Tuesday, December 26, 2017

7Day News Journal

ကုလသမဂ္ဂသို့ ထောက်ပံ့ငွေ ဒေါ်လာ ၂၈၅ သန်း လျှော့ချသွားမည်ဟု အမေရိကန် အတည်ပြု ကုလသမဂ္ဂထံ ထောက်ပံ့ငွေကို လာမည့်နှစ်တွင် ဒေါ်လာ ၂၈၅ သန်း ဖြတ်တောက် လျှော့ချသွားရန် ညှိနှိုင်းထားကြောင်း အမေရိကန်က အတည်ပြုခဲ့သည်။ ကုလသမဂ္ဂ၏ အမေရိကန် နိုင်ငံဆိုင်ရာ သံအမတ် နစ်ကီဟာလေက ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်က ကုလသမဂ္ဂသို့ ထောက်ပံ့နေသည့် ငွေကြေးများကို သိသာထင်ရှားသည့် ပမာဏ တစ်ရပ်အဖြစ် ဒေါ်လာ ၂၈၅ သန်း လျှော့ချသွားမည်ဟု ကြေညာသည်။ ထို့အပြင် ကုလသမဂ္ဂ၏ စီမံခန့်ခွဲမှုနှင့် ထောက်ပံ့ရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် အမေရိကန်၏ ပါဝင်ဆောင်ရွက်မှုများပါ လျော့နည်းသွားလိမ့်မည်ဟု ဟာလေက ပြောကြားသွားသည်။ ဟာလေက ဖြတ်တောက်လျှော့ချမည့် ငွေကြေးပမာဏကို ပြောကြားသွားသော်လည်း ဘတ်ဂျတ် သတ်မှတ်ချက် တစ်ခုအတွက် လျှော့ချခြင်း ဟုတ်မဟုတ်နှင့် မည်သည့် ကဏ္ဍများတွင် ထိခိုက်မှု ရှိလာနိုင်မည်ဆိုသော အခြေအနေများကို ရှင်းရှင်းလင်းလင်း မသိရသေးချေ။ ဟာလေက ကုလသမဂ္ဂတွင် လိုသည်ထက်ပို၍ ငွေကြေး သုံးစွဲမှုများ ရှိနေခြင်းနှင့် ဆက်စပ်၍ ဘဏ္ဍာငွေ မလုံလောက်မှုများ ရှိနေသည်ကို နားလည်ထားကြောင်း၊ ယင်းအခြေအနေအတွက် အမေရိကန် ပြည်သူများ၏ ရက်ရော သဘောကောင်းမှုကို အခွင့်အရေး ယူသကဲ့သို့ ဖြစ်နေခြင်းအပေါ် လက်ခံမည် မဟုတ်ကြောင်း ဆိုသည်။ သူမက လက်ရှိ ညှိနှိုင်းထားသည့် ဘတ်ဂျတ် ဖြတ်တောက်မှု အခြေအနေကို အမေရိကန်က လက်တွေ့ ကျင့်သုံးရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် အမေရိကန်ကို ဆန့်ကျင်ပြီး မဲပေးခဲ့ကြသည့် ကိစ္စနှင့် ပတ်သက်၍ အမေရိကန်က ဘဏ္ဍာရေး ထောက်ပံ့မှုများ လျှော့ချသွားမည်ဟု ဟာလေရော၊ သမ္မတ ဒေါ်နယ်လ် ထရမ့်ကပါ သတိပေးထားခဲ့သည်။ ထရမ့်က ဂျေရုဆလင်မြို့ကို အစ္စရေး၏ မြို့တော်အဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ခြင်းအပေါ် ပြန်လည် ရုပ်သိမ်းရန် အဆိုကို ကုလသမဂ္ဂ၌ မဲခွဲဆုံးဖြတ်ရာ နိုင်ငံပေါင်း များစွာက အမေရိကန်ကို ဆန့်ကျင်ပြီး မဲပေးခဲ့ကြသည့်နောက် ရက်ပိုင်းအတွင်း ဟာလေက ဘဏ္ဍာငွေ အထောက်အပံ့ လျှော့ချမည့် အစီအစဉ်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။
Source : http://ift.tt/2DdvdrA
via IFTTT

No comments:

Post a Comment