မြောက်ကိုရီးယားအား ကုလသမဂ္ဂက ပိတ်ဆို့အရေးယူမှုသစ်များ ထပ်မံချမှတ် တရုတ်၏ ထောက်ခံမှုနှင့်အတူ ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ဒီဇင်ဘာ ၂၂ ရက်က မြောက်ကိုရီးယားအား ပိတ်ဆို့ အရေးယူမှုအသစ်များ ထပ်မံချမှတ်လိုက်သည်။ ထိုပိတ်ဆို့မှုသစ်များသည် မြောက်ကိုရီးယား၏ ဒုံးကျည်နှင့် နျူကလီးယား အစီအစဉ်များအတွက် အသက်တမျှ အရေးပါသော ရေနံတင်ပို့မှုများကို ကန့်သတ်ပိတ်ပင်မည် ဖြစ်သည်။ ပိတ်ဆို့အရေးယူမှုသစ် ချမှတ်ရန် ဆုံးဖြတ်ချက်ကို လုံခြုံရေးကောင်စီတွင် ကန့်ကွက်သူ မရှိဘဲ အတည်ပြု ချမှတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယင်းသည် ယခုနှစ်အတွင်း ကုလသမဂ္ဂက မြောက်ကိုရီးယားအား ချမှတ်ခဲ့သော တတိယမြောက် အရေးယူပိတ်ဆို့မှုများ ဖြစ်လာခဲ့သည်။ မြောက်ကိုရီးယားနှင့် အမေရိကန်တို့မှာလည်း ကိုရီးယားကျွန်းဆွယ်တွင် ပဋိပက္ခများ အဆုံးသတ်ရေးအတွက် စေ့စပ်ညှိနှိုင်းလိုသည့် သဘောထားရှိ ကြောင်း လက္ခဏာ တစ်စုံတစ်ရာ မပြသသေးပေ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယခုကဲ့သို့ ပိတ်ဆို့မှုသစ် ချမှတ်လိုက်နိုင်ခြင်းကို ကြိုဆိုဂုဏ်ပြုခဲ့ပြီး တံခါးပိတ်ဝါဒီ မြောက်ကိုရီးယားကို ငြိမ်းချမ်းရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းဝန်း တိုက်တွန်းခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။ “မြောက်ကိုရီးယားကို အရေးယူပိတ်ဆို့မှုတွေ ထပ်မံချမှတ်ခြင်းကိုလုံခြုံရေးကောင်စီထဲမှာ ၁၅- ၀ နဲ့ မဲခွဲအတည်ပြုခဲ့ပါတယ်။ ကမ္ဘာကြီးက ငြိမ်းချမ်းရေးကိုပဲ လိုလားပြီး ပျက်စီးခြင်းကို မလိုလားပါဘူး” ဟု ထရန့်က Twitter ပေါ်၌ ရေးသားခဲ့သည်။ ပိတ်ဆို့မှုသစ်သည် မြောက်ကိုရီးယားသို့ တင်ပို့သော သန့်စင်ပြီးရေနံထုတ်ကုန်များ၏ ၇၅ ရာခိုင်နှုန်းနီးပါးကို ပိတ်ပင်မည်ဖြစ်ပြီး ရေနံစိမ်းတင်ပို့မှုများကိုလည်း ကန့်သတ်မည်ဖြစ်သည်။ ထို့အပြင် ကင်ဂျုံအွန်အစိုးရအတွက် အကျိုးအမြတ်ဖြစ်စေရန် ပြည်ပတွင် လာရောက်အလုပ်လုပ်နေသော မြောက်ကိုရီးယားနိုင်ငံသားများအားလုံးကိုလည်း ၂၀၁၉ ခုနှစ်နှစ်ကုန်တွင် နေရပ်သို့ပြန်ပို့မည်ဖြစ်သည်။ မြောက်ကိုရီးယား၏ မဟာမိတ်ဖြစ်ပြီး မြောက်ကိုရီးယားသို့အဓိက ရေနံတင်ပို့နေသည့် နိုင်ငံလည်းဖြစ်သော တရုတ်နှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ပိတ်ဆို့အရေးယူမည့် အဆိုပြုချက်ကို လုံခြုံရေး ကောင်စီ၌မဲခွဲဆုံးဖြတ်ရန် အမေရိကန်က ဒီဇင်ဘာ ၂၁ ရက်က တင်သွင်းခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယားကိုလည်း ခေတ်သစ်ကမ္ဘာတွင် ဆိုးယုတ်ခြင်း အဆိုးရွားဆုံး ဥပမာဟုလည်း ဖော်ညွှန်းကာ အမေရိကန်ဆိုင်ရာ ကုလသမဂ္ဂသံတမန် နစ်ကီဟာလေက ပိတ်ဆို့မှုသစ်များက ကင်ဂျုံအွန် အစိုးရ၏လုပ်ရပ်အား နိုင်ငံတကာက ဒေါသထွက်နေကြောင်းကို ထင်ဟပ်စေသည်ဟု ဆိုသည်။ ပြီးခဲ့သည့်လကပင် မြောက်ကိုရီးယား ၏ ရုန်းကန်နေရသည့် စီးပွားရေးကို အကြီးအကျယ်ထိခိုက်စေရန် မြောက်ကိုရီးယားသို့ ရေနံတင်ပို့မှုကို ဖြတ်တောက်ရေးအတွက် တရုတ်သမ္မတရှီကျင်ပင်းကို ထရန့်ကတောင်းဆိုခဲ့သည်။
Source : http://ift.tt/2D2KpYl
via IFTTT
No comments:
Post a Comment