ထားဝယ်တွင် မူးယစ်ကွင်းဆက်တရားခံဖမ်းဆီးရာမှ ပစ်ခတ်မှုဖြစ်ပွား တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် မေတ္တာမြို့ တောင်သုံးလုံးရွာမှ မူးယစ်ဆေးဝါး ကွင်းဆက် တရားခံ ကို သွားရောက်ဖမ်းဆီးစဉ် ရဲတပ်ဖွဲ့နှင့် အပြန်အလှန် ခုခံ ပစ်ခတ်ရာမှ ကွင်းဆက်တရားခံမှာ သေနတ်ထိမှန် သေဆုံးသွားကြောင်း သိရသည်။ ထားဝယ်မြို့နယ်ရဲတပ်ဖွဲ့က တာဝန်ကျရဲအရာရှိတဦးက “ဖြစ်တဲ့ရွာက ထားဝယ်နဲ့ဆိုရင် မိုင် ၃၀ လောက်ဝေးတယ်။ အဲဒီမှာ သတင်းရလို့ သွားပြီး ဖမ်းဆီးရင်း ဖြစ်တာပါ။ ကွင်းဆက်တရားခံကတော့ သေဆုံးသွားတယ်။ ဒုရဲမှူးလည်း လက်ကောက်ဝတ်ကို သေနတ်မှန်လို့ ဆေးရုံပို့ထားတယ်လို့ သိထားရပါတယ်။ လောလောဆယ်တော့ အဲဒီနေရာကို လူကြီးတွေလည်း သွားပြီး ကွင်းဆင်းနေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။ ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး ကွင်းဆက်တရားခံ ဖြစ်သည့် အသက် ၃၀ ကျော်အရွယ် ကိုကိုဦး ဆိုသူကို သတင်းအရ ဖမ်းဆီးရန် ထားဝယ်ခရိုင် မူးယစ်နှင့် ဒုစရိုက်နှိမ်နင်းရေးအဖွဲ့မှ သွားရောက် စစ်ဆေးဖမ်းဆီးစဉ် တရားခံဘက်က ခုခံ ပစ်ခတ်ခဲ့ကြောင်း၊ ရဲတပ်ဖွဲ့နှင့် အပြန်အလှန် ခုခံစဉ် ဒုရဲမှူး ဦးသန်းဇော်ဦးမှာ ညာဘက် လက်ကောက်ဝတ် တွင် သေနတ်ထိမှန် ဒဏ်ရာ ရရှိခဲ့ရာ ဆေးရုံသို့ တင်ပို့ထားကြောင်း သိရသည်။ ကွင်းဆက် တရားခံ ကိုကိုဦးမှာ နံရိုးအောက်တွင် သေနတ်ထိမှန်ဒဏ်ရာရရှိပြီးနောက် ဆေးရုံသို့ တင်ပို့စဉ် သေဆုံးသွားကြောင်း၊ အခြား အသေးစိတ်အချက်အလက်များမှာ စစ်ဆေးနေဆဲဖြစ်ရာ ပြောကြားခွင့် မရှိသေးကြောင်း ရဲတပ်ဖွဲ့ထံက သိရသည်။ The post ထားဝယ်တွင် မူးယစ်ကွင်းဆက်တရားခံဖမ်းဆီးရာမှ ပစ်ခတ်မှုဖြစ်ပွား appeared first on ဧရာဝတီ.
Source : http://ift.tt/2g5SXo2
via IFTTT
No comments:
Post a Comment