ကမ္ဘာ့ဖလား ဂိုးအများဆုံး သွင်းယူထားတဲ့ သြစတြေးလျ ဘောလုံးအသင်း သြစတြေးလျတိုက် အနေနဲ့ ရှိပေမယ့် ပတ်ဝန်းကျင် နိုင်ငံက နည်းပါးတာကြောင့် အာရှ ဘောလုံး အဖွဲ့ချုပ် လက်အောက်ခံ အသင်း အနေနဲ့ ထားရှိတဲ့ အခု ပြောမယ့် သြစတြေးလျ အသင်းက အာရှ အတွက် အသင်းကြီး တသင်းလို့ ဆိုရမှာပါ။ ဂျပန်၊ တောင်ကိုရီးယားလို အသင်းကောင်းတွေ ရှိပေမယ့် အရပ်အမောင်းက အစ သြစတြေးလျက သာပါတယ်။ အနောက်နိုင်ငံတွေနဲ့ ကိုယ်လုံးကိုယ်ထည်ပါ ယှဉ်နိုင်မယ့် အသင်းဆိုရင်လည်း မမှားပါဘူး။ အခုလည်း ၂၀၁၈ ကမ္ဘာဖလားမှာ အာရှနယ် အတွင်း ခြေစစ်ပွဲ အောင်ထားလို့ ဝင်ခွင့်ရထားတာကြောင့် ဒီ အသင်းအကြောင်း နည်းနည်း လေ့လာကြည့်ရအောင်ပါ။ Australian National Soccer Team လို့ နိုင်ငံ အသင်းကို ခေါ်ပါတယ်၊ လက်ရွေးစင် အသင်းကြီး အနေနဲ့ ရှိနေတာပါ။ သြစတြေးလျ ဘောလုံး အဖွဲ့အစည်းရဲ့ လက်အောက်မှာ ရှိတဲ့ အသင်းပါ။ ၂၀၀၆ ခုနှစ် အထိ သမုဒ္ဒရာပိုင်း ဘောလုံး အဖွဲ့ခွဲ Ocean Confederation ကနေ ထွက်လာခဲ့ပြီး အခုတော့ အာရှဘောလုံး အဖွဲ့ချုပ် AFC ရဲ့ လက်အောက်ခံ အဖြစ်ရော၊ ASEAN Football Federation အဖွဲ့ဝင် အသင်း အဖြစ် ရှိနေတာပါ။ အသင်းကို နာမည်ပြောင် အနေနဲ့ Socceroos လို့ ခေါ်ပါတယ်။ အသင်းမှာ လက်ရှိ အသင်းခေါင်းဆောင် အဖြစ် Mile Jedinak က တာဝန်ယူနေပြီး အိမ်ကွင်းမှာ ဆိုရင် အကျႌနဲ့ ဘောင်းဘီကို အဝါရောင် ဝတ်ဆင်တယ်၊ ခြေအိတ်ကတော့ အနက်ရောင် ဖြစ်ပြီး အဝေးကွင်းမှာက အကျႌနက်ပြာရောင်၊ ဘောင်းဘီ အနက်နဲ့ ခြေအိတ် အဝါရောင်ကို ဝတ်ဆင်ကစားတာ တွေ့ရပါတယ်။ FIFA ကနေ အဆင့်သတ်မှတ်ချက် အရ နောက်ဆုံး နိုဝင်ဘာလ အတွင်းထိအောင် ကမ္ဘာ့ အဆင့် ၃၉ မှာ ရပ်တည်နေပြီး အောက်တိုဘာလက အဆင့်ထက် ၄ ဆင့် တက်လာတာလည်း ဖြစ်ပါတယ်။ သမိုင်း တလျှောက် အမြင့်ဆုံး အဆင့် သတ်မှတ်ခံရမှု အဖြစ် ၂၀၀၉ ခုနှစ် စက်တင်ဘာလ အတွင်းက ကမ္ဘာ့အဆင့် ၁၄ ထိ ရောက်ခဲ့ဖူးတာ တွေ့ရပါတယ်။ ဒါပေမယ့် ၂၀၁၄ ခုနှစ်အတွင်း အသင်းက ခြေစွမ်းကျဆင်းပြီး စံချိန်တင် အနိမ့်ဆုံး အဆင့် ၁၀၂ ထိအောင် အဆိုပါ နှစ် နိုဝင်ဘာလ အတွင်းက ရောက်သွားခဲ့ဖူးပါတယ်။ ဥရောပ နိုင်ငံအသင်းတွေလို ဘောလုံးမှာ အစဉ်အလာကြီးမားမှု သိပ်မရှိပေမယ့် နိုင်ငံတကာ ပွဲတွေကို ၁၉၀၀ ပြည့် အစောပိုင်း ကာလကတည်းက ကစားနေခဲ့တာပါ။ သြစတြေးလျ အသင်း အတွက် ပထမဆုံး နိုင်ငံတကာပွဲကို ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်က နယူးဇီလန်နိုင်ငံ၊ ဒန်းဒင်းမှာ ကစားခဲ့ပြီး အဆိုပါ ပွဲမှာ သြစတြေးလျအသင်းက အိမ်ရှင် နယူးဇီလန်ကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့ပါတယ်။ အသင်း အတွက် ရလဒ်အကောင်းဆုံး အဖြစ် စံချိန် ဝင်နေတာကတော့ ၂၀၀၁ ခုနှစ် ဧပြီ ၁၁ ရက်နေ့ သြစတြေးလျနိုင်ငံ၊ ကောဖ့်ဟာဘာမှာ လက်ခံ ကစားတဲ့ အမေရိကန် ဆာမိုရာ (American Samoa) အသင်းနဲ့ ပွဲမှာ ၃၁ ဂိုး ဂိုး မရှိနဲ့ နိုင်ခဲ့ပြီး နိုင်ငံ အသင်းတွေထဲ မှာလည်း ဂိုးပေါင်း ၃၀ကျော် သွင်းးနိုင်တဲ့ အသင်းတသင်း အဖြစ် စာရင်း ဝင်သွားခဲ့ပါတယ်။ အသင်းငယ်လေး တွေနဲ့ ရလဒ်ကောင်းခဲ့ပေမယ့် ၁၉၅၅ ခုနှစ်က သြစတြေးလျနိုင်ငံ၊ အဒယ်လိုက်မှာ လက်ခံ ကစားတဲ့ တောင်အာဖရိကနဲ့ ပွဲမှာတော့ ၈ ဂိုး ဂိုး မရှိနဲ့ ရှုံးထားလို့ အိမ်ကွင်းမှာ မျက်နှာငယ်ထား ရပါတယ်။ ကမ္ဘာ့ပြိုင်ပွဲကိုတော့ သမိုင်းတလျှောက် ပထမဆုံး ခြေစစ်ပွဲအောင်မှု အဖြစ် ၁၉၇၄ ခုနှစ်က ဝင်ခွင့် ရခဲ့ပြီး အခု လာမယ့် ၂၀၁၈ အပါအဝင် ၅ ကြိမ် ခြေစစ်ပွဲ အောင်မြင်ထားတာ ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်က ၁၆ သင်း အဆင့်ထိအောင် တကြိမ်ရောက်ခဲ့ပြီး ဒါဟာ အသင်းအတွက် ကမ္ဘာ့ဖလားမှာ အောင်မြင်မှု အမြင့်ဆုံး ဖြစ်ခဲ့တာကြောင့် အာရှအတွက် အင်အားကြီး ဖြစ်ပေမယ့် ကမ္ဘာ့ အဆင့်မှာတော့ ဒီလောက်ကြီး အောင်မြင်မှု မရထားတဲ့ အသင်းလို့ ဆိုရမှာပါ။ အာရှဖလားမှာတော့ ၂၀၀၇ ခုနှစ် အာရှဘောလုံးအဖွဲ့ချုပ် လက်အောက်ခံ ဖြစ်လာပြီး ပထမဆုံး ဝင်ပြိုင်လာတယ်၊ အခုထိအောင် ၃ ကြိမ် ဝင်ပြိုင်ဖူးတယ်၊ ၂၀၁၅ ခုနှစ်က ချန်ပီယံ ဖြစ်ဖူးတယ်၊ ဒီလောက်ပါပဲ။ ယခင် သမုဒ္ဒရာပိုင်း ဘောလုံးအဖွဲ့ချုပ်ဖလား OFC Nations Cup မှာတော့ ၁၉၈၀ ကနေ ၂၀၀၆ ခုနှစ် ထိ ပါဝင်မှုတွေ လုပ်ဆောင်ခဲ့ပြီး စုစုပေါင်း ၆ ကြိမ် ဝင်ပြိုင်တယ်၊ ၁၉၈၀၊ ၁၉၉၆၊ ၂၀၀၀ နဲ့ ၂၀၀၄ တွေမှာ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ Confederation ဖလားကိုတော့ ၁၉၉၇ ကတည်းကနေ အခုထိ ၄ ကြိမ် ဝင်ပြိုင်ပြီး ၁၉၉၇ ခုနှစ်က ဒုတိယရဖူးပါတယ်။ အသင်း အတွက် မှတ်တမ်းကတော့ သြစတြေးလျဟာ ဘောလုံး အဖွ့ဲချုပ် ၂ ခုရဲ့ လက်အောက်မှာ နေဖူးတယ်၊ အဆိုပါ အဖွဲ့ချုပ် ၂ ခုကနေ ကျင်းပတဲ့ ပြိုင်ပွဲတွေကို ဝင်ပြိုင်ဖူးပြီး ဆုဖလားတွေ ရယူထားနိုင်တဲ့ ကမ္ဘာပေါ်က တခုတည်းသော အသင်းပါ။ ဒါကလည်း OFC လက်အောက်မှာ နေချိန် ဖလား ၄ လုံးရခဲ့ပြီး အခု AFC လက်အောက်မှာ အာရှဖလား တလုံး ရထားတာ ကြောင့် ဖြစ်ပါတယ်။ အသင်း အတွက် အဓိက ပြိုင်ဘက်ကတော့ အိမ်နီးချင်းလည်း ဖြစ်တယ်၊ ပထမဆုံး နိုင်ငံတကာ ပြိုင်ပွဲမှာ ရှုံးပွဲတွေ့စေခဲ့တဲ့ အသင်းလည်း