Saturday, October 21, 2017


တပ်မတော် G-4 လေယာဉ်မှူး ၂ ဦး ကျဆုံးကြောင်း အတည်ပြု ပုသိမ်လေတပ်မှ လေ့ကျင့်ပျံသန်းရေး G-4 လေယာဉ်နှင့်အတူ ပျောက်ဆုံးနေသည့် လေယာဉ်မှူး၂ ဦးဖြစ်သော ဗိုလ်မှူး ကောင်းထိုက်နှင့် ဗိုလ်ကြီး သော်ဇင်စိုးတို့မှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားပြီဟု လေယာဉ်ပျက်ကျရာနေရာသို့ ရှာဖွေရေးရောက်ရှိနေသည့် တပ်မတော်ဆေးအဖွဲ့ကအတည်ပြုလိုက်ကြောင်း သတင်းရရှိသည်။ ပျောက်ဆုံးနေသည့် တပ်မတော်လေယာဉ်ကို ရခိုင်ပြည်နယ် ဂွမြို့၏တောင်ဘက် ၁၂ မိုင်အကွာနေရာတွင် အောက်တိုဘာလ ၁၈ ရက်နေ့ ညနေပိုင်းက ရှာဖွေတွေ့ရှိခဲ့ပြီးနောက် လေယာဉ်မှူး ၂ ဦးကို ဆက်လက် ရှာဖွေခဲ့ရာ ဗိုလ်မှူး ကောင်းထိုက်၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ဗိုလ်ကြီး သော်ဇင်စိုး၏ ခန္ဓာကိုယ်တွင်ဝတ်ဆင်သွားသည့် အသုံးအဆောင်ပစ္စည်းများကို တွေ့ရှိရသည့်အတွက် လေယာဉ်မှူး ၂ ဦးစလုံး ကျဆုံးခဲ့သည်ဟု တပ်မတော်ဆေးအဖွဲ့က အတည်ပြုခဲ့ခြင်း ဖြစ်သည်။ “လေယာဉ်ပျက်ကျခဲ့တဲ့ လျှိုထဲမှာ ဗိုလ်မှူး ကောင်းထိုက်ရဲ့အလောင်းကို တွေ့ရတယ်။ ဗိုလ်ကြီး သော်ဇင်စိုးက တော့ အလောင်းမတွေ့ရပေမယ့် သူဝတ်ဆင်ခဲ့တဲ့ လတ်ပတ်နာရီနဲ့ တခြားအသုံးအဆောင်တွေ တွေ့ရတဲ့ အတွက် လေယာဉ်မှူး ၂ ဦး စလုံးကျဆုံးခဲ့ပြီလို့ ဆေးအဖွဲ့က အတည်ပြုလိုက်တယ်။ ဗိုလ်မှူး ကောင်းထိုက်အလောင်းကိုတော့ လေယာဉ်ပျက်ကျတဲ့နေရာမှာပဲ စစ်အခမ်းအနားနဲ့ သဂြိုဟ်ပြီး အရိုးပြာကို ပြန်သယ် သွားမှာပါ”ဟု လေယာဉ်ရှာဖွေရေးအဖွဲ့တွင် ပါဝင်သည့် တပ်မတော်အဆင့်မြင့်အရာရှိတဦးက ဧရာဝတီကို ပြောသည်။ တပ်မတော်(လေ) မှ လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ်အား လေယာဉ်မှူး ဗိုလ်မှူး ကောင်းထိုက်နှင့် တွဲဖက်လေယာဉ်မှူး ဗိုလ်ကြီး သော်ဇင်စိုးတို့ မောင်းနှင်၍ စက်တင်ဘာ ၅ ရက် နံနက်ပိုင်းက ပုသိမ်-ဟင်္သာတ-ဂွ-ပုသိမ် လမ်းကြောင်း အတိုင်း လေ့ကျင့်ပျံသန်းစဉ် နံနက် ၉ နာရီ ၁၈ မိနစ်တွင် ပုသိမ်မြို့၏ အနောက်မြောက်ဘက် ၃၅၀ ဒီဂရီ၊ အကွာအဝေးအားဖြင့် ၃၆ မိုင်ခန့်အကွာ၌ ပုသိမ်လေဆိပ်နှင့် နောက်ဆုံး အဆက်အသွယ်ရရှိပြီး ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပျောက်ဆုံးဂျက်လေယာဉ်အား တပ်မတော်တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် မြေပြင်တွင် ဂွမြို့အခြေစိုက် အမှတ် ၅၆၂၊ ၅၆၃ ခြေလျင်တပ်များဖြင့် နေ့စဉ်ရှာဖွေခဲ့ရာ ရှာဖွေမှု ၄၄ ရက် မြောက်နေ့တွင် လေယာဉ်နှင့် ဆက်သွယ်မှုပြတ်တောက်ခဲ့သည့်နေရာ၏ မြောက်ဘက် ၅ မိုင် (ပျံသန်းရေးလမ်းကြောင်း၏ နောက်ကြောင်းပြန် ၅ မိုင်) အကွာ တောထူထပ်သည့် လျှိုထဲတွင် လေယာဉ်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ လေယာဉ်ပျက်ကျသည့်နေရာတွင် G-4 လေယာဉ်အစိတ်အပိုင်းများ ပြန့်ကျဲနေပြီး လေယာဉ်ဦးခေါင်း အစိတ်အပိုင်း၊ ဘီး ၁ လုံး၊ တောင်ပံအပိုင်း ၂ ခု၊ ထိုင်ခုံ၊ လေထီး၊ စက်ပစ္စည်းအပိုင်းအစ များနှင့် PT2 တံဆိပ်ပါ ဘူး ၁ ဘူး တို့ကို လေယာဉ်ရှာရေးအဖွဲ့များက တွေ့ရှိသိမ်းဆည်းထားကာ လေယာဉ်ပျက်ကျသည့် အကြောင်းအရင်းကို စစ်ဆေးဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။ ပျက်ကျခဲ့သည့် G-4 ဂျက်လေယာဉ်မှာ လွန်ခဲ့သည့် ၃ နှစ်ကတည်းက ဗိုလ်မှူးကောင်းထိုက် ကိုယ်တိုင် လေ့ကျင့် ပျံသန်းမောင်းနှင်ခဲ့သည့် လေယာဉ်ဖြစ်ပြီး ယခုနှစ် သင်ကြားရေးကာလတွင်လည်း အဆိုပါ လေယာဉ်ဖြင့်ပင် နည်းပြဆရာ ဗိုလ်မှူးကောင်းထိုက် ကြီးကြပ်မှုဖြင့် သင်တန်းသားများကို လေ့ကျင့်မောင်းနှင် ပေးနေသည့် လေယာဉ်ဖြစ်ကြောင်း သိရသည်။ ဗိုလ်မှူးကောင်းထိုက်မှာ ရှမ်းပြည်နယ် နမ့်စန်လေယာဉ်မောင်းသင်တန်းကျောင်း အမှတ်စဉ် ၆၄ လေယာဉ်မောင်း သင်တန်း တက်ရောက်အောင်မြင်ခဲ့သူဖြစ်ပြီး မင်္ဂလာဒုံလေတပ်စခန်းတွင် တာဝန် ထမ်းဆောင်ခဲ့ပြီးနောက်၂၀၀၇ ခုနှစ်က စတင်၍ ပုသိမ်လေတပ်စခန်းဌာနချုပ်တွင် တာဝန်ထမ်းဆောင်နေသူ လေသူရဲတစ်ဦး ဖြစ်ကြောင်း သိရသည်။ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့သည့် ဗိုလ်မှူး ကောင်းထိုက်တွင် ဇနီးနှင့် သမီးလေးတဦး ကျန်ရစ်ခဲ့ပြီး ဗိုလ်ကြီး သော်ဇင်စိုးတွင် ဇနီးဖြစ်သူ ကျန်ရစ်ခဲ့ကြောင်း သိရသည်။ ပျက်ကျခဲ့သည့် G-4 လေယာဉ်မှာ ၁၉၈၄ ခုနှစ်တွင် ယူဂိုဆလားဗီယားနိုင်ငံမှ ထုတ်လုပ်သည့် တပ်မတော် လေ့ကျင့်ရေးလေယာဉ် အမျိုးအစားဖြစ်ပြီး နာမည်အပြည့်အစုံမှာ SoKo G-4 Super Galeb ဖြစ်ကာ တန်ကြေးမှာ ၂၀၁၀ ခုနှစ်ဈေးနှုန်းအရ အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ သန်း တန်ဖိုးရှိကြောင်း သိရသည်။ G-4 လေယာဉ်များကို ယူဂိုဆလားဗီယားနိုင်ငံမှ ၁၉၈၄ မှ ၁၉၉၁ ခုနှစ် အထိ ၈ နှစ်တာအတွင်း လေယာဉ် စုစုပေါင်း ၈၅ စီး တည်ဆောက်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့တပ်မတော်မှ လေယာဉ် ၆ စီး ဝယ်ယူအသုံးပြုထားကာ လက်ရှိတွင် အဆိုပါ G-4 လေယာဉ်များကို ဆားဘီးယားလေတပ်၌လည်း အသုံးပြုလျှက်ရှိကြောင်း သိရသည်။ The post တပ်မတော် G-4 လေယာဉ်မှူး ၂ ဦး ကျဆုံးကြောင်း အတည်ပြု appeared first on ဧရာဝတီ.
Source : http://ift.tt/2zED7Ju
via IFTTT

No comments:

Post a Comment