လျှပ်စစ်မီတာခနှုန်းထားသစ် မကြာမီ ထုတ်ပြန်မည် လျှပ်စစ်ဓာတ်အားခ ပြောင်းလဲမည့်နှုန်းထား ထုတ်ပြန်ကြေညာရန်ရှိပြီး ပြည်သူလူထူအား လက်ရှိနှင့် မတူသည့် လျှပ်စစ် ဝန်ဆောင်မှုများ တိုးမြှင့်ပေးရန် အထူးကြိုးစားနေကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ ဒုတိယ အမြဲတမ်း အတွင်းဝန် (စွမ်းအင်) မှ ဦးဌေးအောင်က ပြောသည်။ “လျှပ်စစ်မီတာခ ပြောင်းလဲကောက်ခံမည့် ပုံစံမှာ လျှပ်စစ်သုံးစွဲမှု ယူနစ်နှုန်းနဲ့ ကောက်ခံမလား၊ လူတန်းစားအလိုက် အလွှာနှုန်းနဲ့ ကောက်ခံမလားဆိုတာ ဒါတွေကို ကျနော်တို့ အများကြီး စဉ်းစားနေပါတယ်။ ခရီးရောက်နေပါပြီ။ ခရီးရောက်နေတဲ့ အတွက် မကြာခင်မှာ ထုတ်ပြန်ဖို့ ရှိပါတယ်။” ဟု ဦးဌေးအောင်က ပြောသည် ။ ၎င်းက “ တဖက်လည်း ဈေးနှုန်းပြုပြင်ဖို့အတွက် စီမံနေတာ ခရီးအတော်ရောက်နေပါပြီ။ အဲဒီလို ပြုပြင်ပြောင်းလဲလိုက်တဲ့အတွက် ပြည်သူလူထုအပေါ်မှာ လက်ရှိအနေအထားထက် ဝန်ဆောင်မှုတွေ တိုးပြီးတော့ ပံ့ပိုးနိုင်အောင် အထူးကြိုးစားပြီးတော့ ဆောင်ရွက်နေပါတယ်” ဟု ရှင်းပြသည်။ အခြေခံလူတန်းစား တဦး အသုံးပြုနေသည့် မီတာယူနစ် ပျှမ်းမျှခြင်းကို သုတေသန ပြုလုပ်ကြည့်ရာ အခြေခံလူတန်းစားအိမ်တအိမ်သည် တရက်လျှင် ၂၃ ယူနစ်ခန့် သုံးနေကြောင်း သိရသည်။ မီတာခ နှုန်းထားသစ် သတ်မှတ်နိုင်ရေးအတွက် အပြီးသတ်အလုပ်ရုံဆွေးနွေးပွဲ တခုကို နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ယင်း အလုပ်ရုံဆွေးနွေးပွဲသို့ သက်ဆိုင်ရာဝန်ကြီးဌာန များမှ တာဝန်ရှိသူများ၊ လုပ်ငန်းဆိုင်ရာ ပညာရှင်များ၊ ပြည်သူ့ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ဖိတ်ကြားဆွေးနွေးသွားမည်ဟု သိရသည်။ ပျဉ်းမနားမြို့၊ မင်္ဂလာရပ်ကွက်အတွင်းမှ ဟန်းဆက် အရောင်းဆိုင် ဖွင့်ထားသူ ကိုမောင်မောင်က “ လျှပ်စစ် မီတာခ တိုးကောက်မယ်ဆိုရင်တော့ သတ်မှတ်တဲ့ အတိုင်းပေးရမှာပေါ့၊ မဆောင်လို့မှ မရတာ ဆောင်ရမှာပေါ့၊ ဒါပေမယ့် မီးပုံမှန်လာတာမျိုးတော့ ဖြစ်စေချင်တယ်။” ဟု ပြောသည်။ လာမည့် ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် လိုအပ်လာမည့် လျှပ်စစ်ဓာတ်အားကို လက်ရှိ ဈေးနှုန်းအတိုင်း ဆက်လက် ပေးနေမည်ဆိုလျှင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ကျပ်ဘီလီယံ ၉၀၀ အထိ အရူံးပေါ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောခဲ့ဖူးသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ် လျှပ်စစ်မီးသုံးစွဲမှုသည် ၁၅ ရာခိုင်နှုန်း တိုးတက်လျက်ရှိပြီး၊ ရန်ကုန်တိုင်းတခုတည်း၏ လျှပ်စစ်သုံးစွဲမှုသည် စုစုပေါင်း ထုတ်လုပ်မှု၏ ထက်ဝက်ကျော် (တနေ့လျှင် ၁၂၀၀ မှ ၁၄၀၀ မီဂါဝပ်အတွင်း) အသုံးပြုမှုရှိနေသည်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ လက်ရှိကောက်ခံနေသော နှုန်းထားများမှာ အိမ်သုံးမီတာ တယူနစ်လျှင် ၃၅ ကျပ်နှုန်းဖြစ်ပြီး၊ ယူနစ် ၁၀၁မှ ၂၀၀ အထိအသုံးပြုပါက တယူနစ်လျှင် ၄၀ ကျပ်နှုန်း၊ ယူနစ် ၂၀၁နှင့် အထက် အသုံးပြုပါက တယူနစ်လျှင် ၅၀ ကျပ်နှုန်းဖြင့်ကောက်ခံနေပြီး၊ လုပ်ငန်းသုံးအနေဖြင့် တယူနစ်လျှင် ၇၅ ကျပ်နှုန်းဖြင့် ကောက်ခံလျက် ရှိသည်။ ဆက်စပ်ဖတ်ရှုရန်- အစိုးရ အရှုံးပြနေတဲ့ လျှပ်စစ်မီး ဘယ်နှုန်းကောက်မှာလဲ The post လျှပ်စစ်မီတာခနှုန်းထားသစ် မကြာမီ ထုတ်ပြန်မည် appeared first on ဧရာဝတီ.
Source : http://ift.tt/2wRSoVo
via IFTTT
No comments:
Post a Comment