ဒီမိုကရေစီ အနီးအဝေး နှင့် ပြောင်းလဲချိန် တန်ချိန်ပြီ စစ်အစိုးရ ခေတ်လွန်ကာလ ပါတီစုံ ဒီမိုကရေစီ စနစ် ကျင့်သုံးခြင်းနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဦးထိပ်ထား အုပ်ချုပ် သည့် ဒီမိုကရေစီခေတ်ဟု သတ်မှတ်သော ၂၀၁၀ ပြည့်နှစ်မှစ၍ ယခု ၂၀၁၇ အထိ အစိုးရ အဖွဲ့ ၂ ဖွဲ့ ရှိခဲ့ပြီ ဖြစ်သည်။ လက်ရှိ ကာလ ဒုတိယအကြိမ် လူထုမဲဖြင့် တက်လာသော NLD အစိုးရလက်ထက် ပြဿနာသည် ပထမ တက်သော ဦးသိန်းစိန် အစိုးရထက်ပို၍ ရှုပ်ထွေးသော၊ ပို၍လည်း ဦးနှောက်ခြောက်စရာ ကောင်းသော ရင်ဆိုင်မှုများကို ကြုံတွေ့ နေရ ပါသည်။ ယခု လောလောဆယ်တွင် ရခိုင်ပြည်နယ်၌ အတင်းခိုးဝင်လာသော ဘင်္ဂါလီများ၏ ပြဿနာသည် ကမ္ဘာ့ပြဿနာ ထဲ တွင် ပါလာလေတော့သည်။ ကုလသမဂ္ဂ၏ ထိပ်ဆုံးပြဿနာအဖြစ်လည်း ထိုဘင်္ဂါလီပြဿနာကို အဓိကထားကာ မြန်မာနိုင်ငံကို ဝေဖန်ရှုတ်ချ ခြင်း များ ဖြစ်ပေါ်လာသည်။ မြောက်ကိုရီးယား၏ ဒုံးကျည် စမ်းသပ်မှုများကြောင့် အမေရိကန်နှင့် ထိပ်တိုက်တွေ့ကာ တတိယကမ္ဘာ့စစ်ကြီး ဖြစ်တော့ မယောင် ထိတ်ထိတ် လန့်လန့်ဖြစ်နေမှုသည် ကုလသမဂ္ဂ၏ ဦးစားပေးနေရာမှ ယခု တတိယ နေရာ ရောက် သွားပြီ ဖြစ်သည်။ ဘူးသီးတောင်၊ မောင်တောမှ ARSA အကြမ်းဖက် အင်္ဂါလီ အဖွဲ့အစည်းနှင့် အကြမ်းဖက် လှုပ်ရှားမှုများ၊ ခိုးဝင် ဘင်္ဂါလီ များ၏ နယ်စပ်ရဲစခန်းများကို တိုက်ခိုက်မှုများသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသမျှ တိုက်မှုများ၌ ယခုအချိန်သည် အပြင်းထန်ဆုံးဟု သတ်မှတ်၍ ရသည်။ ထိုပြဿနာမှာ ယခင်ကတည်းက ပြတ်ပြတ်သားသား မဖြေရှင်းခဲ့သလို ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ မြန်မာနိုင်ငံသို့ ခိုးဝင်လာ သော ဘင်္ဂါလီများကို အရေးမယူခဲ့ရုံ၊ ပြတ်ပြတ်သားသား မဖြေရှင်းခဲ့ရုံမက ယခင်ကတည်းက အုပ်စိုးသူ အစိုးရများ သည် မိမိတို့ အကျိုးစီးပွားကိုသာ ကြည့်ခဲ့သောကြောင့် ယခုကဲ့သို့ ပုဆိန်ဖြင့် ပေါက်ရမည့် ပြဿနာအဖြစ် လက်ရှိ အစိုးရ ခေါင်းပေါ် ရောက်လာခဲ့တော့သည်။ NLD အစိုးရအနေနှင့် အစိုးရအဖွဲ့ ဖွဲ့စည်းပြီး ရာဇပလ္လင်ပေါ် ရောက်လာသည်မှာ ၂၀၁၆ မတ်လကနေ ယခုအထိ ဆို လျှင် အချိန် ၁ နှစ်ခွဲသာရှိသေး၏။ ထို ၁ နှစ်ခွဲ ကာလအတွင်း အစိုးရ၏ ဦးစားပေး လှုပ်ရှားမှုအဖြစ် အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် ၂၁ ရာစုပင်လုံ ဟု ကြွေးကြော်ကာ ထိုးကြွေးကြော်ချက် အတိုင်းလည်း ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တစ်ပါ တီ လုံး၊ အထူးသဖြင့် ခေါင်းဆောင်အားလုံး က