ပြည်တွင်းလေဆိပ်အချို့ အဆင့်မြှင့်တင်ရန် ကုမ္ပဏီ ၂၀ ခန့် တင်ဒါလျှောက်ထားလာ မြန်မာနိုင်ငံအတွင်းရှိ မော်လမြိုင်၊ ဟဲဟိုးနှင့်ကော့သောင်း လေဆိပ်များကို နိုင်ငံတကာ အဆင့်မီ လေဆိပ်များအဖြစ် အဆင့်မြှင့်တင် တည်ဆောက်နိုင်ရန်အတွက် Public Private Partnership စနစ်ဖြင့် ကုမ္ပဏီ တင်ဒါ Expression Of Interest (EOI) များကို ခေါ်ယူခဲ့ရာ ကုမ္ပဏီ ၂၀ ခု လျှောက်ထားကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနမှှ သိရသည်။ ”လေဆိပ်သုံးခု အဆင့်မြှင့်မယ့် စီမံကိန်းကို စိတ်ဝင်စားပြီး လျှောက်လွှာဝယ်ယူတဲ့ ကုမ္ပဏီ ၅၀ ကျော်ရှိပေမယ့် ကုမ္ပဏီနှစ်ဆယ်ပဲ လာရောက် လျှောက်ထားပါတယ်၊ လာလျှောက်တဲ့ ကုမ္ပဏီတွေထဲမှာ ပြည်ပဖက်စပ် ကုမ္ပဏီတွေ ပါဝင် သလို ပြည်တွင်း ကုမ္ပဏီတွေလည်း ပါဝင်ပါတယ်”ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့လေကြောင်း ညွှန်ကြားမှုဦးစီးဌာနမှှ တာဝန်ရှိသူတဦးက ပြောသည်။ မော်လမြိုင်၊ ဟဲဟိုးနှင့် ကော့သောင်း လေဆိပ်များ အဆင့်မြှင့်တင်ခြင်းကို ၂၀၁၈ ခုနှစ် ဧပြီလမှ စ၍ လုပ်ဆောင်သွားမည် ဖြစ်ရာ လျှောက်ထားလာသော ကုမ္ပဏီများ၏ အသေးစိတ် အချက်အလက်များကို လေ့လာ၍ တင်ဒါအောင်မြင်သည့် ကုမ္ပဏီ ၃ ခုကို အမြန်ဆုံး ရွေးချယ်၍ လွှဲပြောင်းပေးမည်ဟု သိရသည်။ လေဆိပ်များ အဆင့်မြှင်တင်ခြင်းစီမံကိန်း တင်ဒါခေါ်ယူရာတွင် မြန်မာနိုင်ငံသား ရှယ်ယာ အများဆုံးပိုင်ဆိုင်သည့် နိုင်ငံခြားကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံခြားသား ၄၀ ရာခိုင်နှုန်း၊ နိုင်ငံသားက ၆၀ ရာခိုင်နှုန်း ပိုင်ဆိုင်မှုရှိသည့် ကုမ္ပဏီဖြင့် ပူးပေါင်းလုပ်ဆောင်ရန် ရည်ရွယ်ထားပြီး အစိုးရက လုပ်ဆောင်နိုင်မည့် အပိုင်းများကို လုပ်ဆောင်ပေး သွားမည်ဖြစ်ကြောင်း၊ စီးပွားရေး Plan ရေးဆွဲခြင်း၊ ထိန်းသိမ်းခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ ကုမ္ပဏီက လုပ်ဆောင်ရမည် ဖြစ်ကြောင်း သိရသည်။ “မြို့ပြလေကြောင်း ပို့ဆောင်ရေးကဏ္ဍ လက်ရှိအချိန်ထက် ပိုပြီး ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် ရည်ရွယ်ပြီး မော်လမြိုင်၊ ဟဲဟိုး၊ ကော့သောင်း လေဆိပ်တွေကို လေဆိပ်အဆင့်မြှင့်တင်နိုင်ဖို့ ppp (Public