ရခိုင်အရေး သတင်းတင်ဆက်မှု အစိုးရထုတ်ပြန်ချက်များသာ ကိုးကားရဟု MID အစီရင်ခံစာထုတ်ပြန် ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်များနှင့်ပတ်သက်၍ မီဒီယာများ၏ သတင်းတင်ဆက်မှုတွင် အစိုးရနှင့် တပ်မတော် ထုတ်ပြန် ချက်များကိုသာ အဓိက ကိုးကားဖော်ပြကြကြောင်း အောက်တိုဘာ ၁၂ ရက်က သတင်းထုတ်ပြန်လိုက်သည့် Myanmar Institute for Democracy (MID) ၏ ကြားဖြတ်အစီရင်ခံစာအရ သိရသည်။ လွတ်လပ်စွာရေးသားဖော်ပြခွင့်နှင့် မီဒီယာလွတ်လပ်ခွင့်တို့အတွက် ရည်ရွယ်ဆောင်ရွက်နေသော အဖွဲ့အစည်း တခုဖြစ် သည့် MID ၏ ‘ရခိုင် ပဋိပက္ခအရေး မီဒီယာတင်ဆက်မှု လေ့လာစောင့်ကြည့်ခြင်း (ကြားဖြတ်အစီရင်ခံစာ)’ သတင်းထုတ် ပြန်ပွဲကို အောက်တိုဘာ ၁၂ ရက်၊ မွန်းလွဲပိုင်း ၃ နာရီခန့်က ရန်ကုန်မြို့ Orchid Hotel တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အစီရင်ခံစာသည် ရခိုင်ပဋိပက္ခဖြစ်စဉ်များ စတင်ဖြစ်ပွားသည့် သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၈ ရက်အထိ ၁၅ ရက်တာ ကာလအတွင်း သတင်းမီဒီယာ ၁၂ ခုတို့၏ သတင်းတင်ဆက်မှုများမှ သတင်းရင်းမြစ် ရယူအသုံးပြုတင်ပြမှုကို လေ့လာဆန်းစစ် တင်ပြထားခြင်းဖြစ်ကြောင်း MID ၏ ဒါရိုက်တာအဖွဲ့ဝင် ဦးမျိုးမင်းဇော်က မီဒီယာများသို့ ပြောသည်။ လေ့လာစောင့်ကြည့်ခဲ့သည့် မီဒီယာ ၁၂ ခုတွင် ရုပ်မြင်သံကြားလိုင်း ၄ လိုင်း (MRTV, Myawaddy TV / အစိုးရပိုင်, DVB, Up to Date) ၊ ရေဒီယိုလိုင်း ၂ လိုင်း (မြန်မာ့အသံ/အစိုးရပိုင်၊ BBC /မြန်မာပိုင်း)၊ သတင်းစာ ၄ စောင် (မြန်မာ့အလင်း၊ Eleven, The Voice, 7 Day) နှင့် အင်တာနက်သတင်းမီဒီယာ ၂ ခု (Irrawaddy, Mizzima) တို့ပါဝင်ကြောင်း သိရသည်။ “ဘယ်သူကတော့ ဘာဖြစ်ပါတယ်ဆိုပြီး အပြစ်တင်ဖို့အတွက်ကို ကျနော်တို့ report တွေ တင်ပြနေတာမဟုတ်ဘူး။ ဒီမှာရှိ တဲ့ မီဒီယာဖွံ့ဖြိုးမှုဖြစ်အောင် လိုအပ်ချက်တွေရှိရင်လည်း လိုအပ်ချက်တွေက ဘာတွေရှိနေတယ်။ ဘာတွေအခက်အခဲဖြစ် နေတယ်ဆိုတာကို တင်ပြထားခြင်းဖြစ်ပါတယ်” ဟု ဦးမျိုးမင်းဇော်က ရှင်းပြသည်။ ယခုထုတ်ပြန်လိုက်သော အစီရင်ခံစာပါ တွေ့ရှိချက်များမှတဆင့် မီဒီယာနယ်ပယ်တခုလုံး၏ အရည်အသွေးတိုးတက်မှု၊ ကျင့်ဝတ်လိုက်နာမှုနှင့် ယုံကြည်အားထားရသောမီဒီယာများ ဖြစ်ပေါ်လာစေရေးအတွက် အထောက်အပံ့ဖြစ်စေမည်ဟု လည်း MID ၏ ဒါရိုက်တာအဖွဲ့ဝင်များက ပြောဆိုသည်။ MID ၏ အစီရင်ခံစာသည် မီဒီယာများ၏ သတင်းရင်းမြစ် ရယူအသုံးပြုတင်ပြမှုကို အဓိကထား လေ့လာဆန်းစစ်ခြင်းဖြစ်ရာ သတင်းရင်းမြစ်အမျိုးအစား ၁၉ ခု ခွဲခြားထားသည်ကို တွေ့ရသည်။ ရခိုင်ပြည်နယ် ပဋိပက္ခအရေး သတင်းတင်ဆက်မှုအပိုင်းတွင် ပြည်တွင်းရှိ အစိုးရပိုင်နှင့် ပုဂ္ဂလိကပိုင်မီဒီယာများသည် ကန ဦးတွင် ပဋိပက္ခဖြစ်ပွားရာဒေသသို့ တိုက်ရိုက်သတင်းရယူ တင်ဆက်နိုင်ခြင်းမရှိဘဲ အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ကြေညာချက်များကိုသာ ကိုးကားဖော်ပြရကြောင်း အစီ ရင်ခံစာတွင် ဖော်ပြထားသည်။ ဆက်လက်၍ အစိုးရအစီအစဉ်အဖြစ် ပဋိပက္ခဖြစ်ပွားရာဒေသသို့ သတင်းသွားရောက်ရယူခွင့် ရပြီးနောက်ပိုင်းမှသာ ပုဂ္ဂ လိကပိုင်မီဒီယာအများစုသည် ဒေသရှိ သတင်းထောက်များ၏ တိုက်ရိုက်သတင်းပေးပို့မှုများကို တင်ဆက်နိုင်သည်ကို တွေ့ရ ကြောင်း၊ သတင်းရင်းမြစ်ကိုလည်း ပိုမိုစုံလင်စွာတင်ပြကြပြီး လွတ်လပ်သော သတင်းရင်းမြစ်များမှ အသံများကိုလည်း ပိုမိုတင်ပြနိုင်ရန် အားထုတ်ခဲ့သည်ကို တွေ့ရကြောင်း တင်ပြထားသည်။ ပြည်တွင်းသတင်းမီဒီယာများ (အစိုးရပိုင်/ပုဂ္ဂလိကပိုင်)၏ သတင်းဖော်ပြမှုများတွင် ရင်းမြစ်ရယူအသုံးပြုမှုမှာ ပဋိပက္ခဖြစ်စဉ် အတွင်းပါဝင်သော အဓိက ဘက်နှစ်ဖက်မှ ရင်းမြစ်များကို မျှတစွာ လက်လှမ်းမီရယူတင်ဆက် အသုံးပြုနိုင်ခြင်း မရှိသည် ကိုလည်း တွေ့ရကြောင်း အစီရင်ခံစာတွင် ထောက်ပြထားသည်။ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းက ရခိုင်ပဋိပက္ခအရေးတွင် မီဒီယာများသည် အကန့်အသတ်၊ အခက်အခဲ မျိုးစုံကြောင့် ဘာမျှသိပ်မလုပ်နိုင်ခဲ့ဘဲ တပ်မတော်နှင့် အစိုးရထုတ်ပြန်ချက် ၉၀ ရာခိုင်နှုန်းလောက်ကို ပြန်ဖော်ပေးသကဲ့သို့ ဖြစ်နေကြောင်း၊ ဖြစ်စဉ်နေရာသို့ သွားရောက်သတင်းမယူနိုင်မှုကြောင့် သတင်းရင်းမြစ်များကို ရှုထောင့်ပေါင်းစုံမှ ဖော်ပြနိုင် မှုများမရှိကြောင်း ပြောဆိုသည်။ “ဒါပေမယ့် အဆိုးဆုံးက ကျနော်တို့ အကုန်လုံးချို့ယွင်းတာတခုက ချို့ယွင်းချက်အကြီးမားဆုံးပေါ့။ အဲဒါကလည်းပဲ ဒီ MID Report ထဲမှာ မဖော်ပြထားဘူး။ ချို့ယွင်းချက်က ဘာလဲဆိုတော့ အစိုးရရဲ့ထုတ်ပြန်ချက်တွေကို ကျနော်တို့က မေးခွန်းမ ထုတ်ခဲ့ဘူး။ ဒါတွေဟာ မှန်သလား မှားသလား မေးခွန်းမထုတ်ဘဲ ဒါတွေဟာ ခိုင်လုံတိကျတဲ့ သတင်းတွေပါဆိုတဲ့ ပုံစံမျိုးနဲ့ ကိုးကားပြီးတော့မှ ပြည်သူလူထုကို ချပြပေးတယ်။ အဲဒီလိုချပြပေးခြင်းဟာ ကျနော်တို့ သတင်းမီဒီယာသမားတွေ လုပ်ရတဲ့ တာဝန်ဝတ္တရားတွေ ပျက်ယွင်းခဲ့တယ်လို့ ပြောလို့ရပါတယ်” ဟု ၎င်းက ပြောသည်။ MID ၏ အစီရင်ခံစာအရ မီဒီယာအများစုသည် UN အပါအဝင် နိုင်ငံတကာ အစိုးရများ၊ သံတမန်များ၏ သဘောထားများ၊ ထုတ်ပြန်ချက်များကို ဖော်ပြမှုများ၊ ပဋိပက္ခဖြစ်ပွားရာဒေသများရှိ တိုင်းရင်းသားများ၏ အသံများကို တင်ပြမှုများရှိခဲ့သော် လည်း တဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားကြသော ဘင်္ဂါလီ (ရိုဟင်ဂျာ) များ၏ သတင်းများကို ရယူတင်ပြပေးနိုင် ခြင်း အလွန်နည်းပါးသည်ကို တွေ့ရကြောင်း သိရသည်။ မီဒီယာများအနေဖြင့် သတင်းတင်ဆက်ရာတွင် အချိန်နှင့်တပြေးညီ မတင်ဆက်နိုင်ခြင်း၊ သတင်းရင်းမြစ်စုံလင်မှု ဘက်ညီမှု အားနည်းခြင်း၊ အစိုးရရင်းမြစ်ကိုသာ အဓိကအားကိုးနေရခြင်းတို့သည် သတင်း၏ မှန်ကန်တိကျမှု၊ ဓမ္မဓိဌာန်ကျမှုတို့အပေါ် မေးခွန်းထုတ်ဖွယ်ဖြစ်စေသော အဓိကအကြောင်းရင်းဖြစ်သောကြောင့် မီဒီယာများအနေဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသတွင် အချိန်နှင့်တပြေးညီ သတင်းရယူခြင်းနှင့် သတင်းရင်းမြစ်များကို စုံလင်အောင်ထိတွေ့ရယူရာတွင် တွေ့ကြုံနေရသည့်အကန့် အသတ် အတားအဆီးများကို နိုင်ငံတော်အစိုးရအနေဖြင့် ကူညီဖယ်ရှားပေးသင့်ကြောင်း MID ၏ အစီရင်ခံစာတွင် အကြံ ပြုထားသည်။ The post ရခိုင်အရေး သတင်းတင်ဆက်မှု အစိုးရထုတ်ပြန်ချက်များသာ ကိုးကားရဟု MID အစီရင်ခံစာထုတ်ပြန် appeared first on ဧရာဝတီ.
Source : http://ift.tt/2yht0tH
via IFTTT
No comments:
Post a Comment