စိုင်းပြင်းခဲ့၏။ အစိုးရအဖွဲ့ကိုလည်း စိတ်ကြိုက်ရွေးချယ်ကာ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ကိုယ်ရည်ကိုယ်သွေး အရည်အချင်းထက် ပါတီခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်များကို လိုက်နာစေခြင်းဖြင့် အုပ်ချုပ်ရေး ယန္တရားမှာ ထင်တိုင်းမပေါက်၊ ဆောင် တိုင်း မမြောက်ခဲ့တော့ပေ။ အထူးသဖြင့် တပ်မတော်ကိုလည်း အာဏာ ပေးထားရသောကြောင့် လူထုရွေးချယ်ထားသည့် အစိုးရအဖွဲ့သည် သူတို့ လျှောက်ချင်သည့် လမ်းကို ဖြောင့်ဖြောင့်ဖြူးဖြူး မလျှောက်နိုင်တော့ပေ။ မဏ္ဍိုင်သုံးရပ်တွင် အုပ်ချုပ်ရေးအာဏာသည် လူထုရွေးချယ်လိုက်သော ပါတီ၏ အစိုးရလက်ထက်ထဲတွင် ယခုအထိ မရှိနိုင်ခြင်းက လက်ရှိအုပ်စိုးသူများ၏ အကျပ်အတည်း ဖြစ်ပေတော့သည်။ ထို့ကြောင့် ယနေ့အခြအနေတွင် စီးပွားရေးပြုပြင်ပြောင်းလဲမှုမှာ ထင်တိုင်းမပေါက်သလို အောက်ခြေလူတန်းစားနှင့် ပြည်သူလူထု တရပ်လုံး အတွက် သက်သာချောင်ချိမှု မရှိနိုင်သေးဘဲ စီးပွားရေး ကျပ်တည်းသထက် ကျပ်တည်း လာသော အခြေအနေကိုသာ ရင်ဆိုင်နေရ၏။ စီးပွားရေး ကျပ်တည်းမှုနှင့် အတူ ရာဇဝတ်မှုများလည်း ထူပြောလာသည်။ ယခင်စစ်အစိုးရကာလနှင့် စစ်တပိုင်းအစိုးရ ကာလအထိ ခေါင်ကမိုးမလုံသော အကျင့်ပျက်မှု၊ အဂတိ လိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုများ အဆိုးဝါးဆုံး ဖြစ်ခဲ့သော်လည်း ခေါင်က အဂတိလိုက်စားမှုများ ယခုအချိန်ထိ သိသိ သာသာ မပေါ်ပေါက်ခဲ့သေးပေ။ သို့သော် လာဘ်ပေးလာဘ်ယူမှုများ အစိုးရဌာန အသီးသီးတွင် ကင်းစင်သွားသည်ဟု သုံးသပ်မရသေးဘဲ လာဘ်ပေး နေရဆဲ၊ အကျင့်ပျက်နေဆဲကို ပြည်သူလူထုက အသိဆုံးဖြစ်ပေသည်။ သိသာထင်ရှားသော ပြုပြင်ပြောင်းလဲမှုဟူ၍ မည်မည်ရရ လက်ညှိုးထိုး မပြနိုင်သေးပေ။ ကြွေးကြော်ခဲ့သော ပြောင်းလဲချိန် တန်ပြီဆိုသည့် ပြောင်းလဲမှု လုပ်ပါမည် ဆိုသည့် ကတိမှာ အပြောနှင့်အလုပ် မညီ ကြောင်း အာဏာရ ခေါင်းဆောင်များ ရိုးရိုးသားသား ဝန်ခံသင့်လေသည်။ ဆိုလိုသည်မှာ ပြည်သူလူထုသည် ယခုအချိန်ထိ စီးပွားရေး အရ အဖိနှိပ်ခံနေရဆဲ၊ လွတ်လပ်မှုနှင့် ဒီမိုကရေစီ အခွင့် အရေးများ ခေါင်းပါးနေဆဲ၊ စာနယ်ဇင်းသမားများ အတွက် ယခင်အစိုးရထက်ပင် ဆိုးဝါးသော နှိပ်ကွက်မှုများကို ခံနေရဆဲ ဖြစ်သောကြောင့် ပြောင်းလဲချိန်မတန်သေးဘူးလားဟု မေးခွန်းထုတ်စရာ ဖြစ်လာပါသည်။ NLD အစိုးရ၏ ၁ နှစ်ခွဲသက်တမ်းအတွင်း အရေးတကြီး ဦးစားပေး လုပ်ငန်းစဉ်ဖြစ်သည့် ၂၁ ရာစု ပင်လုံခေါ် ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေးလှုပ်ရှားမှုမှာ ယခုအချိန်ထိ ထိထိရောက်ရောက် အောင်အောင်မြင်မြင် မလုပ်ဆောင်နိုင်သေးပေ။ အင်အားအကောင်းဆုံးနှင့် အဓိက အကျဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် NCA လက်မှတ် မရေးထိုးနိုင် သေးခြင်း၊ အပစ်အခတ် မရပ်စဲနိုင်ခြင်းတို့သည် ပျော့ကွက်များဖြစ်နေလေသည်။ ထို့အပြင် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုသော သဘောထား ကွဲပြားနေသူများ၊ နိုင်ငံရေးအရ ဆန့်ကျင်နေသူ များ၊ တလျှောက်လုံး ရန်ဘက်သဖွယ် ထိပ်တိုက် ရင်ဆိုင်နေရသူများနှင့် ရင်ကြားပြန်စေ့ကာ အမျုးိသား ပြန်လည် သင့်မြတ်ရေး ဆောင်ရွက်မည်ဟုဆိုကာ ယခုအထိ ကြိုးပမ်း အားထုတ်ခဲ့ရာတွင် လက်တွေ့အားဖြင့် မအောင်မြင် သေး ပေ။ NLD အစိုးရနှင့် ရင်ကြားစေ့ရန် အမျိုးသား ပြန်လည် သင့်မြတ်ရန်သည် ၁၉၈၈ ခုနှစ်ကတည်းက စပြီး လွန်ခဲ့သော ၁နှစ်ခွဲ အထိ ရင်ကြားမစေ့နိုင်သော တပ်မတော်နှင့် သာ ဖြစ်နေသည်။ ထို့ကြောင့် ရင်ကြားစေ့ရေးအတွက် ဦးစားပေးဆောင်ရွက်နေသည်မှာ တပ်မတော်ကိုသာ ဖြစ်ကြောင်း သိသိ သာသာ တွေ့ရှိရပါသည်။ ကျန်နိုင်ငံရေး အဖွဲ့အစည်းများနှင့် ယခုအချိန်ထိ ရင်ကြားမစေ့နိုင်သေး။ ပြန်လည်ပြီး တရင်းတနှီး နှစ်နှစ်ကာကာ မသင့် မြတ်နိုင်သေးပေ။ ထို့ကြောင့်လည်း အမျိုးသား စည်းလုံးညီညွတ်ရေးသည် အားကောင်း မောင်းသန် ဖြစ်မလာ နိုင်ခဲ့ပေ။ ထိုသို့တပ်မတော်နှင့် ထိပ်တိုက်ဖြစ်ခြင်း၊ ဆွေးနွေးငြင်းခုံခြင်း၊ မတူညီသော သဘောထားများ ဝေဖန်ခြင်းများကို အတတ်နိုင်ဆုံး ရှောင်တိမ်းခဲ့သောကြောင့်လည်း (၁) ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို လုံးဝ မဆောင်ရွက်နိုင်ခြင်း၊ (၂) စာနယ်ဇင်း လွတ်လပ်မှုနှင့် ပြင်ဆင်ဖျက်သိမ်းသင့်သော ဖိနှိပ်သည့် ဥပဒေပုဒ်မများကို ယခု အထိ ဖျက်သိမ်း ပြင်ဆင် ခြင်းများ မပြုနိုင်ခြင်း၊ (၃) အလုပ်သမား၊ လယ်သမား စသော အောက်ခြေလူတန်းစားနှင့် ပြည်သူလူထုအတွက် အာမခံချက် ပေးနိုင်သော ဥပဒေများ ပြဋ္ဌာန်းခြင်း၊ လယ်သမားများ သိမ်းဆည်းခံရသော လယ်မြေများ ပြန်ပေးခြင်း၊ ကျောင်းသားများ၏ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခြင်းကို ခွင့်ပြုခြင်း၊ အလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခလစာကို ပြတ်ပြတ်သားသားနှင့် အမြန်ဆုံးပြဋ္ဌာန်းပေးခြင်း စသည်များကို မဆောင်ရွက်နိုင်ခြင်း၊ (၄) နိုင်ငံတော် အစိုးရက တိုင်းရင်းသား လက်နက်ကိုင်များနှင့် အနှစ် ၇၀ နီးပါးဖြစ်နေသော လက်နက်ကိုင် တိုက်ပွဲ များကို ရပ်ဆိုင်းလိုက်ကြောင်း တိတိကျကျ၊ ပြတ်ပြတ်သားသား