ထောက်ကြန့် စားသောက်ဆိုင် လက်ရောက်မှု အာမခံရမည် မဟုတ် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် တောင်ပိုင်းရပ်ကွက်ရှိ လမင်းသာ ၂ စားသောက်ဆိုင်တွင် နိုဝင်ဘာလ ၂၈ ရက်နေ့က သံဃာတပါးအား ဝိုင်းဝန်း ထိုးကြိတ်ခဲ့သူ ၂ ဦးသည် အာမခံ ရလိမ့်မည် မဟုတ်ကြောင်း ရန်ကုန်တိုင်း ရဲမှူး ဦးလှဝေ က ဧရာဝတီသို့ ပြောသည်။ ရဲမှူး ဦးလှဝေ က “ပုဒ်မ ၂၉၅-က အရ ကျနော်တို့ အာမခံပေးလို့ မရပါဘူးခင်ဗျ၊ အားလုံးက အချုပ်မှာပါ ခင်ဗျ။ အခု လောလောဆယ်တော့ အင်းစိန် အကျဉ်းထောင်မှာပါ” ဟု ဧရာဝတီသို့ ပြောသည်။ ထောက်ကြန့် တောင်ပိုင်းရပ်ကွက်ရှိ လမင်းသာ ၂ စားသောက်ဆိုင်တွင် နိုဝင်ဘာလ ၂၈ ရက်နေ့က လှည်းကူးမြို့နယ်၊ ဘုရားသုံးဆူကျေးရွာ၊ ရမ္မာဝတီကျောင်း တိုက်နေ သက်တော် ၆၉ နှစ်အရွယ် ဆရာတော် ဥူးဣန္ဒကအား ဆိုင်ပိုင်ရှင် ဦးအောင်မိုးနှင့် ဆိုင်တွင် ရောက်ရှိနေသူ ဦးမြင့်ကျော် ဆိုသူတို့က ဝိုင်းဝန်းထိုးကြိတ်ခဲ့ရာ Facebook လူမှုကွန်ရက်ပေါ်မှတဆင့် သတင်းပြန့်နှံ့သွားကာ လူအများ စိတ်ဝင်စားမှုရခဲ့သည်။ ၎င်းနောက် ဥူးဣန္ဒကအား ထောက်ခံသူများက သတင်းစာရှင်းလင်းပွဲလုပ်လာခဲ့ပြီး ယင်းသတင်းစာရှင်းလင်းပွဲတွင် ဉူးဣန္ဒက၏ လက်ဆွဲအိတ်အတွင်းမှ ငွေကျပ် ၅ သိန်းပျောက်ဆုံးခဲ့ကြောင်း ပြောဆိုမှုများလည်း ထွက်ပေါ်လာသည်။ သတင်းစာ ရှင်းလင်းပွဲအပြီး အလှူရှင်များစွာ ပေါ်ထွက်လာကာ ဥူးဣန္ဒကအား အလှူငွေများ ပေးအပ်ခဲ့ကြပြီး နောက်ပိုင်းတွင်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အမျိုးသမီးကော်မီတီကပင် ဥူးဣန္ဒကကို သွားရောက်တွေ့ဆုံပြီး နဝကမ္မ အလှူငွေ ၁၀ သိန်းလည်း ပေးအပ်လာခဲ့သည်။ မည်သို့ပင်ဆိုစေ ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ထောက်ကြန့် နယ်မြေရဲစခန်းက လူတစား ကိုးကွယ်သည့် ဘာသာ သာသနာ ညိုးနွမ်းစေမှု ပုဒ်မ (၂၉၅/၂၉၅-က)၊ သာမန်လက်နက်နှင့် သာမန် နာကျင်စေမှု ပုဒ်မ (၃၂၃)၊ ပစ္စည်းကို မရိုးမဖြောင့်သော သဘောဖြင့် အလွဲသုံးစားမှု ပုဒ်မ (၄၀၃)၊ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီသူ ရှိနေခြင်း ပုဒ်မ (၁၁၄) တို့ဖြင့် အမှုဖွင့်ကာ အရေးယူဆောင်ရွက်ခဲ့သည်။ ရဲတပ်ဖွဲ့၏ တရားဝင် သတင်းထုတ်ပြန်ချက်အရ လမင်းသာ ၂ စားသောက်ဆိုင် ပိုင်ရှင် ဦးအောင်မိုးကို ဒီဇင်ဘာ ၃ ရက်နေ့က ကနဦး ဖမ်းဆီးခဲ့ပြီး လက်ရောက်ရာတွင် ပါဝင်သူ အခြားတဦးမှာ တိမ်းရှောင်နေသဖြင့် စုံစမ်းစစ်ဆေးခဲ့ကြသည်။ သတင်းအရ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်သို့ မြောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့၊ မှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များနှင့် လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့ဝင်များက ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ အောင်လံကုန်းကျေးရွာ၊ အောင်မြေတောရ ကျောင်းတိုက်တွင် ဝင်ရောက်ဖမ်းဆီးရာ အသက် ၄၃ နှစ်အရွယ် (ဦး)မြင့်ကျော်(ခ) မြင့်သိန်း အား ဒီဇင်ဘာလ ၅ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ၎င်းမှာလည်း လမင်းသာ ၂ စားသောက်ဆိုင်ထဲတွင် အရိုက်ခံရသူကဲ့သို့ ကျောင်းထိုင် ဆရာတော် တပါးဖြစ်ပြီး ခမုံရွာမ၊ ခမုံကျေးရွာအုပ်စု၊ အေးမြစံပျော် ကျောင်းတိုက်မှ ကျောင်းထိုင် ဥူးပညာသာရ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ရဲတပ်ဖွဲ့၏ စစ်ဆေးပေါ်ပေါက်ချက်အရ ဉူးပညာသာရမှာ လူမှုရေးကိစ္စများ၊ အရက်သေစာ သောက်စားခြင်းများ မကြာခဏပြုလုပ်တတ်၍ ကျေးရွာနှင့် အဆင်မပြေသော ဘုန်းကြီးတပါးဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်ဟု ဆိုသည်။ ယခု ပြစ်မှုကျူးလွန်ရာ နေရာသို့လည်း Facebook တွင် ရည်းစားဖြစ်သူနှင့် ချိန်းတွေ့ရန် လူဝတ်လဲ၍ ထောက်ကြန့်လမ်းဆုံရှိ လမင်းသာ ၂ စားသောက်ဆိုင်သို့ ရောက်ရှိ သောက်စားနေစဉ် ယခုပြစ်မှုအား ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းသို့ ပြစ်မှုကျူးလွန်ခဲ့ပြီးနောက် လက်ပံတန်းသို့ ပြန်၍ သင်္ဃန်းပြန်ဝတ်ကာ အေးမြစံပျော် ကျောင်းတွင် ဟန်မပျက် နေထိုင်ခဲ့သော်လည်း Facebook ပေါ်တွင် ထောက်ကြန့်ရှိ စားသောက်ဆိုင်ဖြစ်စဉ်များ ပြန့်နေ၍ ဖမ်းဆီးခံရမည်ကို ကြောက်ရွံ့သဖြင့် အောင်လံကုန်းရွာ၊ အောင်မြေတောရကျောင်းတိုက်တွင် တိမ်းရှောင်နေခြင်း ဖြစ်ကြောင်း သိရသည်။ ဥူးပညာသာရကို ဖမ်းဆီးရမိသည့်နေ့မှာပင် ထိုကျောင်း၌ ကျောင်းတိုက်ဆရာတော် ဥူးဝဇီရာနန္ဒထံတွင် သိက္ခာချ၍ လူဝတ်လဲခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ထိုဖြစ်စဉ်တွင် ထောက်ကြန့် တောင်ပိုင်းရပ်ကွက်ရှိ ကမ္ဘောဇဘဏ်တွင် ငွေတသိန်း အပ်နှံပြီး ပြန်ထွက်လာသော ဥူးဣန္ဒကသည် လမင်းသာ စားသောက်ဆိုင်ထဲသို့ဝင်ကာ ဘီယာတောင်းဝယ်ရာ ဘုန်းကြီး အတုဟု စွပ်စွဲရာမှ စကားများပြီး ဝိုင်းဝန်း ထိုးကြိတ်မှု ဖြစ်ပွားခဲ့ကြောင်း ကနဦး သတင်းများ ပျံ့နှံ့ခဲ့ပြီး ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ဥူးဣန္ဒကကို မြို့နယ် သံဃမဟာနာယက အဖွဲ့က ခေါ်ယူ၍ ဝန်ခံကတိ လက်မှတ်ရေးထိုးခိုင်းခဲ့ကြောင်း သိရသည်။ ထိုသို့ ခေါ်ယူမေးမြန်းရာတွင် ဥူးဣန္ဒကက ဆိုင်ရှင်ဖြစ်သူအား ဒေါသအလျောက် တုတ်နှင့် ရိုက်ခဲ့သည်ဟု လျှောက်ထားခဲ့ကြောင်း မင်္ဂလာဒုံမြို့နယ် နွယ်ခွေကျေးရွာ မြို့နယ် သံဃနာယက ဥက္ကဌ ဆရာတော် ဥူးသောဘဏက ဧရာဝတီသို့ မိန့်ကြားသည်။ ဥူးသောဘဏ က “စိစစ်တဲ့အခါမှာ ဆရာတော် (ဥူးဣန္ဒက) ကလည်းပဲ ဟုတ်ပါတယ်။ ဒေါသအလျောက် ရိုက်ခဲ့ပါတယ်။ ရိုက်လိုက်မိတယ်။ နောက် ဒီအကြောင်းအရာတွေကို သူ့ ဒကာ၊ ဒကာမတွေ သိမှာစိုးလို့ အကျယ်အပြန့် မဖြစ်ပါစေနဲ့ ဒီမှာတင်ပဲ ပြေငြိမ်းပါစေဆိုပြီးတော့ အဲလိုသူက မေတ္တာရပ်ခံတယ်” ဟု ဧရာဝတီသို့ မိန့်ကြားသည်။ ထိုဖြစ်စဉ်တွင် ဆရာတော် ဥူးဣန္ဒက၏ လက်ဆွဲအိတ်ထဲမှာ ပိုက်ဆံ ၅ သိန်း ပျောက်ဆုံးကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားမှုနှင့် အပါအဝင် လိုအပ်မည့် စစ်ဆေးမေးမြန်းလိုသည့် အချက်များကို အမှုစစ်က ကာယကံရှင်ဆရာတော်ကိုလည်း ခေါ်ယူ မေးမြန်းသွားလိမ့်မည်ဟု ရဲမှူး ဦးလှဝေက ပြောသည်။ ရဲမှူးက “ကျနော်တို့ကတော့ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ အညီ တပ်ထားတဲ့ ပုဒ်မတွေချည်းပါပဲ။ လူတစား ကိုးကွယ်သည့် ဘာသာ သာသနာ ညိုးနွမ်းအောင်လုပ်တယ်ဆိုတာ ပြည်သူလူထု အမြင်မှာ မတင့်တယ်ဘူးလေ။ ဒါကြောင့် သက်ဆိုင်ရာ ပုဒ်မတွေနဲ့ ရေးဖွင့်ထားတာ ဖြစ်ပါတယ်။ ဥပဒေအရလည်း လုပ်ထုံးလုပ်နည်းနဲ့ အညီ ဒီလူတွေကို တရားစွဲဆို ပေးသွားမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။ The post ထောက်ကြန့် စားသောက်ဆိုင် လက်ရောက်မှု အာမခံရမည် မဟုတ် appeared first on ဧရာဝတီ.
Source : http://ift.tt/2BUEF3k
via IFTTT
No comments:
Post a Comment