲ့များနှင့် မနီးယိုးစွဲ ဖြစ်နေသည်ဟု ဝေဖန်သုံးသပ်သူ တချို့က သူ၏ ငြိမ်းချမ်းရေးဆုကို ပြန်လည် ရုပ်သိမ်းရန် နိုဗယ်ဆုပေးရေးအဖွဲ့ သို့ တိုက်တွန်းမှုများ ရှိလာသည်။ တချိန်တည်းမှာပင် ရှိတ်ခ်ဟာစီနာကို ရာသီဥတုပြောင်းလဲမှု၊ မကြာခဏ ကြုံတွေ့နေရသည့် သဘာဝ ဘေးအန္တရယ်များနှင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး တို့တွင် ထူးခြား ပြောင်မြောက်သော ခေါင်းဆောင်မှုများကြောင့် အလားတူ အဆင့်အတန်း မြင့်မားသော ဆု အတွက် အမည်စာရင်း တင်သွင်းခြင်း ခံထားရသည်။ လာမည့် ရွေးကောက်ပွဲ ရာသီတွင် အစ္စလမ်ဘာသာရေး အခြေခံဝါဒီများက ကျောထောက်နောက်ခံ ပေးထားသည့် နိုင်ငံရေး အတိုက်အခံများက ဘာသာရေး နှင့် အမျိုးသားရေး ရမှတ်များ ရယူနိုင်ရေး အတွက် ရိုဟင်ဂျာ ပြဿနာကို အခွင့်အလမ်းတရပ် အဖြစ် ရယူလာသည့် အချိန်တွင် အကယ်၍ ရိုဟင်ဂျာအရေးတွင် ဒေါ်အောင်ဆန်းစုကြည် ၏ မတက်ကြွမှုက နောက်ဆုံးတွင် ရှိတ်ခ်ဟာစီနာ၏ ဘာသာရေးနှင့် ကင်းလွတ်သည့် အစိုးရကို ရွေးကောက်ခံအာဏာမှ ပြုတ်ကျစေခဲ့သည် ဆိုလျှင် အလွန်ပင်ကြီးမားသော ကမောက်ကမ တခု ဖြစ်ပါလိမ့်မည်။ ရိုဟင်ဂျာဟု သူတို့ကိုယ်သူတို့ ခေါ်ဆိုနေသူများနှင့် ပတ်သက်၍ ရှိတ်ခ်ဟာစီနာ က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အမျိုးသားရေး ဂုဏ်သိက္ခာ ပြန်လည် ရရှိရေး အတွက် လုပ်ခဲ့ပြီး ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အလားတူ ရိုဟင်ဂျာ ပြဿနာကို ကိုင်တွယ်ပုံက သူ၏ ပုံရိပ်၊ ငြိမ်းချမ်းရေးနှင့် ပိုမိုကောင်းမွန်ရေး အတွက် အကြမ်းမဖက်သည့် အင်အားတခုဆိုသည့် အမွေအနှစ်ကို မှေးမှိန်စေခဲ့သည်။ ။ Asia Times တွင် ဖော်ပြထားသည့် SubirBhaumik ၏ Will Myanmar’s SuuKyi bring down Bangladesh’s Hasina? ကို ဘာသာပြန်သည်။ The post ဒေါ်အောင်ဆန်းစုကြည်နှင့် ရှိတ်ခ်ဟာစီနာတို့၏ တူညီသော နောက်ခံနှင့် မတူသော အခြေအနေများ appeared first on ဧရာဝတီ.
Source : http://ift.tt/2yPsW4B
via IFTTT
No comments:
Post a Comment