မကြေညာနိုင်ခြင်း စသော အကျပ်အတည်းများ၊ ချို့ယွင်းချက်များ ကြုံတွေ့ နေရခြင်းသည် ယနေ့ အာဏာရ NLD အစိုးရ၏ ပျော့ကွက်များ ဖြစ်နေလေသည်။ ထိုပျော့ကွက်များကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အတွက် နိုင်ငံတကာက ယုံယုံကြည်ကြည်နှင့် ရင်းနှီး မြှုပ်နှံရန် သိသိသာသာ စီးပွားရေးလုပ်ငန်းများ လာရောက်လုပ်ကိုင်ရေးသည် ထင်တိုင်းပေါက်လိမ့်မည် မဟုတ် ပေ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အစိုးရ၏ မူနှင့် အစိုးရ၏ သဘောထားက တမျိုး၊ တပ်မတော်၏ မူနှင့် တပ်မတော်၏ သဘောထားက တမျိုးဖြစ်နေလျှင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဆွေးနွေးရန် အခက်အခဲဖြစ်ပေလိမ့်မည်။ အရပ်သားအစိုးရနှင့် တပ်မတော်တို့ ကျေကျေလည်လည် ညှိနှိုင်းကာ လက်ခံသည်၊ လက်မခံသည်ကို ဆုံးဖြတ်မှသာ လျှင် ငြိမ်းချမ်းရေးခရီး ပိုမိုနီးစပ်ပေမည်။ တချိန်တည်းတွင် အမျိုးသားပြန်လည် သင့်မြတ်ရေးကို တပ်မတော် တခုတည်းနှင့် သင့်မြတ်ရေး အတွက် လုပ်ဆောင် သည်ထက် ကျန်နိုင်ငံရေးအဖွဲ့များရော တိုင်းရင်သား လက်နက်ကိုင် အဖွဲ့များနှင့်ရော လူငယ် ကျောင်းသားများ နှင့်ရော ညှိညှိနှိုင်းနှိုင်း လုပ်ဆောင်ရပေမည်။ လက်တွေ့ဤကဲ့သို့ လုပ်ဆောင်ခြင်းရှိ၊ မရှိကိုကား ကာယကံရှင်များ အသိဆုံး ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် NLD အစိုးရ ၁ နှစ်ခွဲကာလ၊ NLD ပါတီ၏ ၂၉ နှစ်တာ နိုင်ငံရေး ခရီးလမ်းကြောင်းသည် ရည်မှန်းချက်များ ထင်တိုင်း မပေါက်သည့်တိုင်၊ မျှော်လင့်သလောက် မည်မျှရောက်လာသလဲ ဆိုသည်ကို သုံးသပ်ရန်နှင့် အမှန်အတိုင်း ဆုံးဖြတ်ရန် အချိန်ရောက်လာပေပြီ။ ယခုလို ၁ နှစ်ခွဲသက်တမ်းလေးကို ရောင့်ရဲနေလျှင် အခက်အခဲ၊ အကျပ်အတည်းများဖြင့် နှာခေါင်းကျည်ပွေ့ တွေ့လာ ပေလိမ့် မည်။ ဘူးသီးတောင်၊ မောင်တောပြဿနာနှင့် ဆိုးဝါးသော အကြမ်းဖက်အဖွဲ့အစည်းတခု ဖြစ်တည်လာခြင်း၊ အချုပ်အခြာ အာဏာကို ထိပါးစေသည့် အကြမ်းဖက်လုပ်ရပ်များ ဖြစ်ပေါ်လာခြင်းသည် တဖက်ကိုပဲ အပြစ်တင်သည်ထက် မိမိ ဘက် ကိုပါ သုံးသပ်ဖို့လိုသည်။ တိုင်းပြည်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို ယူထားသော တပ်မတော်သည်လည်း သုံးသပ်သင့်သည်။ လူမလေး ခွေးမခန့် စော်ကားလာခြင်းကိုလည်း ထိရောက်စွာ တုံ့ပြန်ရပေမည်။ လူ့သမိုင်းဖြစ်တည်မှု၊ ရခိုင်သမိုင်းဖြစ်တည်မှုတွင် မရှိခဲ့ဖူးသော ရိုဟင်ဂျာဆိုသည့် လူမျိုးတမျိုးကို ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံများက အသိအမှတ်ပြု