လူတဦးသေဆုံးခဲ့သည့် ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှု အကြောင်းရင်း မသိရသေး လူတဦး သေဆုံးခဲ့ရသည့် ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်ကျွမ်းမှုတွင် အကြောင်းရင်း သေချာ မသိရသေးဘဲ စုံစမ်းစိစစ်ဆဲဟု ထူး လုပ်ငန်းစုဥက္ကဌရုံး တာဝန်ရှိသူ ဦးဌေးလွင်က ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ မီးလောင်မှုသည် ယနေ့ အောက်တိုဘာ ၁၉ ရက် နံနက် ၃ နာရီခန့်တွင် ဟိုတယ် ၅ လွှာမှ စတင်လောင်ကျွမ်းခြင်း ဖြစ်ပြီး သေဆုံးသူတဦးအပြင် မာကာအိုမှ အမျိုးသမီးဧည့်သည်တဦး ဟိုတယ်မှ ခုန်ချထွက်ပြေးရာ ခါးတွင် ဒဏ်ရာရရှိခဲ့ရကြောင်း သိရသည်။ ဦးဌေးလွင်က “သေဆုံးသူ ဘယ်နိုင်ငံသားဆိုတာ စိစစ်နေဆဲပါ၊ မီးလောင်မှုဖြစ်စဉ် သေချာစိစစ်နေဆဲပါ၊ CCTV မှတ်တမ်းတွေ ပြန်ရယူပြီး စိစစ်တွေ့ရှိချက်ကို ထုတ်ပြန်ပေးပါမယ်။ လက်ရှိမှာ ဘာကြောင့်ဆိုတာ မပြောနိုင်သေးပါဘူး”ဟု ပြောသည်။ လတ်တလောတွင် မီးလောင်မှုနှင့်ပတ်သက်၍ ဟိုတယ်မှ တာဝန်ရှိသူ ဦးသီဟနှင့် ဦးကျော်မင်းစိုးတို့ နှစ်ဦးကို မင်္ဂလာတောင်ညွန့်ရဲစခန်းမှ ခေါ်ယူစစ်ဆေးလျှက်ရှိပြီး မီးလောင်မှုအကြောင်းအရင်းနှင့် အမှုဖွင့်လစ်ထားမှုတို့ကို တရားဝင်ထုတ်ပြန်မှု မရှိသေးပေ။ မီးလောင်မှုတွင် သေဆုံးခဲ့သူမှာ ဂျပန်နိုင်ငံသားတဦးဖြစ်ကြောင်း လူမှုကွန်ရက်ပေါ်တွင် ပြန့်နေပြီး မီးစတင်လောင်ကျွမ်းချိန်တွင် မီးအချက်သံ မမြည်ခဲ့ဘဲ မိနစ် ၃၀ ခန့်မှသာ အချက်ပေးသံမြည်ခဲ့ကြောင်း တည်းခိုသူများကို ကိုးကားပြီး သတင်းရေးသားမှုများရှိသော်လည်း ဟိုတယ်တာဝန်ရှိသူများက သေဆုံးသူမည်သူမည်ဝါဖြစ်သည်ကို အတည်မပြုနိုင်သေးကြောင်းနှင့် မီးလောင်ကျွမ်းချိန်တွင် အလိုအလျောက် မီးသတ်သည့်စနစ်မှာလည်း အလုပ်လုပ်ခဲ့ကြောင်း ဟိုတယ်တာဝန်ရှိ သူများက ပြောသည်။ ဟိုတယ်အနေဖြင့် မီးအာမခံကို မြန်မာ့အာမခံလုပ်ငန်းတွင် အဓိက ထားရှိထားပြီး ဧည့်သည်များအတွက် အာမခံကိုလည်း နိုင်ငံခြားကုမ္ပဏီတခုတွင် ထားရှိပေးထားကာ မီးလောင်မှုတွင် သေဆုံးခဲ့ရသူ၏ မိသားစုဝင်များ ကျေနပ်သည်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထူးလုပ်ငန်းစုဘက်က ပြောသည်။ မီးငြိမ်းသတ်ချိန်တွင် ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိ ဦးကျော်စွာလင်းအပေါ် သစ်သားတန်းတခုပြုတ်ကျခဲ့ဖြင့် မီးကာဦးထုပ်ကြေကွဲကာ ဦးခေါင်းထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်ခွဲစိတ်ကုသမှုခံယူခဲ့ရကြောင်း သိရသည်။ မီးလောင်မှုဖြစ်ချိန်တွင် ဧည့်သည် ၁၄၁ ဦး တည်းခိုလျှက်ရှိပြီး အများစုမှာ နိုင်ငံခြားသားများဖြစ်ကာ လတ်တလောတွင် ဧည်သည်များအား ချက်ထရီယမ်ဟိုတယ်နှင့် Rocs Garden ဟိုတယ်တို့တွင် ပြောင်းရွေ့ထားရှိပေးထားကြောင်း သိရသည်။ မီးလောင်မှုသည် ဟိုတယ်၏ ၈၀ ရာခိုင်နှုန်းခန့်ကို ပျက်စီးစေခဲ့ပြီး လတ်တလောတွင် ပျက်စီးဆုံးရှုံးမှုတန်ဖိုး တွက်ချက်ဖော်ပြနိုင်ခြင်းမရှိသေးဘဲ ဟိုတယ်အတွင်းရှိ သမိုင်းဝင် အဆောက်အဦးကို ထိခိုက်မှု မရှိခဲ့ကြောင်း တာဝန်ရှိသူများကပြောသည်။ ယင်း သမိုင်းဝင်အဆောက်အဦးမှာ ၁၉၃၄ ခုနှစ်က ဗြိတိသျှကိုလိုနီများက ရန်ကုန်လှေလှော် ကလပ် (Rangoon Rowing Club) အဖြစ် ကျွန်းသစ်များနှင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် သဘာဝသမိုင်း ပြတိုက်အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့သည်။ ကန်တော်ကြီးပဲလေ့ဟိုတယ်သည် ထူး လုပ်ငန်းစုဥက္ကဌ ဦးတေဇ ပိုင်ဆိုင်သည့် ဟိုတယ်ဖြစ်ပြီး လွန်ခဲ့သည့် ၁၂ နှစ်ခန့်ကတည်းက ထိုင်းနိုင်ငံ Baiyoke ဟိုတယ်လုပ်ငန်းကုမ္ပဏီထံမှ ပြန်လည်ဝယ်ယူခဲ့ခြင်းဖြစ်သည်။ စစ်အစိုးရလက်ထက် စီးပွားရေးတွင် ထိပ်တန်းရောက်ခဲ့သူ ဦးတေဇသည် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ စတင်သည့် သမ္မတဦးသိန်းစိန်လက်ထက်နှင့် နောက်ပိုင်းတွင် စီးပွားရေး ကံခေလာခဲ့ပြီး ၎င်းပိုင် Air Bagan လေကြောင်းလိုင်းမှာ အရှုံးပေါ်ကာ ရပ်ဆိုင်းသွားခဲ့ရသည်။ ဆက်စပ်ဖတ်ရှုရန် – ဦးတေဇ ပြန်လာပြီ The post လူတဦးသေဆုံးခဲ့သည့် ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှု အကြောင်းရင်း မသိရသေး appeared first on ဧရာဝတီ.
Source : http://ift.tt/2yyBP4g
via IFTTT
No comments:
Post a Comment