ဖြစ်တဲ့ နယူးဇီလန်ပါ၊ ၂၀၀၆ ခုနှစ်ထိအောင် OFC လက်အောက်ခံ အသင်း အဖြစ် နေချိန်က ဒီနှစ်သင်းဟာ မကြာခဏ ဆုံတွေ့ကြပြီး ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပေမယ့် အခုနောက်ပိုင်းတော့ ဘောလုံး အဖွဲ့ချုပ် နယ်ပယ် မတူတော့လို့ သိပ်ပြီး ထိပ်တိုက် မတွေ့ကြတော့ပါဘူး။ သြစတြေးလျအသင်း ၂၀၀၆ နောက်ပိုင်း AFC ရောက်လာအပြီး အဓိက ပြိုင်ဘက်က ဂျပန် ဖြစ်လာပါတယ်။ ၂၀၀၆ ခုနှစ် ကမ္ဘာ့ ဖလားမှာ တအုပ်စုတည်းကျပြီး ပြိုင်ဆိုင်မှု ပြင်းထန်လာခဲ့ရာ ကနေ AFC ရဲ့ အခြား ပြိုင်ပွဲတွေမှာ တွေ့ဆုံတိုင်း ရေကုန်ရေခမ်း ကစားတတ်ကြတာ တွေ့ရပါတယ်။ အထူးသဖြင့် ၂၀၁၁ ခုနှစ် အာရှဖလား ဗိုလ်လုပွဲမှာ တွေ့တယ်၊ ၂၀၁၀၊ ၂၀၁၄ နဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ တွေ့ဆုံပြီး ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပါတယ်။ အသင်း အတွက် ပွဲ အများဆုံး ကစားပေးထားသူ အဖြစ်ကတော့ Mark Schwarzer ဖြစ်ပြီး သူက ပွဲပေါင်း ၁၀၉ ပွဲထိ ပါဝင် ကစားထားပါတယ်။ Tim Cahill ကတော့ ၁၀၄ ပွဲ ကစားထားပြီး ဒုတိယနေရာမှာ ရှိနေပါတယ်။ ကာဟေးလ်က နာမည်ကြီး တိုက်စစ်မှူး တဦး ပီပီ အသင်း အတွက် ဒုတိယမြောက်ပွဲ အများဆုံး ကစားထားပေးသလို ဂိုးအများဆုံး သွင်းယူပေးထားသူ လည်း ဖြစ်ပါတယ်။ ပြိုင်ပွဲစုံမှာ အသင်း အတွက် ဂိုး ၅၀ သွင်းပေးထားပါတယ်။ လက်ရှိမှာ သြစတြေးလျ အသင်းက အထက်မှာ ပြောခဲ့သလို နိုင်ငံ အသင်းပွဲတွေထဲမှာ ဂိုးအများဆုံး သွင်းယူထားနိုင်တဲ့ အသင်း အဖြစ် စံချိန်တင်နေသလို တပွဲတည်း ဂိုး အများဆုံးသွင်းယူနိုင်တဲ့ ကစားသမားရှိရာ အသင်း အဖြစ် စံချိန်တင်နေပါတယ်။ အထက်မှာ ပြောခဲ့သလို အမေရိကန်ဆာမိုရာ နဲ့ ပွဲမှာ ၃၁ ဂိုးထိအောင် သွင်းလို့ အသင်းက စံချိန်တင်သလို အဆိုပါ ပွဲမှာ တဦးတည်း ၁၃ ဂိုးသွင်းခဲ့တဲ့ Archie Thompson နဲ့ ၈ ဂိုးသွင်းခဲ့တဲ့ David Zdrilic တို့က တပွဲချင်း ဂိုးအများဆုံး သွင်းနိုင်သူတွေ အဖြစ် မှတ်တမ်းဝင်နေတာပါ။ ဒီပွဲမတိုင်ခင် ၂ ရက်အလိုမှာ အသင်းကပဲ Tonga နဲ့ပွဲမှာ ၂၂ ဂိုး ဂိုးမရှိနဲ့ နိုင်ထားပြီး စံချိန်တင်ထားပေမယ့် ၂ ရက်အတွင်း မိမိ စံချိန် မိမိ ထပ်ချိုးပြီး အခုချိန်ထိအောင် ဘယ်အသင်းမှ လိုက်မမီသေးတဲ့ စံချိန်သစ်ကို တင်ထားတာလည်း ဖြစ်ပါတယ်။ Ref: http://ift.tt/1nTw5C9 The post ကမ္ဘာ့ဖလား ဂိုးအများဆုံး သွင်းယူထားတဲ့ သြစတြေးလျ ဘောလုံးအသင်း appeared first on ဧရာဝတီ.
Source : http://ift.tt/2COn5h9
via IFTTT
No comments:
Post a Comment