Private Partnership ) စနစ်နဲ့ တင်ဒါအောင်ကုမ္ပဏီတွေကို အမြန်ဆုံး လွဲပြောင်းပေးသွားပါမယ်”ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့လေကြောင်း ညွှန်ကြားမှုဦးစီးဌာနမှှ ညွှန်ကြားရေးမှူးတဦးက ပြောသည်။ လေယာဉ်ကွင်းများကို အဆင့်မြှင့်တင်ရာတွင် ပြည်တွင်းကွင်းများဖြစ်နေသဖြင့် ပြည်တွင်းလေယာဉ်များ ဆင်းသက်မှုနှင့် အတူ နိုင်ငံခြားမှ စင်းလုံးငှားလေယာဉ်များ တိုက်ရိုက် ဆင်းသက်နိုင်ရန်အထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယင်းသို့ လုပ်ဆောင်ရာတွင် အပြည်ပြည်ဆိုင်ရာလေကြောင်း အဖွဲ့ချုပ်က ပြဌာန်း သတ်မှတ်ထားသည့် နည်းစနစ်များနှင့်အတူ ကွင်းများအား အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။ လေဆိပ်သုံးခု အဆင့်မြှင့်တင်ခြင်းကို ၂၀၁၈ ခုနှစ် ဧပြီလမှစ၍ တပြိုင်တည်းပြုလုပ်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ရာ လေဆိပ်များကို နိုင်ငံတကာအဆင့်မြှင့်တင်မည့် စီမံကိန်း၌ ကုမ္ပဏီနှစ်ဆယ်ပါဝင်ရာတွင် ဟဲဟိုးလေဆိပ်အတွက် ကုမ္ပဏီရှစ်ခု၊ ကော့သောင်း လေဆိပ်အတွက် ကုမ္ပဏီ ရှစ်ခုနှင့် မော်လမြိုင်လေဆိပ်အတွက်ကုမ္ပဏီလေးခု လျှောက်ထားမှု၌ ပါဝင်ထားကြောင်း သိရသည်။ စီမံကိန်း ကြာမြင့်မည့် အချိန်ကာလနှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏကို တင်ဒါအောင်မည့် ကုမ္ပဏီ ၃ ခုမှ တင်ပြသည့် အခြေအနေပေါ် မူတည်၍ သတ်မှတ်သွားမည်ဖြစ်သလို စီမံကိန်းဖော်ဆောင်ရာ၌ လိုအပ်၍ မြေယာသိမ်းရမည်ဆိုပါက မြေယာသိမ်းခြင်းအတွက် ပုဂ္ဂလိက ကုမ္ပဏီများ ဖိစီးမှုမရှိစေရန် အစိုးရမှ ဆောင်ရွက်သွားပေးမည်ဟု သိရသည်။ ယခုအခါ မြန်မာနိုင်ငံအတွင်း၌ လေဆိပ်၊ လေယာဉ်ကွင်း ၆၉ ကွင်းရှိပြီး အပြည်ပြည်ဆိုင်ရာ လေဆိပ် ၃ ခု၊ ပြည်တွင်း လေဆိပ် ၃၁ ကွင်းတွင် ပြည်တွင်း၊ ပြည်ပ လေကြောင်းလိုင်းများမှ လေယာဉ်များ ဆင်းသက်အသုံးပြုနေလျက်ရှိကြောင်း သိရသည်။ ဆက်စပ်ဖတ်ရှုရန်- ပြည်တွင်းလေဆိပ် ၃ ခု အဆင့်မြှင့်တင်မည် The post ပြည်တွင်းလေဆိပ်အချို့ အဆင့်မြှင့်တင်ရန် ကုမ္ပဏီ ၂၀ ခန့် တင်ဒါလျှောက်ထားလာ appeared first on ဧရာဝတီ.
Source : http://ift.tt/2AdWQ6Z
via IFTTT
No comments:
Post a Comment