Thursday, December 7, 2017


ရန်ကုန်တက္ကသိုလ် ရာပြည်အကြို သိပ္ပံပွဲခင်း -၂၀၁၇ အခမ်းအနား စတင်ဖွင့်လှစ် တက္ကသိုလ်များတွင် သုတေသန ယဉ်ကျေးမှုထွန်းကားလာစေရန် ရည်ရွယ်ပြီး ကျင်းပပြုလုပ်သည့် ရန်ကုန်တက္ကသိုလ် ရာပြည်အကြို သိပ္ပံပွဲခင်း-၂၀၁၇ အခမ်းအနားအား ယနေ့(ဒီဇင်ဘာ ၇ ရက်)တွင် စတင်ဖွင့်လှစ်ခဲ့သည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားအား ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်နှင့် ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းတို့ က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို သိပ္ပံနည်းပညာဆိုင်ရာပြပွဲ "သိပ္ပံပွဲခင်း-၂၀၁၇" အား ၂၀၁၇ ဒီဇင်ဘာ ၇ ရက် မှ ဒီဇင်ဘာ ၉ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန်တက္ကသိုလ်၊ အပန်းဖြေရိပ်သာတွင် ကျင်းပသွားမည် ဖြစ်သည်။ အဆိုပါပြပွဲတွင် ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ အခြားဝန်ကြီးဌာန များနှင့် ပြင်ပကုမ္ပဏီများမှ နည်းပညာဆိုင်ရာ သုတေသန ဆိုင်ရာပြခန်း များနှင့် ခေတ်မီ သိပ္ပံဓာတ်ခွဲခန်းသုံး အထောက်အကူပြု ပစ္စည်းများကို ပြခန်း ၅၀ ကျော်ဖြင့် ပြသမည့်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၏ ဆန်းသစ်သိပ္ပံပြိုင်ပွဲ ၂၀၁၇ နှင့် Science Circus ကို ကျင်းပပြုလုပ်မည် ဖြစ်သည်။ အခမ်းအနားတွင် ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက “အဓိကကတော့ တက္ကသိုလ်ရဲ့ အသက်သည် သုတေသနဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီသုတေသန ယဉ်ကျေးမှုကိုလည်း အားပေးမြှင့်တင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဆရာ ဆရာမတွေအတွက် မွမ်းမံသင်တန်းတွေ ဆောင်ရွက်ဖို့၊ သုတေသနလုပ်ငန်းတွေ ဆောင်ရွက်တာကနေ ရရှိလာတဲ့ သုတေသနရလဒ်တွေ ကနေပြီးတော့ စာတမ်း အကြမ်းတွေ ပြုစုမယ်။ ပြီးရင် သုတေသနစာတမ်းဖတ်ပွဲတွေ ကျင်းပမယ်။ သုတေသန စာတမ်းဖတ်ပွဲမှာ ပညာရှင်တွေ ဝိုင်းဝန်းဆွေးနွေး အကြံပြုဝေဖန် သုံးသပ်တာအရ ပြန်လည်ပြီးတော့ သုတေသနစာတမ်းတွေကို ရေးသား အားပေးမြှင့်တင် ဆောင်ရွက်လျက် ရှိပါတယ်။ တက္ကသိုလ်တွေမှာ သုတေသနယဉ်ကျေးမှု ပြန်လည်ထွန်းကား လာပြီးတော့ အောင်မြင်မှု အရှိန်အဟုန်ရှိမှသာ ဆရာ ဆရာမတွေရဲ့ ဘာသာရပ်ဆိုင်ရာ သင်ကြားသင်ယူပို့ချမှု ကျွမ်းကျင်မှုနဲ့ လက်တွေ့ဘဝနဲ့ ပိုမိုနီးစပ်တဲ့ သင်ရိုးညွှန်းတန်းတွေနဲ့ သင်ညွှန်းတမ်းတွေနဲ့ သင်ကြားပို့ချနိုင်မှ တီထွင်ကြံဆနိုင်တဲ့ ကျောင်းသားမောင်မယ်တွေ လူသားကောင်းတွေ ပေါ်ထွက်လာမှဖြစ်ပါတယ်’’ ဟု ပြောဆိုခဲ့ကြောင်း Yangon Region Government သတင်းထုတ်ပြန်ချက်အရ သိရသည်။ ရန်ကုန်တက္ကသိုလ် စတင်တည်ထောင်ခဲ့သည်မှာ ၉၇ နှစ်ရှိပြီဖြစ်ပြီး လာမည့် ၂၀၂၀ ခုနှစ်တွင် နှစ်ပေါင်း ၁၀၀ ပြည့်မြောက်မည် ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်သည် အာရှနိုင်ငံများ၏ အစောဆုံးဖွင့်လှစ်ခဲ့သည့် တက္ကသိုလ် ၁၀ ခုတွင် တစ်ခုအပါအဝင် ဖြစ်ကြောင်း သိရသည်။ ဓာတ်ပုံ- Yangon Region Government The Ladies News
Source : http://ift.tt/2jo1RPM
via IFTTT

No comments:

Post a Comment