သုံးနှုန်းလာခြင်းသည် သဘာဝလည်း မကျ၊ မမှန်လည်း မမှန်ကန်သောကြောင့် မြန်မာပြည်သူများ လက်မခံနိုင်သည်မှာ အားလုံးအသိ ဖြစ်ပါသည်။ သို့သော် ထိုအခြေအနေမျိုး ဖြစ်ပေါ်လာစေရန် ယခင် ပထစ အစိုးရက စပြီး ဗိုလ်နေဝင်း ယူနီဖောင်းဝတ် အစိုးရ၊ အရပ်ဝတ် အစိုးရ၊ ဗိုလ်သန်းရွှေ စစ်အစိုးရ အဆက်ဆက်က မသိကျိုးကျွံ ပြုလာသည့် အားနည်းချက်အပြင် ယခု အချိန်ထိ အုပ်ချုပ်လာသော အစိုးရများကလည်း ထိထိရောက်ရောက် ကုလသမဂ္ဂတွင်ရော နိုင်ငံတကာ သံတမန် ဆက်ဆံရေးတွင်ရော ကြိုးပမ်းဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့် ယခုလို အကျပ်အတည်းနှင့် ကြုံတွေ့နေရသည်ကို ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်း ဝန်ခံရန်လိုသည်။ တချိန်တည်းတွင် လက်ရှိဖြစ်ပွားနေသော အကြမ်းဖက်မှုကို ရေရှည်စွဲမနေဘဲ မြန်မြန်နှင့် ပြတ်ပြတ်သားသား ဖြေရှင်း နိုင်ရန်လည်း လိုသည်။ ရှေ့ဆက်၍ အလားအလာ ရှိနေသေးသော၊ ခိုးဝင်လာမှုကို အကူအညီပေးနိုင်သော နိုင်ငံကြီးများနှင့်တိုင်ပင်ကာ တံတိုင်း ခတ်ခြင်း၊ လုံခြုံရေးကို ယခုထက် ၂ ဆတိုးမြှင့် ဆောင်ရွက်နိုင်ရန်လည်း လိုပါသည်။ ၁ နှစ်ခွဲကာလအတွင်း အစိုးရအဖွဲ့သစ် အနေဖြင့် အရေးကြီးဆုံးသော လုပ်ဆောင်သင့်သည့် အချက်မှာ ရဲရင့်ပြတ် သား ရန်နှင့် မိမိကိုယ်ကိုယ် ဝေဖန်သုံးသပ်နိုင်ရန် ဖြစ်ပါသည်။ တနည်း မိမိကိုယ်ကိုယ် မှန်ထဲတွင် သေသေချာချာ၊ လေးလေးနက်နက်ကြည့်ပြီး ကိုယ့်မျက်ချေး ကိုယ် ရှာတွေ့နိုင်ရန် အရေးကြီးပါသည်။ ဝေဖန်ထောက်ပြသည်များကို လက်ခံနိုင်ရန်လည်း လိုသည်။ အားနည်းချက်များကို မရှာဖွေနိုင်လျှင် မိမိတို့ဆန္ဒရှိသော ပြုပြင် ပြောင်းလဲမှုသည်လည်း ဝေးသထက်ဝေးနေပေမည်။ ယခုအခြေအနေသည် ကမ္ဘာက အာရုံစိုက်နေသလို စည်းလုံးညီညွတ်မှု အားနည်းနေသော အခြေအနေ၊ အကြမ်းဖက် သမားများ၏ အချုပ်အခြာအာဏာကို ထိပါးလိုသည့် အခြေအနေ ရှိသောကြောင့် ပြည်တွင်းငြိမ်းချမ်းရေးကို အတတ် နိုင်ဆုံး လိုက်လျောပြီး အမြန်ဆုံး တည်ဆောက်ရန်၊ ပြည်သူတရပ်လုံးက လုံးဝဆန့်ကျင်သည့် ၂၀၀၈ ဖွဲ့စည်းပုံကို အမြန်ဆုံး ပြင်ဆင်ပစ်ရန်၊ ပြည်သူလူထုကို ဖိနှိပ်ချုပ်ခြယ်မှု မှန်သမျှအား ရပ်ဆိုင်းပစ်ရန်၊ ပြင်ဆင်ပစ်ရန်၊ ဒီမိုကရေစီကို မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် တည်ဆောက်နိုင်ရန် အရေးကြီးနေပါသည်။ ။ The post ဒီမိုကရေစီ အနီးအဝေး နှင့် ပြောင်းလဲချိန် တန်ချိန်ပြီ appeared first on ဧရာဝတီ.
Source : http://ift.tt/2z0Gw5g
via IFTTT
No comments:
Post a Comment