မန္တလေးကျုံးဘေး အရက်သေစာဝိုင်းဖွဲ့စားသောက်သူ ၁၃၉ ဦးကို ဒဏ်ငွေ ၅၀ ကျပ် ချမှတ် မန္တလေးကျုံးနံဘေးတွင် အရက်သေစာဝိုင်းဖွဲ့သောက်စားခြင်းနှင့် အများပြည်သူစိတ်အနှောင့်အယှက် ဖြစ်အောင်ပြုသူများအား အောက်တိုဘာ ၇ ရက်နေ့က စတင် ဖမ်းဆီးခဲ့ရာ ယနေ့အထိ လူ ၁၇၃ ဦး ဖမ်းမိသည့်အနက် ၃၉ ဦးကို ထောင်ဒဏ် ၇ ရက်စီနှင့် ၁၃၉ ဦးကို ဒဏ်ငွေ ၅၀ ကျပ် ချမှတ်ခဲ့ကြောင်း မန္တလေးခရိုင် အောင်မြေသာစံမြို့နယ်ရဲတပ်ဖွဲ့မှုးရုံးမှ သိရသည်။ ၎င်းတို့အား အောင်မြေသာစံမြို့နယ် တရားရုံးမှ ရဲအက်ဥပဒေ ၄၇ အရ အမျိုးသမီး ၃ ဦး အပါအဝင် ၃၉ ဦးကို ထောင်ဒဏ် ၇ ရက် ချမှတ်ခဲ့ပြီး ကျန်ရှိသူများအား ရဲဥပဒေပုဒ်မ ၃၄ အရ ငွေဒဏ် ၅၀ ကျပ် ဒဏ်ရိုက်ခဲ့ကြောင်း သိရသည်။ ရဲဥပဒေပုဒ်မ ၃၄ အရ အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်အောင်၊ စိတ်ငြိုငြင်အောင် ကိုယ်နှုတ် အမူအရာ ဖြင့် မူးယစ်ရမ်းကားခြင်း၊ ဆဲရေးတိုင်းထွာခြင်းစသည့် မပြုမူရဟု ပါရှိပြီး ၎င်းအား ဖောက်ဖျက် ကျူးလွန်ပါက ရဲဥပဒေ ၄၇ အရ ငွေဒဏ် ၅၀ ကျပ်ဖြစ်စေ၊ ထောင်ဒဏ် ၈ ရက်ဖြစ်စေ ပြစ်ဒဏ် ချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်။ “ကျုံးဆိုတာ မြို့ရဲ့ သမိုင်းဝင်နေရာတခု ဖြစ်သလို အများပြည်သူ အပန်းဖြေကြတဲ့နေရာပါ။ ဒီလိုနေရာမှာ အရက်သေစာသောက်စားပြီး အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်မှာရယ်၊ မူးယစ် ရမ်းကားပြီး စိတ်မထိန်းနိုင်ဘဲ မှုခင်းတွေဖြစ်လာနိုင်တဲ့အတွက် ကြိုတင်ကာကွယ်တာ ဖြစ်ပါတယ်” ဟု အောင်မြေသာစံ မြို့နယ်ရဲတပ်ဖွဲ့မှုး(ခေတ္တ) ဒုရဲမှူးခင်မောင်လွင်က ဧရာဝတီကို ပြောသည်။ မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ ကျုံးဘေးပတ်လည်တွင် အရက်သေစာဝိုင်းဖွဲ့သောက်စားသူများ၊ ပြည့်တန်ဆာများနှင့် အမြင်မသင့်တော်သည့် စုံတွဲများအား ဖမ်းဆီးမှုများ စတင်ခဲ့ရာ အောက်တိုဘာ ၇ ရက်မှ ၁၁ ရက်နေ့အထိ ၁၇၃ ဦးဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ မန္တလေးမြို့ခံ ကိုရဲအောင်စိုးက “တချို့ကတော့ သူငယ်ချင်းတွေနဲ့ အေးအေးဆေးဆေး သောက်ရင်း စကားပြောကြပေမယ့် တချို့ကျ ဆေးကြောင်ပြီး ရန်ရှာတာမျိုးရှိတယ်။ အဲဒါကြောင့် အများလုံခြုံရေး အတွက် အခုလိုလုပ်တာ ကောင်းပါတယ်။ ဖွဲမီးလို ရက်ပိုင်းလေးလုပ်တာ မဟုတ်ဘဲ တောက်လျှောက် လုပ်ပေးနိုင်ရင်တော့ ပိုကောင်းပါတယ်။” ဟု ပြောသည်။ အောက်တိုဘာ ၇ ရက် နံနက်အစောပိုင်းက ကျုံးအရှေ့ဘက်တွင် အရက်သောက်နေသည့် အဖွဲ့ ၂ ဖွဲ့က အရက်မူး၍ ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ရာ ၎င်းညပိုင်းစ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်၊ မီးသတ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးအဖွဲ့ တို့က အင်အား ၃၀ ကျော်ဖြင့် အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျုံးဘေး ပတ်လည်တွင် ထိုသို့ ပြုမူနေထိုင်မှုများ မရှိသည်အထိ ဆောင်ရွက်မည်ဟု ရဲတပ်ဖွဲ့ထံက သိရသည်။ ထိုသို့ အရေးယူမှုများ မပြုလုပ်ခင်ကာလ ကလည်း မန္တလေးကျုံးဘေး တွင် ပညာပေးကာလအနေဖြင့် ရဲတပ်ဖွဲ့က လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ The post မန္တလေးကျုံးဘေး အရက်သေစာဝိုင်းဖွဲ့စားသောက်သူ ၁၃၉ ဦးကို ဒဏ်ငွေ ၅၀ ကျပ် ချမှတ် appeared first on ဧရာဝတီ.
Source : http://ift.tt/2i7lBZX
via IFTTT
No comments:
Post a Comment