မွန်နှင့် ကရင်ပြည်နယ်မှ တိုင်းရင်းသား ဘာသာသင် ဆရာ ဆရာမများ လုပ်ခ မရ မွန်နှင့် ကရင်ပြည်နယ်တွင် တိုင်းရင်းသား ဘာသာစကား သင်ကြားပေးနေ သည့် ရာနှင့်ချီသော ဆရာ၊ ဆရာမများမှာ လစာမရသည်မှာ လပေါင်းများစွာ ကြာမြင့်ပြီ ဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်များ၏ အဆိုအရ သိရသည်။ ဧရာဝတီက ဆက်သွယ် စကားပြောခွင့်ရခဲ့သည့် မွန်ပြည်နယ်၊ ပညာရေးဝန်ကြီး ဦးမျိုးတင့်အောင်က တိုင်းရင်းသား ဘာသာစကား သင်ကြားပေးသည့် ဆရာ၊ ဆရာမများ လစာကို ပြည်ထောင်စုအစိုးရက ချထားပေးခြင်း မရှိကြောင်း ပြစ်တင် ပြောဆိုသည်။ “ပြည်ထောင်စုအစိုးရက ကျနော်တို့ကို အဲဒီ လုပ်ခလစာ အသုံးစရိတ် အတွက် ဘဏ္ဍာငွေ (ဘတ်ဂျက်) ချထားပေးခြင်း မရှိတဲ့ အတွက် ကျနော်တို့ အနေနဲ့ သူတို့ကို လစာမပေးနိုင်တာ ဖြစ်ပါတယ်” ဟု ဦးမျိုးတင့်အောင်က ပြောသည်။ “သူတို့ဘက်က တတ်နိုင်သလောက် ချထားပေးဖို့တောင် ကျနော်တို့ တောင်းဆိုပါတယ်။ သူတို့က ပေးမယ် လို့ပဲ ပြောတယ်။ ဒါပေမယ့် ဘယ်အချိန်မှ ပေးမယ်မှန်း ကျနော်တို့လည်း မသိဘူး” ဟု ဝန်ကြီးက ဖြည့်စွက် ပြောဆိုသည်။ ပြည်နယ်တွင် တိုင်းရင်းသား ဘာသာစကား သင်ကြားပေးနေသူ ဆရာ၊ ဆရာမ ၁၇၉၂ ဦး ရှိနေပြီး ယင်းတို့ အနက် ၅၉၅ ဦးမှာ မွန်ဘာသာ၊ ၄၄၅ ဦးမှာ စကော ကရင်ဘာသာ၊ ၁၆၁ ဦးမှာ ပိုး ကရင်ဘာသာနှင့် ၆၇ ဦးမှာ ပအို့ဝ်ဘာသာတို့ကို သင်ကြားလျက် ရှိကာ ကျောင်းသား၊ ကျောင်းသူဦးရေမှာ ၄၃၀၀ ထက်မနည်း ဖြစ်သည်။ ယမန်နှစ်က လူမှုအဖွဲ့တခု ဖြစ်သည့် မွန်ဘာသာစကားနှင့် ယဉ်ကျေးကော်မတီ၏ အဆိုပြုချက်ဖြစ်သည့် ဘာသာစကား သင်ကြားပေးသူ ဆရာ၊ ဆရာများကို လစဉ် ၃ သောင်းကျပ်နှုန်းဖြင့် လကုန်ရက်တိုင်း ပေးရေးကို ပြည်နယ်အစိုးရက လက်ခံ သဘောတူခဲ့သည်။ သို့ရာတွင် ပြီးခဲ့သည့် ၆ လအထိ ဘာသာစကား သင်ကြားသူဆရာ၊ ဆရာမများကို လစာပေးခဲ့ခြင်း မရှိကြောင်း မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ၏ အထွေထွေ အတွင်းရေးမှူး နိုင်မွန်ရာဇာက ဆိုသည်။ “သူတို့အတွက် လစာဘယ်မှာလဲ ဆိုတာ ကျနော်တို့သိချင်တယ်။ ကျနော်တို့ မွန်ဆရာ၊ ဆရာမတွေလည်း အစိုးရဝန်ထမ်းတွေ ပါပဲ။ အစိုးရကျောင်းဆရာ၊ ဆရာမတွေလို တန်းတူအခွင့်အရေး ရသင့်ပါတယ်” ဟု သူက ပြောသည်။ ၎င်း ကော်မတီအနေဖြင့် ဆရာ၊ ဆရာများလစာအတွက် အစိုးရထံ ကြိမ်ဖန်များစွာ တောင်းခဲ့သော်လည်း မရရှိခဲ့ကြောင်း၊ အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံခွင့် ရသည့် အခါ ဆရာ၊ ဆရာမအနေဖြင့် လစာရောက်မလာသည့်ကိစ္စ တိုက်ရိုက်ရှင်းပြကြရန် မိမိ အကြံပြုထားကြောင်း နိုင်မွန်ရာဇာက ဆက်လက် ပြောကြားသည်။ ယမန်နှစ်ကလည်း စာသင်နှစ် ၉ လ အတွက် လစာ လုံး၀ မရခဲ့ကြောင်း၊ ယင်းသို့ အကြိမ်ကြိမ် နှောင့်နှေးနေခြင်းသည် ပြည်ထောင်စုအစိုးရက တိုင်းရင်းသားများနှင့် ၎င်းတို့ ဘာသာစကားများကို အလေးထားခြင်း ကင်းမဲ့နေသည်ကို ပြသရာ ရောက်ကြောင်း၊ ၎င်း တိုင်းရင်းသားများကိုလည်း တန်းတူညီမျှ အခွင့်အရေးကို မျက်ကွယ်ပြုခြင်း ဖြစ်ကြောင်း သူက ဆက်လက် ပြောကြားသည်။ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီက တောင်းဆိုမှု အမျိုးမျိုးပြုလုပ်ခဲ့သော်လည်း အစိုးရက ပုံမှန်ကျောင်းချိန် အတွင်း တိုင်းရင်းသား ဘာသာစကား သင်ရိုးကို ခွင့်မပြုသေးပေ။ “ကျနော်တို့ တိုင်းရင်းသား ဘာသာစကားဆရာ၊ ဆရာမတွေ ပိုက်ဆံလိုတယ် လို့ ကျနော် မပြောပါဘူး။ ဒါပေမယ့် ပုံမှန် အထောက်အပံ့ ပေးနေတာမျိုး မရှိတဲ့ အတွက်ပါ” ဟု မွန်ရာဇာက ပြောသည်။ ယင်း လုပ်ခလစာ နှောင့်နှေးနေရခြင်းကို ပြည်နယ်လွှတ်တော် အတွင်း၌လည်း တင်ပြခဲ့ပြီး ဖြစ်သည်။ “ကျနော် လွှတ်တော်ထဲမှာလည်း အများကြီး ဆွေးနွေးခဲ့ပါတယ်။ ပြောရလွန်းလို့ အာပေါက် မတတ်ပဲ။ ဒါပေမယ့် လွှတ်တော်က ပြည်ထောင်စု အစိုးရဆီကနေ ဒီလစာ အထောက်အပံ့ မရတဲ့ ကိစ္စ ပြောပေးပါတယ်” ဟု ပြည်နယ် အစိုးရ၊ တိုင်းရင်းသားလူမျိုး ရေးရာ ဝန်ကြီး ဦးထွန်းမင်းအောင်က ပြောသည်။ အလားတူ နှောင့်နှေးကြန့်ကြာနေမှုမျိုး ကရင်ပြည်နယ်အတွင်း၌လည်း ဖြစ်နေကြောင်း တိုင်းရင်းသားရေးရာဝန်ကြီး ဦးမင်းတင်ဝင်း၏ အဆိုအရ သိရသည်။ ပြည်ထောင်စုအစိုးရက လာမည့် ဇန်နဝါရီလတွင် ပေးကောင်းပေးနိုင်မည် ဟု ၎င်းက ဆိုသည်။ နိုင်ငံတဝန်း တိုင်းရင်းသား ဘာသာစကားပေါင်း ၅၁ မျိုး သင်ကြားပေးနေရှိပြီး ဆရာ၊ ဆရာမ စုစုပေါင်းမှာ ၂၁၀၀၀ ဦးဖြစ်သည်။ The post မွန်နှင့် ကရင်ပြည်နယ်မှ တိုင်းရင်းသား ဘာသာသင် ဆရာ ဆရာမများ လုပ်ခ မရ appeared first on ဧရာဝတီ.
Source : http://ift.tt/2jgvFOk
via IFTTT
No comments:
Post a Comment