အလုပ် လုပ်နေတဲ့ အမျိုးသမီးတွေကို လေးစား အသိအမှတ်ပြုပေးပါ လူ့အဖွဲ့အစည်းမှာ အမျိုးသားပဲ ဖြစ်ဖြစ်၊ အမျိုးသမီးပဲ ဖြစ်ဖြစ် အရည်အချင်း ရှိရင် နေရာပေးရမှာပဲ ဖြစ်ပါတယ်။ အခုခေတ်မှာ အမျိုးသမီးတွေရဲ့ စွမ်းဆောင်မှုက ပိုပြီး ထင်ရှားပေါ်လွင်လာ နေသလို အလုပ် လုပ်တဲ့ အမျိုးသမီးတွေလည်း ပိုများလာနေပါပြီ။ အရေးကြီးတာက အလုပ် လုပ်နေတဲ့ အမျိုးသမီးတွေကို အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေး ပေးဖို့၊ တန်ဖိုးထားပြီး တလေးတစား ဆက်ဆံဖို့ အလုပ်အကိုင် အခွင့်အလမ်းတွေ ထပ်ပြီး ဖန်တီးပေးဖို့ ပါပဲ။ အရင်တုန်းကတော့ မိသားစုတစုမှာ ဖခင်ဖြစ်တဲ့ သူက အလုပ် လုပ်ရင် တမိသာစုလုံး စားလောက်ပါတယ်။ တခါ အိမ်ထောင်ရှင် အမျိုးသမီးတွေဟာလည်း အိမ်ထောင်ဦးစီးဖြစ်တဲ့ ခင်ပွန်းဖြစ်တဲ့သူရဲ့ လုပ်စာနဲ့ လောက်ငခဲ့ပါတယ်။ ဒါပေမယ့် ခေတ်ရဲ့ အနေအထားအရရော၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုအရရော၊ လူတယောက်တည်းရဲ့ ဝင်ငွေပေါ်မှီတည် စားသောက်နေလို့ မရတဲ့ အခြေအနေ ဖြစ်လာပါတယ်။ အဲဒီအခါ အမျိုးသမီးတွေဟာ မိသားစုအတွက် တထောင့် တနေရာကနေ ဝင်ငွေရှာဖွေရသူတွေ ဖြစ်လာပါတော့တယ်။ များသောအားဖြင့် ကျမတို့ လူ့အဖွဲ့အစည်းဟာ အမျိုးသမီးတွေကို တူတူတန်တန် နေရာမပေးချင်ကြပါဘူး။ မိန်းမဆိုတာ အိမ်ထောင်တာဝန် ကျေပွန်ရမယ်၊ မွေးလာတဲ့ သား၊ သမီးတွေကို ပြုစုစောင့်ရှောက်ရမယ်၊ ယောက်ျားဖြစ်သူကိုပဲ ဦးစားပေးရမယ် ဆိုတဲ့ အယူအဆတွေက လွှမ်းမိုးနေခဲ့တာပါ။ နည်းမှန်လမ်းမှန် စဉ်းစားကြည့်ရင် မီးဖိုချောင်ကိစ္စ၊ အဝတ်လျှော် တာကအစ၊ တံမြက်စည်းလှည်းတာ အဆုံး အားလုံးဟာ မိန်းမတွေရဲ့ အလုပ်ချည်း မဟုတ်ပါဘူး၊ အိမ်ထောင်ရယ်လို့ ဖြစ်လာရင် သူ့အလုပ်၊ ကိုယ့်အလုပ် မခွဲခြားဘဲ ဇနီးဖြစ်သူကို ကူညီပေးသင့်ပါတယ်။ ဒါပေမယ့် အဲဒီလို ကူညီတဲ့ ယောကျာ်းတွေကို ဘော်ကြော့နေတဲ့ ယောက်ျားတွေက “မယားကြောက်” လို့ ပြောတာ၊ သရော်လှောင်ပြောင်တာတွေက စိတ်ဓာတ်မပြည့်ဝမှုကို ဖော်ညွှန်းနေတာပါ။ အနောက်တိုင်းမှာ ဇနီးမောင်နှံ ဘယ်သူမဆို ကိုယ်လုပ် နိုင်တာ ကိုယ်လုပ်ရတာပါပဲ၊ အဲဒီအတွက် ဘယ်သူကမှလည်း သိမ်ငယ်တယ် လို့ မခံစားရပါဘူး။ မြန်မာနိုင်ငံမှာ တော့ အိမ်ထောင်စုဇယားကို ကြည့်ရင် အမျိုးသမီးတွေရဲ့ အလုပ်အကိုင်နေရာမှာ “မှီခို” လို့ အရေးခံနေရဆဲပါ။ အခြေအနေ အမျိုးမျိုးအောက်မှာ အလုပ် ထွက်လုပ်နေရတဲ့ အမျိုးသမီးတွေ အတွက် သူတို့ရဲ့ ခင်ပွန်းသည်တွေက စိတ်ဓာတ်ခွန်အား ပေးသင့်ပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေ သတ်မှတ်ထားသလို