မူလတန်း ကျောင်းသားတဦး ၏ မျက်နှာ ဒဏ်ရာရစေသည့် ဆရာမကို စာသင်ကြားခွင့် ယာယီရပ်ဆိုင်း စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့ရှိ အ.လ.က (၄) ကျောင်းတွင် တက်ရောက် ပညာသင်ကြားနေသော ဒုတိယတန်း ကျောင်းသားတဦး၏မျက်နှာ ဒဏ်ရာရရှိစေရန် ပြုလုပ်သော ဆရာမကို စာသင်ကြားခွင့် ယာယီရပ်ဆိုင်း လိုက်ကြောင်း ကလေးမြို့ ပညာရေးမှူး ဦးစန်းယုက ဧရာဝတီသို့ ပြောသည်။ ဒီဇင်ဘာလ ၆ ရက်က အဆိုပါ ဒုတိယတန်း ကျောင်းသားကို အတန်းပြ ဆရာမတဦးက ဆုံးမရာတွင် ပါးပြင် နှင့် နဖူးကို လက်သည်းများဖြင့် ဆိတ်၍ ဆုံးမမှု သတင်း ဓာတ်ပုံနှင့်အတူ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ယခုကဲ့သို့ အရေးယူမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ကလေးမြို့ပညာရေးမှူး ဦးစန်းယုက “ကျနော် ယာယီ ဒုတိယတန်း ဖြစ်တဲ့အတွက် ဒုတိယတန်း သင်ကြားခွင့်ကိုတော့ ယာယီ ပိတ်ပင်ထားပါတယ်။ နောက်ကို ဒီလိုပြုမှု ဆောင်ရွက်မှုမျိုး မရှိအောင်ပေါ့။ ကတိဝန်ခံချက် ဆောင်ရွက်ထားပါ တယ်။ ဒါကျနော်တို့ အတိုင်းအတာအရ ကျနော်တို့ ဒီလိုလုပ်ထားပါတယ်။ ပြီးရင်တော့ အထက်ကနေပြီးတော့ ဘာလုပ်ပါ ဆိုပြီးတော့ ညွန်ကြားချက်လာမှ သာလျှင် ဆက်ပြီးတော့ ညွန်ကြားချက်အတိုင်း ဆောင်ရွက်မှာဖြစ်ပါတယ်”ဟု ပြောသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၆ ရက်နေ့က အ.လ.က (၄) ကျောင်း၏ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ စိစစ်ထား သော အချက်များကို မိမိအနေဖြင့် စစ်ဆေးခဲ့သလို ကျောင်းသားနှင့် ကျောင်းသားမိဘ အပါအဝင် ဆရာမကို ခေါ်တွေ့၍ ဆွေးနွေး ပေးခဲ့ကြောင်းလည်း ၎င်းက ရှင်းပြသည်။ “ကျနော် မနေ့က (ဒီဇင်ဘာ ၆ ရက်) သွားတဲ့ အချိန်မှာ ဒီကျောင်းရဲ့ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ဆိုတာ ရှိတယ်။ အဲ့ဒီ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ရဲ့ ရှေးဦး လုပ်ထားတာတွေလည်း ကျနော်က စိစစ်တယ်၊ စစ်ဆေးတယ်။ ပြီးတော့မှ ဆရာမ ကိုလည်း ခေါ်တွေ့တယ်။ ကျောင်းသားကိုလည်း ခေါ်တွေ့တယ်။ မိဘကိုလည်း ခေါ်ပြီးတော့မှ ကျနော်တို့ ဘယ်လိုလဲ ဘယ်လို အခြေအနေရှိသလဲ။ ဒီအဖြစ်အပျက်ကတော့ ဒီလိုဖြစ်သွားတယ်။ ဒါပြောပြတယ်၊ ညှိနှိုင်းတယ်။ ဒီကိစ္စနဲ့ ပတ်သက် လို့ သူတို့ မိဘတွေ အနေနဲ့ကတော့ စေတနာ၊ ကရုဏနာနဲ့ဖြစ်သွားတဲ့ ကိစ္စပါပေါ့။ ကျမတို့ ဘာမှ ပြောစရာ အကြောင်း မရှိဘူးဆိုပြီးတော့ ပြောသွားတယ်”ဟု ပညာရေးမှူး ဦးစန်းယုက ပြောပြသည်။ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ချင်းတိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီး လာလ်ထောင်ထန်း ကလည်း ကလေးမြို့ ရှိ အ.