မန္တလေး MCC အဆောက်အအုံ အရည်အသွေး ဆိုင်ရာများကို ကော်မတီဖွဲ့ စစ်ဆေးမည် မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ်တွင် နိုင်ငံတကာ အဆင့်မီ တည်ဆောက်နေသည် ဟူသော ကြမ်းခင်း အက်ကွဲမှုများ တွေ့ရှိရသည့် Mandalay Convention Centre (MCC) အဆောက်အအုံကို မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ကော်မတီဖွဲ့၍ စစ်ဆေးသွားမည်ဟု သိရသည်။ မန္တလေး မြို့တော်စည်ပင်သာယာ ရေးကော်မတီမှ ကော်မတီဝင် ဦးကျော်ဇောအောင်က “Convention Centre နဲ့ ပတ် သက်ပြီး စစ်ဆေးမှုတွေ လုပ်သွားမယ်လို့တော့ မြို့တော်ဝန်ကြီးက ပြောတယ်၊ ကော်မတီ အစည်းအဝေး မထိုင်ဖြစ်သေးပါ ဘူး။ အစည်းအဝေး ထိုင်တဲ့အခါ အဲဒီကိစ္စကို အဓိကထား ဆွေးနွေးကြဖို့ ရှိပါတယ်၊ တိုင်း ဒေသကြီး အစိုးရကို တင်ပြမယ်၊ အဲဒီအပေါ် ဆုံးဖြတ်သွားမှာပါ”ဟု ပြောသည်။ ချမ်းမြသာစည်မြို့နယ် သိပ္ပံလမ်း ၇၁ လမ်းနှင့် ၇၂ လမ်း ကြားတွင် တည်ဆောက်နေသည့် Mandalay Convention Centre အဆောက်အအုံကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် Mandalay Investment & Development Group Co.,Ltd (MIDG) တို့ အကျိုးတူ ပူးပေါင်း အကောင်အထည် ဖော်နေခြင်းဖြစ်ပြီး New Star Light & C.A.D Construction Co.,Ltd တို့မှ တည်ဆောက်ရေး လုပ်ငန်းများ လုပ်ဆောင်နေခြင်း ဖြစ်သည်။ အမေရိကန် ဒေါ်လာ ၂၇ သန်းခန့် အကုန်အကျခံ တည်ဆောက်နေသည့် ယင်း အဆောက်အအုံအား စက်တင်ဘာ ၂၇ ရက်က မြို့တော်ဝန်နင့် တာဝန်ရှိသူများ သွားရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ ပြီး နောက် ဖာထေးထားသော ကြမ်းခင်း အက်ကွဲမှုများ တွေ့ရှိခဲ့ခြင်းနှင့်အတူ ဒီဇိုင်းနှင့် တည်ဆောက်မှု အရည်အသွေးကို လက်မခံနိုင်သောကြောင့် X Ray စက် ဖြင့် စစ်ဆေး သွားရန် စီစဉ်လျက် ရှိကြောင်း သိရသည်။ မန္တလေး MCC စီမံကိန်း တည်ဆောက်နေမှုနှင့် ပတ်သက်၍ မြို့တော်ဝန် ဒေါက်တာ ရဲလွင်က ၎င်း၏လူမှုကွန်ရက် စာမျက် နှာ တွင် “မြို့တော်ဝန် တာဝန်စယူကတည်းက အကြိမ်ကြိမ်ပြင်ခိုင်းခဲ့တာ ဒီဇိုင်းကော အရည်အသွေးပါ လုံး၀ လက်ခံနိုင် စရာ မရှိသေးပါဘူး၊ ဒီနေ့လည်း နေရာ၂၀ ကျော်မှာ မှားနေတာတွေ ပြင်ခိုင်းခဲ့ရတယ်၊ တင်ဒါပြိုင်တုန်းက ဒီထက် အများ ကြီး ကောင်းတဲ့ Architectural design တင်ခဲ့တဲ့ ကုမ္ပဏီတွေကို ဘာကြောင့်များ ပယ်ခဲ့ကြသလဲမသိ”ဟုလည်း ရေးသား ထားသည်။ မန္တလေး MCC စီမံကိန်းသည် မန္တလေးမြို့ကို ဗဟိုပြု၍ ဒေသအကျိုးစီးပွား ပိုမိုတိုးတက် ဖွံ့ဖြိုးလာစေရန်၊ နည်းပညာ နှီးနှော ဖလှယ်မှု ပိုမို အားကောင်းလာစေရန်၊ နိုင်ငံတကာနှင့် ချိတ်ဆက်၍ ရောင်းဝယ် ဖောက်ကားနိုင်မှုများ ပိုမို ထိရောက် အောင်မြင်လာစေရန် ရည်ရွယ်၍ ၂၀၁၅ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ် မတ် ၁၃ ရက်က Soft Opening အကြိုဖွင့်ပွဲကို ယခင်အစိုးရ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်နှင့် မြို့တော်ဝန် ဦးအောင်မောင်းတို့က ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ယခုအခါ Convention Centre ကို အောက်တိုဘာ ၁၅ ရက်တွင် မြို့တော် စည်ပင် သာယာ ရေး