NCA နှစ်ပတ်လည်ပွဲ အပစ်မရပ်သေးသည့် အဖွဲ့များ မတက်ဖြစ်တော့ နေပြည်တော်တွင် ပြုလုပ်မည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးမှု ၂ နှစ် ပြည့် နှစ်ပတ်လည်ပွဲကို အပစ်မရပ်ရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် တက်ဖြစ်တော့မည် မဟုတ်ကြောင်း သတင်းရရှိသည်။ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့အကြား NCA ရေးထိုးခဲ့သော ၂ နှစ်ပြည့် နှစ်ပတ်လည်ပွဲကို အောက်တိုဘာ ၁၅ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး ထိုပွဲကို တက်ရောက်ရန် အပစ်မရပ်သေးသော အဖွဲ့များကို ဖိတ်ကြားထားသော်လည်း နီးကပ်မှ ဖိတ်ကြား၍၊ ပြင်ဆင်ချိန်မရခြင်း၊ အဖွဲ့အားလုံးကို မဖိတ်ခြင်း ဆိုသည့် အကြောင်းပြချက်များဖြင့် မတက်ဖြစ်တော့ကြောင်း သိရသည်။ NCA ရေးထိုးမှု ၂ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို အပစ်မရပ်သေးသော အဖွဲ့များ တက်ရောက်ရန်အတွက် အစိုးရနှင့် အပစ်ရပ် ၈ ဖွဲ့က ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တို့အကြား ယခုလ ၁၀ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးပြီးနောက် အတည်ပြုဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။ အချိန်နီးကပ်မှ ဖိတ်ကြားလာခြင်းကြောင့် ပြင်ဆင်ချိန်မရ၍ မတက်ရောက်တော့ရန် ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစုဘက်က ပြောသည်။ UNFC တပ်ပေါင်းစုတွင် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ လားဟူ ဒီမိုကရက်တစ် ယူနီယံ (LDU) နှင့် ရခိုင်အမျိုးသားကောင်စီ (ANC) တို့ပါဝင်ပြီး အစိုးရနှင့် အပစ်ရပ်နိုင်ရေးအတွက် ဆွေးနွေးနေဆဲဖြစ်သည်။ UNFC အဖွဲ့ကို ဖိတ်ကြားခဲ့သလို တရုတ်-မြန်မာ နယ်စပ်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကိုလည်း ဖိတ်ကြား ခဲ့သော်လည်း ထိုအဖွဲ့များက ၎င်းတို့ ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ညှိနှိုင်း ဆွေးနွေးရေး ကော်မတီ (FPNCC) အနေဖြင့် ဖိတ်ကြားခြင်းမဟုတ်ဘဲ အဖွဲ့တချို့ကိုသာ သီးခြားခွဲ၍ ဖိတ်ကြားသဖြင့် မတက်ဖြစ်တော့ဟုဆိုသည်။ FPNCC တွင် ‘ဝ’ ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလား အဖွဲ့ (NDAA)၊ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA)နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ ပါဝင်သည်။ The post NCA နှစ်ပတ်လည်ပွဲ အပစ်မရပ်သေးသည့် အဖွဲ့များ မတက်ဖြစ်တော့ appeared first on ဧရာဝတီ.
Source : http://ift.tt/2g6WJ0i
via IFTTT
No comments:
Post a Comment