လ.က (၄) ကျောင်းမှ ကျောင်းသားတဦး၏ မျက်နှာအား အတန်းပြဆရာမတဦးက လက်သည်းဖြင့် ဆိတ်ကာ ဆုံးမ သည် ဆိုသော ဖြစ်ရပ်ကို အသေးစိတ် မသိရသေးကြောင်း၊ တိုင်းဒေသကြီးရှိ ပညာရေးမှူးကို တွေ့ဆုံ၍ မေးမြန်းသွားမည် ဖြစ်ကြောင်း ပြောသည်။ “ဒီနေ့ မုံရွာသွားမယ်။ မုံရွာသွားပြီးတော့ တိုင်းပညာရေးမှူးကို တွေ့ပြီးတော့ ကျနော် စုံစမ်းကြည့်လိုက် ဦးမယ်။ ဆရာမ လည်း ချင်းလို့ ပြောတယ်။ အဲ့ဒါ ကျနော် ဂဃဏနတော့ မသိဘူး။ ကျနော် စုံစမ်းလိုက်ဦးမယ်။ မုံရွာမှာရှိတဲ့ ပညာရေးမှူးရုံး ကို သွားရောက် တွေ့ဆုံဆွေးနွေးမယ်။ လူမှုရေးဝန်ကြီးကနေ တိုင်းပညာရေးမှူးကို မေးကြည့်လိုက်မယ်”ဟုလည်း ၎င်းက ပြောဆိုသည်။ ညီမျှခြင်းမြန်မာ အဖွဲ့၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက လက်ရှိရေးဆွဲနေသော ကလေးသူငယ်ဆိုင်ရာ ဥပဒေ မူကြမ်းတွင် ကလေးများကို ရိုက်နှက် နှိပ်စက်၍ ဆုံးမခြင်း မပြုရဘူးဆိုသည်ကို အတိအလင်း ဖော်ပြထားကြောင်း၊ သို့သော် ဥပဒေ သည် ယခုအချိန်တွင် အသက်မဝင်သေး၍ တိတိကျကျ ကိုင်တွယ် ဖြေရှင်းရန် ခက်ခဲကြောင်း ပြောသည်။ “ပညာရေးဌာနရဲ့ မူဝါဒထဲမှာ ကလေးတွေအပေါ်မှာ ကလေးအခွင့်အရေးနဲ့ အပြည့်အဝ ရရှိဖို့အတွက် ကြိုးစား လုပ်ဆောင် ရမှာ ဖြစ်တဲ့အတွက် နောက်မဖြစ်ဖို့ ကျောင်းတွေမှာရှိတဲ့ ကျောင်းအုပ် ဆရာကြီးတွေ အကုန်လုံးကို သတိထားရမယ့် အချက် တွေ ဆွေးနွေးပွဲတွေ၊ ပညာပေးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သင့်တယ်လို့ ယူဆပါတယ်”ဟုလည်း ၎င်းက ဆက်ပြောသည်။ ထို ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကလေးမြို့ ပညာရေးမှူးရုံးမှ စစ်ဆေးတွေ့ရှိထားသော အချက်အလက်များကို သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့များနှင့် လွှတ်တော် ကိုယ်စားလှယ်များထံ အစီအစဉ်ခံစာ ပေးပို့ထားပြီးဖြစ်၍ မည်သို့ ဆက်လက် ဆောင်ရွက်သွားမည် ဆိုသော ညွန်ကြားချက်ကို စောင့်နေကြောင်း ကလေးမြို့ ပညာရေးမှူး ဦးစန်းယုက ပြောဆိုသည်။ The post မူလတန်း ကျောင်းသားတဦး ၏ မျက်နှာ ဒဏ်ရာရစေသည့် ဆရာမကို စာသင်ကြားခွင့် ယာယီရပ်ဆိုင်း appeared first on ဧရာဝတီ.
Source : http://ift.tt/2AAJLmZ
via IFTTT
No comments:
Post a Comment