စွပ်စွဲခံရသည့် ရခိုင်စည်ပင်ဝန်ကြီး ကိစ္စ အပြီးသတ် အစီရင်ခံစာ လွှတ်တော်သို့ ပေးပို့ နိုင်ငံတော်နှင့် ပြည်သူတို့ အကျိုးစီးပွားကို ထိခိုင်နစ်နာဆုံးရှုံးမှုများ ရှိနေသည်ဟုဆိုကာ တိုင်ကြားခံရသည့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး ဝန်ကြီး ဦးမင်းအောင်အား စုံစမ်းစစ်ဆေးထားသည့် စုံစမ်းစစ်ဆေး ရေး အဖွဲ့၏ အပြီးသတ်အစီရင်ခံစာကို ဒီဇင်ဘာလ ၁၉ ရက်နေ့ က လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြထားကြောင်း သတင်း ရရှိသည်။ “ မနေ့က နေ့လည်ပိုင်းက စုံစမ်းစစ်ဆေးလို့ ရတဲ့ အစီရင်ခံစာကို ကျနော့်ဆီကို ပေးပို့လာပါတယ်။ ဒီအပေါ်မှတော့ ကျနော့်အနေနဲ့ ဘာလုပ်မယ်။ ဘာတွေ ပါတယ်ဆိုတာတော့ ပြောလို့ မရသေးဘူး ။ တင်ပြလာတဲ့ အစီရင်ခံစာကို လေ့လာနေဆဲ ဖြစ်တယ်” ဟု ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ဧရာဝတီသို့ ပြောသည်။ စုံစမ်းစစ်ဆေးရေး အဖွဲ့ အစီရင်ခံစာပါ အကြောင်းအရာများကို ထုတ်ဖော်ပြောကြား၍မရကြောင်း ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၆၃ ( င ) အတိုင်းသာ ဆက်လက် ဆောင်ရွက်လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီး ဦးမင်းအောင်သည် ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသဖြင့် နိုင်ငံတော်နှင့် ပြည်သူတို့ အကျိုးစီးပွားကို ထိခိုင်နစ်နာဆုံးရှုံးမှုများ ရှိနေသည်ဟုဆိုကာ စည်ပင်သာယာရေး ဝန်ကြီးရာထူးမှ ရပ်စဲနိုင်ရေး ဥပဒေနှင့် အညီ ဆောင်ရွက်ပေးရန် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးက လက်မှတ်ရေးထိုးခဲ့ပြီး အချက် ၉ ချက်ဖြင့် နိုဝင်ဘာလ ၂၉ ရက်နေ့က ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင် (ခ) ဦးမောင်သန်းစိန်က “ဝန်ကြီး ဦးမင်းအောင်ကို စွပ်စွဲချက် ၉ ချက်နဲ့ ပတ်သက်ပြီး ကျနော်တို့ ခေါ်ယူစစ်ဆေးပါတယ်။ သူ့ဘက်ကတော့ ၉ ချက်လုံးကို ဖွဲ့စည်းပုံ ဥပဒေကို မချိုးဖောက်ဘူးဆိုပြီး ငြင်းတယ်။ ကျနော်တို့က အချက် တချက်ချင်း ဖြေရှင်းချက်ပေးပါ ဆိုပြီး တောင်းဆိုတော့လည်း သူ့အနေနဲ့ အခု စွပ်စွဲတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၃၆ ကို လုံးဝ ချိုးဖောက်တာ မရှိဘူးလို့ပဲ ဖြေတယ်။ အဲဒါနဲ့ စစ်ဆေးချက်ကတော့ ၁ ရက်ပဲ ။ တရက်မှာတောင် ၁ နာရီပိုင်းပဲ” ဟု ဧရာဝတီသို့ ပြောသည်။ ဝန်ကြီးဦးမင်းအောင်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ တောင်ကုတ်မဲဆန္ဒနယ် အမှတ် ၂ မှ အနိုင်ရရှိခဲ့သော ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တဦး ဖြစ်ပြီး တိုင်ကြားမှုတွင် စစ်တွေ၊ ကျောက်တော၊ ရမ်းဗြဲ၊ တောင်ကုတ် နှင့် ဂွ စသည့်မြို့နယ်များတွင် ဈေးသစ် ၅ ခုအား ဆောက်လုပ်ရန် လွှတ်တော်သို့ အသိပေးခြင်း မရှိဘဲ တင်ဒါခေါ်ယူပြီး ကုမ္ပဏီများအား လုပ်ကိုင်ခွင့် ပေးခြင်း ပါဝင်သည်။ ထို့ပြင် မောင်တောဒေသ ဖွံဖြိုးရေးလုပ်ငန်း လုပ်ကိုင်ရန် ပြည်ထောင်စုမှ ချပေးသော ဘဏ္ဍာငွေများအား မောင်တော ဒေသ တွင် အနည်းငယ်မျှသုံးစွဲပြီး