အဂတိလိုက်စားမှု အကြောင်းပြချက်ဖြင့် တရုတ်တရားရေး ဝန်ကြီးဟောင်းကို ပါတီမှ ထုတ်ပယ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့၏ စုံစမ်းစစ်ဆေးမှုများ အပြီးတွင် တရုတ်နိုင်ငံမှ တရားရေး ဝန်ကြီးဟောင်း ဝူအိုက်ယင် (Wu Aiying) ကို အာဏာရ ကွန်မြူနစ်ပါတီမှ ထုတ်ပယ်လိုက်ပြီး ၎င်း၏ လုပ်နည်းလုပ်ဟန်များတွင် ပြဿနာ ရှိကြောင်း ပထမဆုံးအကြိမ် ကြေညာသည်။ အသက် ၆၅ နှစ်ရှိပြီဖြစ်သော ဝူအိုက်ယင် သည် ၂၀၀၅ ခုနှစ်မှ ယခုနှစ် ဖေဖော်ဝါရီလ အထိ တရားရေး ဝန်ကြီး အဖြစ် တာဝန်ယူခဲ့သည် ဟု သူမ၏ တရားဝင် မှတ်တမ်းများ အရ သိရပြီး သူမသည် တရုတ်နိုင်ငံ၏ လက်တဆုပ် စာသာ ရှိသော အမျိုးသမီး ထိပ်တန်းအရာရှိများတွင် ပါဝင်သည်။ အာဏာရပါတီ၏ အကြီးမားဆုံး အဖွဲ့အစည်းဖြစ်သော ဗဟိုကော်မတီ၏ ၄ ရက်ကြာ အစည်းအဝေးအပြီး စနေနေ့ (အောက်တိုဘာ ၁၄ ရက်နေ့) နှောင်းပိုင်းက ထုတ်ပြန်သော ကြေညာချက်တွင် ပါသည့် အဂတိလိုက်စားမှု အတွက် ပါတီမှ ထုတ်ပယ်သော အရာရှိများ၏ စာရင်းတွင် ဝူ၏ အမည်ကို တွေ့ရခြင်း ဖြစ်သည်ဟု Reuter သတင်းတွင် ဖော်ပြထားသည်။ ချုံကင်းမြို့တော်ပါတီ အကြီးအကဲ ဆန်းဇန်ကိုင် (Sun Zhengcai) အပါအဝင် အခြားအမည်များကို ယခင်ကပင် ဖော်ပြထားပြီး ဖြစ်သော်လည်း ဝူ၏ အမည်သည် မည်သည့် စုံစမ်းစစ်ဆေးမှုနှင့်မျှ ပတ်သက်ခဲ့ခြင်း မရှိပေ။ ဝူသည် စည်းကမ်းပိုင်ဆိုင်ရာ ပြင်းထန်သော ချိုးဖောက်မှုများ ရှိသည်ဟု စည်းကမ်း ထိန်းသိမ်းရေး ဗဟိုကော်မရှင်က တွေ့ရှိခဲ့သည် ဟု အဂတိလိုက်စားမှုကို ရည်ညွှန်းသည့် အသုံးအနှုန်းများဖြင့် ကြေညာခဲ့သော်လည်း အသေးစိတ်များကို ဖော်ပြထားခြင်း မရှိပေ။ ဝူ သည် တာဝန်ထမ်းဆောင်ချိန် အများစုတွင် နိုင်ငံအရှေ့ပိုင်းရှိ ရှန်ဒေါင်းတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ပြည်နယ်ပါတီ ဒုတိယ အကြီးအကဲ ဖြစ်လာခဲ့သည်။ ထိုနောက် ၂၀၀၃ ခုနှစ် နှောင်းပိုင်းတွင် ဘေ့ဂျင်းသို့ ပြောင်းပြီး တရားရေး ဝန်ကြီးဌာန တွင် လုပ်ကိုင်ရသည်။ သမ္မတ ရှီကျင့်ဖျင် ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများသည် တရုတ်နိုင်ငံ၏ တရားရေး အာဏာပိုင်များကိုလည်း ပစ်မှတ်ထားပြီး သြဇာ ကြီးမားလှသော ပြည်တွင်း လုံခြုံရေး အကြီးအကဲ ဇောင်ယောင်ကန် (Zhou Yongkang) နှင့် သူ၏ မဟာမိတ်များကိုလည်း ထောင်ဒဏ်များ ချမှတ်ထားသည်။ ဝူနှင့် ဇောင်တို့ အကြား ဆက်စပ်မှု ရှိ/မရှိ ရှင်းရှင်းလင်းလင်း မသိရပေ။ အစိုးရပိုင် ဘေ့ဂျင်းသတင်း နိုင်ငံရေး ကဏ္ဍ၏ WeChat အကောင့်က ဝူသည် စကားကို အတည်အခန့် အဖြောင့်အတိုင်း ပြောတတ်သူ ဖြစ်ကြောင်း တခါက လက်အောက် ငယ်သား တယေက်ကို အစည်းဝေးခန်းတွင်း အော်ဟစ်ရင်း မိုဘိုင်းဖုန်းနှင့် ပစ်ပေါက်ခဲ့ကြောင်း ဖော်ပြသည်။ ကွန်မြူနစ်ပါတီ၏ အဓိကကျသော ၅ နှစ် တကြိမ် ကွန်ဂရက် မကျင်းပမီ ရက်ပိုင်းအလိုတွင် ဝူကို ပါတီမှ ထုတ်ပယ် လိုက်ခြင်း ဖြစ်သည်။ ထိုကွန်ဂရက်တွင် ရှီကျင့်ဖျင်သည် သူ၏အာဏာကို ပိုမိုခိုင်မာအောင် လုပ်ဆောင်ပြီး သူ၏ မဟာမိတ်များနှင့် လက်ထောက်များကို နေရာ ပိုမိုပေးလာမည် ဟု မျှော်လင့်ရသည်။ ကိုးကား ။ ။ Reuters The post အဂတိလိုက်စားမှု အကြောင်းပြချက်ဖြင့် တရုတ်တရားရေး ဝန်ကြီးဟောင်းကို ပါတီမှ ထုတ်ပယ် appeared first on ဧရာဝတီ.
Source : http://ift.tt/2hQhTQL
via IFTTT
No comments:
Post a Comment