မညံ့ဘူးဆိုတာ ဆရာဝန်၊ အင်ဂျင်နီယာ၊ ကျောင်းဆရာ၊ ဖက်ရှင်ဒီဇိုင်နာ၊ ပန်းချီဆရာ၊ အဆိုတော်၊ စာရေးဆရာ၊ ငြိမ်းချမ်းရေး လှုပ်ရှားသူ၊ အလုပ်သမားရေးရာ လှုပ်ရှားသူ၊ စာရင်းကိုင် စတဲ့ အလုပ်တွေမှာ ဝင်ရောက်လုပ်ကိုင်နေသူတွေက သက်သေပြနေပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်း အရလည်း အမျိုးသမီးဦးရေက အမျိုးသားဦးရေထက် ပိုများနေပါတယ်။ အစိုးရအဖွဲ့မှာလည်း အမျိုးသမီးတဦးဖြစ်တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် “ဒေါ်အောင်ဆန်းစုကြည်” က ဦးတောင်နေတာပါ၊ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေ ရှိလာနေသလို အမျိုးသမီး ဝန်ကြီးချုပ်တွေလည်း ရှိလာနေပါပြီ၊ ဥပမာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် တို့ ဖြစ်ကြပါတယ်။ အခြေခံဥပဒေအရ ဖြစ်စေ၊ လူ့အခွင့်အရေး ရှု့ထောင့်က ဖြစ်စေအမျိုးသမီးတွေဟာ လုပ်ငန်းခွင်မှာ အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေး ရသင့်ပါတယ်။ အမျိုးသမီးမို့ ဖြစ်ပ့ါမလားလို့ သံသယစိတ်ဝင်တာ၊ လုပ်ခလစာ တန်းတူ မပေးတာမျိုး မဖြစ်သင့်တာ အမှန်ပါ၊ ဒါတင်မကသေးပါဘူး၊ လုပ်ငန်းခွင်ထဲက အမျိုးသမီးတွေကို ခွဲခြားဆက်ဆံတာမျိုးလည်း လုံးဝ မဖြစ်သင့်ပါဘူး။ အမျိုးသမီးတချို့ဆို အပြင်ထွက်ပြီးလည်း အလုပ် လုပ်ရ၊ တဖက်ကလည်း အိမ်မှုကိစ္စတွေ လုပ်ရ၊ တဖက်ကလည်း သား၊ သမီးတွေကို ပြုစုစောင့်ရှောက်ရတာမို့ သူတို့ရဲ့ အရည်အချင်း၊ မိခင်စိတ်၊ တာဝန်ယူတက်မှုကိုပါ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ နိုင်ငံ တည်ဆောက်ရေးမှာ အမျိုးသမီးတွေ ပါဝင်ခွင့် ရှိသလို အဲသလိုပါဝင်ခွင့်ရဖို့ အရပ်ဘက်အဖွဲ့အစည်း တွေလည်း အားကောင်းနေဖို့ လိုပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာလည်းအမျိုးသမီးတွေ ပိုမိုပါဝင်လာတာတွေ့နိုင်ပါတယ်။ သာဓက အဖြစ် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ တခုတည်းသော မဂ္ဂဇင်း ဖြစ်တဲ့ “အောင်ပင်လယ်” မဂ္ဂဇင်းကို အမျိုးသမီး တယောက်ဖြစ်တဲ့ ဆရာမကြီး “ဒေါ်ဒေဝီသန့်စင်” ဦးစီးထုတ်ဝေတာက ထင်ရှားစေပါတယ်။ ပြီးတော့ အမျိုးသမီးတွေဟာ Reduce, Reuse, Recycle ဆိုတဲ့ R သုံးလုံးမှာ လက်တွေ့ ပါဝင်နိုင်ပါတယ်။ ကြွပ်ကြွပ် အိတ်ကို လျှော့သုံးခြင်း (Reduce)၊ မဝတ်တော့တဲ့ အထည်ဟောင်းတွေကို တခြား ပုံစံနဲ့ ပြန်သုံးခြင်း (Reuse) တွေကို လုပ်ဆောင်တာမျိုးပါ။ ဥပမာ – သတင်းစာစက္ကူ အဟောင်းတွေ၊ CD ပြားအဟောင်းတွေ၊ ကားတာယာတွေ၊ အထည်ဟောင်းတွေ၊ အချိုရည်ဘူးရဲ့ လက်ကိုင် ကွင်းတွေ အသုံးပြု (Recycle) ပြီးဆွဲကြိုးလေးတွေ၊ ပိုက်ဆံအိတ်တွေ ပြန်ထုတ်လုပ်ရာမှာပါဝင်နေတဲ့ အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေကိုလည်း “လှိုင်သာယာ” နဲ့ “ဒလ”မြို့နယ်တွေမှာတွေ့နိုင်ပါတယ်။ YBS စနစ်ကို ပြောင်းလဲခဲ့ပြီးတဲ့နောက် Power Eleven ကုမ္ပဏီပိုင်ရှင် ကိုတရုတ်လေးက သူ့ယာဉ်လိုင်းတွေမှာ အမျိုးသမီး ယာဉ်မောင်း ၃၀ ဦးကို ခန့်ထားမယ်လို့ သိပ်မကြာမီကပဲ ထုတ်ဖော်ပြောကြားထားတာပါ။ နယ်ကနေ လာရောက်လျှောက် ထားတဲ့ အမျုးိသမီးတွေကို သတ်မှတ်အရည်အချင်း ပြည့်မီရင် ခန့်အပ်သွားမှာ ဖြစ်ပြီး နေရေး၊ စားရေး စီစဉ်ပေးမယ်၊ ထိုက်တန်တဲ့ လစာပေးသွားမယ် လို့ ဆိုပါတယ်။ ဒါဟာအင်မတန်မှ ကြိုဆိုရမယ့် ကိစ္စဖြစ်ပြီး အမျိုးသမီး ယာဉ်မောင်းတွေဟာ အမျိုးသားယာဉ်မောင်းတွေထက် ပိုပြီး စိတ်ရှည်လို့ ယာဉ်မတော်တဆ ဖြစ်မှုတွေကိုပါ လျှော့ချသွားနိုင်မယ်လို့ ယုံကြည်သူတွေ ရှိပါတယ်။ အရေးကြီးတာက အလုပ် လုပ်နေတဲ့ အမျိုးသမီးတိုင်းမှာ တန်ဖိုးကိုယ်စီရှိတာကို လူ့အဖွဲ့အစည်းက လက်ခံဖို့ပါပဲ။ ကျောင်းဆရာမ တယောက်ဟာ စာသင်ကြားပေးရင်းနဲ့ အနာဂတ်လူငယ်တွေကို မွေးထုတ်ပေးသူ ဖြစ်ပါတယ်။ ဆရာဝန် တယောက်ဟာ ဆေးကုသပေးရင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူ ဖြစ်ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ် တယောက်ဟာ မဲဆန္ဒရှင် ပြည်သူတွေ အတွက် ဥပဒေပြုရေးမှာ တတပ်တအား ပါဝင်နေတာ ဖြစ်ပါတယ်။ အမျိုးသမီး သတင်းထောက်တယောက်ဟာ ပြည်သူတွေရဲ့ သိပိုင်ခွင့် (Right to Know) အတွက် အလုပ် လုပ်နေတာ ဖြစ်ပါတယ်။ ဘယ်အလုပ်က ပိုကောင်းတယ်၊ ဘယ်အလုပ်က ပိုမြင့်မြတ်တယ် လို့ ငြင်းခုံမနေဘဲ ကိုယ့်အလုပ်ကိုယ် တာဝန်ကျေအောင် လုပ်နိုင်တဲ့ အမျိုးသမီးတွေ ပိုများလာစေဖို့ ကူညီပေးသင့်ပါတယ်။ အလုပ် လုပ်နေတဲ့ အမျိုးသမီးထု များပြားလာမှ နိုင်ငံရဲ့ ကုန်ထုတ်စွမ်းအား ပိုမိုမြင့်မားလာမှာလည်း ဖြစ်ပါတယ်။ အရေးတကာ့ အရေးကြီးဆုံးကတော့ အမျိုးသမီးတွေ အလုပ် လုပ်နေတာဟာ စား၊ ဝတ်၊ နေရေး အတွက်သာမက သူတို့ရဲ့ “ဂုဏ်သိက္ခာ” အတွက်ပါ အလုပ် လုပ်နေတာကို အသိအမှတ်ပြု လက်ခံရင်းအမျိုးသမီးတွေ အတွက် ထိုက်သင့်တဲ့ လစာ၊ အခွင့်အရေးတွေ ဖန်တီးပေးခြင်းနဲ့သာ လူ့အဖွဲ့အစည်းကိုပါ အားပေးမြှင့်တင်ရာ ရောက်မှာ ဖြစ်ပါကြောင်း သုံးသပ်ရေးသား လိုက်ရပါတယ်။ ။ The post အလုပ် လုပ်နေတဲ့ အမျိုးသမီးတွေကို လေးစား အသိအမှတ်ပြုပေးပါ appeared first on ဧရာဝတီ.
Source : http://ift.tt/2kE684I
via IFTTT
No comments:
Post a Comment