ရခိုင်ပြည်နယ်တွင် ချင်း(ဂျင်း) သီးနှံစမ်းသပ်စိုက်ပျိုးမည် အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များပူးပေါင်း၍ ရခိုင်ပြည်နယ်ရှိ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မောင်းတောနှင့် ဘူးသီးတောင် မြို့နယ်များတွင် ပြည်ပတင်ပို့နိုင်မည့် ချင်း (ဂျင်း) သီးနှံကို လာမည့် မတ်လ၌ ရှေ့ပြေးစီမံကိန်း အနေဖြင့် စမ်းသပ်စိုက်ပျိုးမည် ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မှ သိရသည်။ မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမာန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်း အတွင်းရေး မှူး ဦးကျော်သူက “လာမယ့် ချင်း(ဂျင်း) စိုက်ရာသီဖြစ်တဲ့ မတ်လနဲ့ ဧပြီလလောက်မှာ ပိုက်လော့ပရောဂျက် အနေနဲ့ပဲ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၄ ခုမှာ စမ်းပြီးတော့ ၁ ဧက၊ ၂ ဧကလောက်စီပဲ စစိုက်မှာဖြစ်တယ်။ ချင်း(ဂျင်း) မျိုးတက်တွေ ကတော့ ရှမ်းပြည်ဘက်က ဖြစ်တယ်။ စိုက်ပျိုးတဲ့ နည်းပညာကတော့ ကျနော်တို့ အသင်းအောက်မှာရှိတဲ့ ချင်း(ဂျင်း) အစုအဖွဲ့အသင်းက ပေးမှာဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။ အကြမ်းဖျင်းရွေးချယ်ထားသည့် မြို့နယ် ၄ ခုတွင် ကျောက်တော်အများပိုင်ကုမ္ပဏီနှင့် ရခိုင်ပြည်နယ်သမဝါယမ လီမိတက်တို့မှ စမ်းသပ်စိုက်ပျိုးနိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုထည့်ဝင်မည် ဖြစ်ပြီး စိုက်ပျိုးမည့် ချင်း (ဂျင်း) တက်များကို ကုန်သည်စက်မှု အသင်း (UMFCCI) မှ ပိသာချိန် ၁ ထောင်၊ ရခိုင်ပြည်နယ် စက်မှုကုန်သည် အသင်းမှ ပိသာချိန် ၁ ထောင် ပေးမည်ဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ ၎င်းက “မြန်မာပြည်ကထွက်တဲ့ ၈၀ ရာခိုင်နူန်းကို ဘင်္ဂလားဒေရှ့်ကို ပို့တယ်။ ပို့တဲ့အခါမှာ ရှမ်းပြည်နယ်က စိုက်တဲ့ ချင်း (ဂျင်း) ကို ဝယ်ပြီး တဆင့်ပို့နေတာ။ ဒါကြောင့် ကျနော်တို့အသင်းကနေ ဝယ်ပြီး ရခိုင်ပြည်နယ်မှာ စိုက်ဖို့ လုပ်တာဖြစ်တယ်။ ဒီလိုလုပ်ရင် သယ်ယူပို့ဆောင်စရိတ် သက်သာပြီး အမြတ်ပို ကျန်မယ်။ အခု ဟဲဟိုးက ချင်း (ဂျင်း)က ကွန်တိန်နာ ၂ လုံးလောက် အမေရိကန်ကို လာမယ့်နှစ်မှာ တင်ပို့ဖို့ ရှိတယ်။ ဂျာမနီဘက်က ဝယ်ဖို့ ကမ်းလှမ်းထားတာလည်း ရှိနေတယ်။ ဈေးကွက်ကတော့ အခိုင်အမာရှိတယ်”ဟု ပြောသည်။ အဆိုပါ စမ်းသပ်စိုက်ပျိုးမှု အောင်မြင်သည်နှင့် ဒေသခံတောင်သူများကို တိုးချဲ့စိုက်ပျိုးစေမည်ဖြစ်ပြီး ဝယ်ယူသူနှင့် တောင်သူများအကြား အာမခံ စာချုပ်များ ချုပ်ဆိုနိုင်ရေးအတွက်လည်း ကြားခံ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်အသင်း မှ သိရသည်။ ရေရှည်တွင် ချင်း(ဂျင်း) အခြေခံ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် အထိရည်ရွယ်ထားပြီး အကောင်အထည်ဖော်နိုင်ရေးအတွက် စီမံကိန်းတရပ်ရေးဆွဲကာ ရခိုင်ပြည်နယ် အစိုးရသို့ တင်ပြသွားမည် ဖြစ်ကြောင်း ပြည်နယ်အစိုးရ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးကျော်အေးသိန်းကလည်း ရှင်းပြသည်။ လက်ရှိအချိန်တွင် မြန်မာနိိုင်ငံမှ ချင်း(ဂျင်း) နှစ်စဉ် တန်ချိန်အားဖြင့် ၂ ထောင်ကျေုာ်မှ ၃ ထောင်ခန့် ကို အမေရိကန်၊ ယူရုတ်နိုင်ငံများ၊ ဂျပန်နှင့် ဘင်္ဂလားဒေရှ့် နိုင်ငံများသို့ တင်ပို့ိလျက် ရှိရာ အမေရိကန်ဒေါ်လာ ၃ သန်းကျော်ခန့် ပြည်ပ ဝင်ငွေ ရရှိနေသည်။ ချင်း(ဂျင်း) စိုက်ပျိုးမှု ၁ ဧကအတွက် မျိုးအပါအဝင် စိုက်ပျိုးစရိတ် ကုန်ကျမှုစုစုပေါင်းမှာ ကျပ် ၁၀ သိန်းမှ ၁၅ သိန်း အထိကုန်ကျပြီး အထွက်နူန်းမှာ ပုံမှန်အားဖြင့် ၁ ဧကလျှင် ချင်း(ဂျင်း) စိမ်း ပိသာ ၈၀၀၀ ဝန်းကျင် ထွက်ရှိကာ လက်ရှိပေါက်ဈေးနှင့်တွက်လျှင် ကျပ်သိန်း ၄၀ မှ ကျပ်သိန်း ၅၀ အထိ ရရှိနိုင်ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ပြီး ချင်း(ဂျင်း) စိုက်ပျိုးသည့် နည်းပညာများ ဖြန့်ဖြူးပေးခြင်း အပြင် မြန်မာပြည် ပြည်မ ဝယ်ယူသုံးစွဲနေရသည့် အခြားသော သီးနှံများဖြစ်သည့် ဟင်းသီးဟင်းရွက်များ၊ ငရုတ်၊ အာလူးစသည့် တို့ကိုလည်း စိုက်ပျိုးထုတ်လုပ်နိုင်သုံးစွဲနိုင်ရန် အတွက် လုပ်နေကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။ The post ရခိုင်ပြည်နယ်တွင် ချင်း(ဂျင်း) သီးနှံစမ်းသပ်စိုက်ပျိုးမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2CLTF2Z
via IFTTT
No comments:
Post a Comment