ကော်မတီသို့ လွှဲပြောင်းအပ်နှံရမည် ဖြစ်ကြောင်း သိရသည်။ “စီမံကိန်း အပ်ဖို့ပြင်နေတာကြောင့် သွားကြည့်တဲ့ သဘောပါ၊ စီမံကိန်းအပြီးသတ် လုပ်ငန်းတွေမှာ ကောင်းမွန်တဲ့ အရည် အသွေးရှိဖို့ အဓိကဆိုတော့ အပြီးသတ် လုပ်ငန်းပိုင်းတွေက မသပ်ရပ်တော့ တခုနဲ့တခု အချိတ်အဆက် မမိတာတွေ ရှိ နေလို့ပဲ၊ မြို့တော်ဝန်ကြီးရဲ့ အင်တာနေရှင်နယ်မှာ တွေ့ကြုံခဲ့တာနဲ့ဆိုရင် လိုအပ်နေတယ်၊ လိုအပ်ချက်တွေကို ပြင်ဆင် နိုင်ဖို့ ကော်မတီနဲ့ ပြန်လည်ဆွေးနွေးမယ်၊ လိုအပ်ချက်တွေကို ကုမ္ပဏီတွေကို ပြန်ပြောရမယ်”ဟု မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီ အဆောက်အအုံနှင့် ကုန်ရုံ ဌာနမှူး ဦးဇော်ဝင်းက ပြောသည်။ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသို့ လွှဲပြောင်းအပ်နှံရန် လုပ်ဆောင်နေသော မန္တလေး MCC အဆောက် အအုံ၌ သတ်မှတ်စံနှုန်း မမီခြင်းများအနက် ကြမ်းခင်းအက်ကွဲမှုကို X Ray စက်ဖြင့် စစ်ဆေးရန် စီစဉ်လျက်ရှိပြီး အပေါ်ဆုံး အလွှာအပိုင်း အက်ကွဲမှု မဟုတ်ပါက လုံးဝလက်ခံသွားမည် မဟုတ်ကြောင်း၊ X-Ray စက်သည် မြို့တော်စည်ပင်တွင် မရှိသော်လည်း ပြင်ပပညာရှင်များ၊ ပြင်ပစက်များဖြင့် စစ်ဆေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။ “ကော်မတီဖွဲ့ပြီး စစ်ဆေးသွားမယ် ဆိုတဲ့ အပေါ်မှာ ဘာသုံးသပ်ချက်မှ မပေးလိုပါဘူး၊ တာဝန်ရှိတဲ့အတိုင်း လုပ်ဆောင်ကြ တယ်လို့ မြင်တယ်၊ ကျနော်တို့အနေနဲ့ ဒီအပေါ်မှာ အကောင်းဆုံး လုပ်ဆောင်ခဲ့တယ်၊ အခုပျံ့နှံ့နေတဲ့ သတင်းတွေနဲ့ ပတ် သက်လို့ ဘာဖြေရှင်းချက်မှ မပေးလိုပါဘူး၊ အချိန်က စကားပြောသွားပါလိမ့်မယ်”ဟု တည်ဆောက်ရေး ကုမ္ပဏီဘက်မှ ပြောရေး ဆိုခွင့်ရှိသူ ဦးကျော်ကျော်ဝင်းက ပြောသည်။ မန္တလေး MCC ကို မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီပိုင် မြေဧက ၂ ဒသမ ၃၈ ဧကပေါ်တွင် အဆင့် ၃ ဆင့် ဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ပြီး လူ ၄၅၀၀ ဆံ့ ပြပွဲခန်းမကြီး ၁ ခု၊ လူ ၁၅၀၀ ဆံ့ မင်္ဂလာခန်းမ ၂ခု၊ လူ ၂၄၀ ကျော် ဆံ့ ကွန်ဖရင့်ခန်းမ ၁ ခု၊ Seminar ခန်းမ ၆ ခုတို့ ပါဝင်မည်ဖြစ်ကြောင်း၊ ဒုတိယအဆင့် Commercial Complex တည်ဆောက် မှု နှင့် တတိယအဆင့် Amusement ဧရိယာ တည်ဆောက်မှုများတွင် ၁၂ ထပ် ဟိုတယ် ၁ လုံး၊ ၄ ထပ် စူပါမားကက် ၁ခု ၊ ၁၆ ထပ် Office Tower ၁ ခု နှင့် ၂၂ ထပ် သာမန် ကွန်ဒိုမီနီယံ ၂ ခု၊ Back of house ၊ Pre-Function Hall များ ပါဝင်မည့် အပြင် မြေအောက် ကားရပ်နားစခန်း၊ မြေအောက် ကားလမ်း၊ ဓာတ်လှေခါး ၄ စီး၊ စက်လှေခါး ၆ စီး၊ မော်တော်ကား ပြပွဲ များ ပြသနိုင်ရန်အတွက် မော်တော်ကားတင် ဓာတ်လှေခါး ၁ စီး၊ လေအေးပေးစက်၊ လုံခြုံရေးစနစ်၊ မီးသတ်စနစ်များ ပါဝင် ကြောင်း သိရသည်။ ယင်း အဆောက်အအုံကို ၂၀၁၉ ခုနစ် ဇွန်လကုန်ပိုင်းတွင် တခုလုံး ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ဆို သည်။ The post မန္တလေး MCC အဆောက်အအုံ အရည်အသွေး ဆိုင်ရာများကို ကော်မတီဖွဲ့ စစ်ဆေးမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2wC82nP
via IFTTT
No comments:
Post a Comment