တောင်ကုတ်မြို့နယ် အတွင်းသို့ ပြောင်းရွေ့ကာ တည်ဆောက်ရေး လုပ်ငန်းများကို လုပ်ကိုင်ခြင်း၊ မင်းပြားမြို့နယ်အတွင်းမှ ကူးတို့ ကိစ၊္စ စစ်တွေ မြို့နယ်ရှိ ပါဒလိတ် ကူးတို့ အရှုပ်အထွေးကိစ္စရပ်များ အပါအဝင် စသည့် အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။ အဆိုပါ ကိစ္စအပေါ် စုံစမ်းစစ်ဆေးရန် ရခိုင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်းပုံအခြေခံပုဒ်မ (၂၆၃) ပုဒ်မခွဲ (ဂ)နှင့်အညီ ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ ဦးဇော်ဇော်မြင့် က အဖွဲ့ခေါင်းဆောင်၊ လွှတ်တော်ကိုယ်စားလှယ် ၅ ဦး ပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဒီဇင်ဘာလ ၅ ရက်နေ့က ဖွဲ့စည်းတာဝန်ပေး အပ်ခဲ့ခြင်း ဖြစ်သည်။ ထိုကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ ပြည်နယ် အဆင့် ဌာနဆိုင်ရာများကို စစ်ဆေးရန် လွှတ်တော်က ခေါ်ယူခဲ့သော်လည်း စွပ်စွဲပြစ်တင်ချက်ပါ အကြောင်း အရာများကို ကာယကံရှင် ဝန်ကြီးကိုယ်တိုင် အစစ်ခံထားပြီး ဖြစ်သည့်အတွက် ဌာန ဆိုင်ရာများကို ခေါ်ယူ စစ်ဆေးရန် မသင့်ဟု ထင်မြင်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က လွှတ်တော်သို့ စာပေးပို့ လာသည့် အတွက် တခြားသော လုပ်ငန်းရှင်များနှင့်တိုင်ကြားသူများကို စစ်ဆေးပြီး တွေ့ရှိချက် အစီရင်ခံ စာများကို လွှတ်တော်ဥက္ကဋ္ဌ ထံ တင်ပြထားခြင်း ဖြစ်ကြောင်း ဦးမောင်မောင်က ရှင်းပြသည်။ ယင်းကိစ္စများနှင့် ပတ်သက်ပြီး စည်ပင်ဝန်ကြီး ဦးမင်းအောင်ကို ဧရာဝတီမှ ဆက်သွယ်ခဲ့ရာ အစည်းအဝေး လုပ်နေသည်ဟုသာ ပြန်လည် ဖြေကြားခဲ့ပြီး အသေးစိတ်မေးမြန်းခွင့် မရရှိခဲ့ပါ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၆၃ (င) ၊ (၁)တွင် တိုင်းဒေသကြီး သိုမဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ပြည်နယ် ဝန်ကြီး တဦးဦး အပေါ် သက်ဆိုင်ရာ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော်၏ စွပ်စွဲပြစ်တင်မှုနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေး အဖွဲ့က စုံစမ်း စစ်ဆေးတွေ့ရှိချက်များကို တင်ပြလာလျှင် လွှတ်တော်ဥက္ကဋ္ဌသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်ပြရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းအပြင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ဦးရေ အနည်းဆုံး သုံးပုံ နှစ်ပုံက စွပ်စွဲ ပြစ်တင်မှု မှန်ကန်၍ စွပ်စွဲခံရသူသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ပြည်နယ် ဝန်ကြီးရာထူး တွင် ဆက်လက် ထမ်းရွက်စေရန် မသင့်ကြောင့် ဆုံးဖြတ်လျှင် ဥက္ကဋ္ဌသည် ထိုဆုံးဖြတ်ချက်ကို နိုင်ငံတော် သမ္မတ ထံ တင်ပြ အစီရင်ခံ ရမည်ဖြစ်ကြောင်း ၎င်း ပုဒ်မတွင် ဖော်ပြထားသည်။ The post စွပ်စွဲခံရသည့် ရခိုင်စည်ပင်ဝန်ကြီး ကိစ္စ အပြီးသတ် အစီရင်ခံစာ လွှတ်တော်သို့ ပေးပို့ appeared first on ဧရာဝတီ.
Source : http://ift.tt/2BlekPk
via IFTTT
No comments:
Post a Comment