MPT မှ ဒေတာမြန်နှုန်း ၂ ဆ ပိုမြန်ဆန်တဲ့ LTE+ နည်းပညာ မိတ်ဆက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ နောက်ဆုံးပေါ်နည်းပညာများနဲ့ ပိုမိုဆန်းသစ် တီထွင်ထားတဲ့ LTE+ နည်းပညာကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ပြီး မြန်မာနိုင်ငံနေရာ အနှံ့အပြားမှာ အသုံးပြုနိုင်အောင် တိုးချဲ့ သွားမယ့်အကြောင်း ယနေ့၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ စတင် မိတ်ဆက်လိုက်ပါတယ်။ MPT မှ နောက်ဆုံးပေါ် 4×4 MIMO နည်းပညာ အသုံးပြုထားတဲ့ LTE+ ကွန်ရက်ပေါ်မှာ Bandwitdth ပမာဏကို ယခင်ကထက်၂ ဆ တိုးမြှင့်လိုက်ပြီး သုံးစွဲသူများအနေနဲ့ ယခင်က ရရှိခဲ့တဲ့ နှုန်းထားထက် ၂ ဆ ပိုမိုမြန်ဆန်တဲ့ အင်တာနက်လိုင်းကို အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ “ဒီနေ့ပြုလုပ်တဲ့ပွဲကတော့ ကျနော်တို့ LTE+ အဆင့်မြှင့်တင်ခြင်း အခမ်းအနားပါ။ လောလောဆယ် ကျနော်တို့ ပေးထားတာ 4×4 MIMO ၊ တခါထပ်ပြီးတော့ 4×4 MIMO အပြင် Carrier Aggregation ပေါ့။ Carrier Frequency တွေ ပေါင်းပြီးတော့ ဒီထက်မက ပိုပြီးတော့ Data Speed မြန်အောင် နည်းပညာအသစ် မိတ်ဆက်တဲ့ အခမ်းအနား ဖြစ်ပါတယ်” လို့ MPT မှ Deputy Chief Commercial Officer ဦးသိန်းဟုတ်က ပြောပါတယ်။ အဆင့်မြှင်တင်လိုက်တဲ့ နည်းပညာနဲ့ ကိုက်ညီတဲ့ မည်သည့်ဖုန်း အမျိုးအစားဖြင့်မဆို Download/ Upload ယခင်ကထက် ပိုမိုမြန်ဆန်စွာ ပြုလုပ်နိုင်မှာဖြစ်ပြီး ကြည်လင်ပြတ်သားတဲ့ High Resolution ဗီဒီယိုများလည်း မြန်ဆန်စွာ ကြည့်ရှုနိုင်မယ်လို့ သိရပါတယ်။ “နည်းပညာ အဆင့်မြှင့်တင်မှုအပိုင်းမှာ အခု ကျနော်တို့ လက်ရှိသုံးနေတာက 4G မှာဆိုရင် 2.1GHz ကို သုံးတယ်။ နောက်တခါ 1.8 GHz ဆိုတဲ့ Carrier Frequency ကို သုံးတယ်။ နဂိုတုန်းက 2.1 မှာတော့ Bandwidth က 5 MHz လောက်ပဲရှိတာ။ 1.8 မှာ 10 MHz ချပေးတယ်ဆိုတော့ ရိုးရိုး 4G LTE မှာဆိုရင် အရင်ထက်ကို ၂ ဆ တိုးသွားမယ်။ Bandwidth တွေလည်း ၂ ဆ မြင့်လာတာကြောင့် Internet Speed တွေလည်း ၂ ဆ ပိုမြန်သွားမယ်” လို့ ဦးသိန်းဟုတ်က ဆိုပါတယ်။ အင်တာနက် အသုံးပြုခ ဈေးနှုန်းများကတော့ ပြောင်းလဲသွားမှာမဟုတ်ဘဲ နဂိုပုံမှန် ကောက်ခံနေကျ နှုန်းထားများ အတိုင်းသာ ဆက်လက်ကောက်ခံသွားမှာဖြစ်ပြီး အဆိုပါ အဆင့်မြှင့်တင်ဆောင်ရွက်မှုကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရန်ကုန်မြို့ရှိ Junction Maw Tin, Junction Square နဲ့ တော်ဝင်စင်တာ စတဲ့ ဈေးဝယ်စင်တာများမှာ စတင်သွားမယ်လို့ သိရပါတယ်။ MPT ရဲ့ LTE+ နည်းပညာ မိတ်ဆက်ပွဲ/ဓာတ်ပုံ – (သီဟတိုး/ ဧရာဝတီ) MPT မှ LTE+ ကွန်ရက်ကို မြန်မာနိုင်ငံနေရာ အနှံ့အပြားမှ မြို့နယ်ပေါင်း ၂၈၀ ရှိ သုံးစွဲသူများကို ၂၀၁၈ ခုနှစ် အကုန်မှာမှာ ဖြန့်ကျက်ပေးသွားနိုင်အောင် ဆောင်ရွက်သွားမယ်လို့သိရပြီး လက်ရှိ အဆိုပါ ၂ ဆ မြန်တဲ့ ဒေတာ အမြန်နှုန်းကို နည်းပညာကိုက်ညီတဲ့ စမတ်ဖုန်းများဖြစ်တဲ့ Huawei Mate 10 Pro, Sony Xperia ZX, Samsung S8+, Samsung S8 စတဲ့ စမတ်ဖုန်းများမှာ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ “MPT သုံးစွဲသူတွေ အဆင်မြင့်မြင့်နဲ့ ဒေတာကို Speed မြန်မြန်နဲ့ ဒေါင်းလော့လုပ်ရင်လည်း အချိန်တိုတိုနဲ့ သုံးလို့ရအောင်၊ High Speed Data တွေ သုံးနိုင်အောင် ဆောင်ရွက်ပေးတာပါ။ အဲဒီအတွက်လည်း MPT သုံးစွဲသူတွေ ကျေနပ်လိမ့်မယ် ထင်တယ်။ တခုရှိတာက Handset တော့ ရွေးတာပေါ့နော်။ ဒါတော့ Speed မြန်မြန် သုံးချင်တဲ့သူက Handset တော့ ပြောင်းသုံးရမှာပေါ့။ Speed ကတော့ ပုံမှန်ထက် ၂ ဆ ပိုမြန်သွားမယ်။ Carrier Aggregation သုံးမယ်ဆို ၃ ဆ လောက် ဖြစ်သွားမှာပါ” လို့ ဦးသိန်းဟုတ်က ဆိုပါတယ်။ မြန်နှုန်းမြင့် LTE+ နည်းပညာနဲ့ အတူ ဖုန်းခေါ်ဆိုတဲ့အခါ ပိုမိုအသံကြည်လင် ပြတ်သားပြီး နောက်ခံ ဆူညံသံ နည်းပါးသော ဖုန်းခေါ်ဆိုမှုများ ပြုလုပ်နိုင်တဲ့ Voice over LTE (VoLTE) နည်းပညာကိုပါ မိတ်ဆက်ခဲ့ပြီး MPT အသုံးပြုသူများအနေနဲ့ အဆိုပါ VoLTE နည်းပညာကိုပါ မကြာခင် တပါတည်း အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT နဲ့အတူ မြန်မာ့ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် KDDI နဲ့ Summitomo တို့အတူ ပူးပေါင်းပြီး အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပြီး အဆိုပါ ရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနိုင်ငံအတွင်း အကြီးဆုံးမားဆုံးသော ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု တခု ဖြစ်တယ်လို့ သိရပါတယ်။ The post MPT မှ ဒေတာမြန်နှုန်း ၂ ဆ ပိုမြန်ဆန်တဲ့ LTE+ နည်းပညာ မိတ်ဆက် appeared first on ဧရာဝတီ.
Source : http://ift.tt/2BSQrxU
via IFTTT
No comments:
Post a Comment